DVB Logo
Home
Lead Story
ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ပူးတွဲဦးဆောင်တာ ပိုအဓိပ္ပာယ်ရှိတယ်- ပဒိုစောကွယ်ထူးဝင်း
DVB
·
March 23, 2016
ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ပူးတွဲဦးဆောင်တာ ပိုအဓိပ္ပာယ်ရှိတယ်- ပဒိုစောကွယ်ထူးဝင်း
Donate to DVB

သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ (MPC) သက်တမ်းဟာ အစိုးရသက်တမ်းနဲ့အတူ မတ်လကုန်မှာ အဆုံးသတ်တော့ မှာဖြစ်ပါတယ်။ ဒီကာလအတွင်း မြန်မာနိုင်ငံမှာ တကြိမ်မှ မရခဲ့ဖူးတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တရပ်ကို ရရှိခဲ့ပါတယ်။ စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးနိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အစပျိုးခြေလှမ်း လှမ်းနိုင်ခဲ့ပါတယ်။ မနှစ်နိုဝင်ဘာ ပါတီစုံရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့ခွင့် ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်ဆောင်ရွက် မယ်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို ဦးဆောင်သွားမယ်လို့ ကြေညာထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကို ဆက်သွယ်မေးမြန်းပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းအပြီး ဒီလကုန်မှာ မြန်မာ့ငြိမ်းချမ်းရေးစင်တာရုံးလည်း ပိတ်တော့မယ်။ အစိုးရသစ်လက်ထက်မှာ MPC ပဲဖြစ်ဖြစ်၊ MPC လိုပဲဖြစ်ဖြစ် ပေါ်လာပြီဆိုလို့ ရှိရင် အန်ကယ်တို့တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေဘက်က ဘယ်လိုမျိုး ဖြစ်စေချင်ပါသလဲ။
“ကျနော်တို့ MPC နဲ့ပတ်သက်လို့ ကျနော်တို့သိရသလောက် ကြားတာပေါ့၊ သူတို့ ကိုယ်တိုင်ကိုတော့ ကျနော်တို့ မမေးပါဘူး။ MPC ဆိုတာက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် သမ္မတကနေပြီးတော့ ဖွဲ့စည်းထားတဲ့အစုအဖွဲ့ဖြစ်တယ်။ MPC ရဲ့ ၀န်ကြီးဦးအောင်မင်း သူတို့ကျတော့ ဒီငြိမ်းချမ်းရေး UPWC (ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ) ရဲ့ အတွင်းရေးမှူး technical သဘောလောက် ဆောင်ရွက်တာကိုး။ အခု ၃၁ ရက်နေ့မှာတော့ သူတို့နိုင်ငံတကာအစုအဖွဲ့ အထူးသဖြင့် ဥရောပသမဂ္ဂ နဲ့ကျတော့ သူတို့ စာချုပ်ချုပ်တာ ဒီလကုန်လို့ရှိရင်ပြီးသွားမယ်။ နောက်အစိုးရသစ် တက်လို့ရှိရင်တော့ ဒီ MPC ကို ဆက်ထားမလား၊ မထားဘူးလားဆိုတာ ကျနော်တို့ ဒီအစိုးရသစ်ရဲ့ လက်ထဲမှာ ပဲရှိတာကိုး။ နိုင်ငံတကာကလည်း ကျနော်တို့ ဒီလို ဘယ်ပုံစံနဲ့လုပ်မလဲဆိုတဲ့ဟာကတော့ အခုကတော့ သူတို့ရဲ့ လွန်ခဲ့တဲ့ အတွေ့အကြုံပေါ်မှာတော့ ပြောင်းလဲမှုရှိမှာပေါ့နော်။ လွန်ခဲ့တဲ့အချိန်တုန်းက Peace Support Fund (ငြိမ်းချမ်းရေး အထောက်အကူပြုရန်ပုံငွေအဖွဲ့) အနေနဲ့လုပ်တယ်၊ အခုက Trust Peace Fund အနေနဲ့ လုပ်မယ်ဆိုတော့ အစိုးရသစ်အပေါ်မှာလည်း မူတည်တာကိုး။ ကျနော်တို့သိရသလောက် အစိုးရသစ်ကတော့ MPC ကိုဆက်ထားမယ်။ ဘယ်ပုံစံဆက်ထားမလဲဆိုတာကတော့ အခုထိ ကျနော်တို့ မသိရသေးဘူးပေါ့နော်။”

ဟုတ်ကဲ့ ဦးထင်ကျော်အစိုးရက MPC ကိုပုံစံတမျိုးနဲ့ ဆက်လက်ပြီးတော့သွားမယ့်သဘောလို့ ကြားပြီးပြီလား။
“ဟုတ်ပါတယ်။ MPC ကိုဆက်ထားမယ်။ ဒါပေမဲ့ ပြန်ပြီးတော့ သူတို့ Review ပြန်လုပ်မယ်လေ။ ဘယ်လို Structure (ဖွဲ့စည်းပုံ) နဲ့ ပြန်လုပ်မယ်ဆိုတာကတော့ ကျနော်တို့လည်း မသိရဘူး။ ဒါကအခုက ဘယ်သူက တာဝန်ယူမလဲဆိုတာကိုလည်း ကျနော်တို့ ခု ထက်ထိတော့ မသိရဘူး။”

ပြီးခဲ့တဲ့ MPC မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ မပါဘူး လို့ ပြောလို့ရတယ်။ အစိုးရသစ်လက်ထက်ကျရင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ ထဲက ကိုယ်စားလှယ်တွေရော ပါဝင်နိုင်ရေး နဲ့ပတ်သက်လို့ ဘယ်လိုသဘောထားရှိလဲ။
“ငြိမ်းချမ်းရေးတည်ဆောက်တာ တဖက်တည်းနဲ့ တည်ဆောက်လို့မရဘူးပေါ့နော်။ နှစ်ဖက်စလုံး ပေါ့။ ဒါပေမယ့် ဦးဆောင်မှုကျတော့ ဘယ်လိုဦးဆောင်မလဲဆိုတာက ကျနော်တို့အခုက ဒီ NCA (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) သဘော တူညီချက် အရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရာမှာ ပူးတွဲကော်မတီဆိုတာက ဖွဲ့တယ်။ ဒါပေမဲ့ ခုထက်ထိက အဲဒီပူးတွဲတဲ့သ ဘောတော့ မသက်ရောက်သေးဘူး။ အဲသလိုပဲ အခုတက်မယ့် အစိုးရကလည်း ကျနော်တို့ဒီ ငြိမ်းချမ်းရေးတည် ဆောက်မယ်ဆိုရင် ပူးတွဲတည်ဆောက်မှပဲ၊ တဖက်သတ် တည်ဆောက်လို့ မရဘူးလေ။ ဒါကတော့ ဘယ်လိုပုံစံ နဲ့လာမလဲဆိုတာ အခုအစိုးရရဲ့ ပေါ်လစီကလည်း ကျနော်တို့မသိရသေးဘူး။ ငြိမ်းချမ်းရေးတော့ တည်ဆောက်မယ်ဆိုတာ ကျနော်တို့သိရတယ်။ ဒါပေမယ့် ဘယ်နည်းဘယ်ပုံစံနဲ့ တည်ဆောက်မလဲဆိုတာတော့ မသိဘူး။ လွန်ခဲ့တဲ့အစိုးရကတော့ ကမကထလုပ်တဲ့ ငြိမ်းချမ်းရေးပုံစံလို ဖြစ်တာကိုး။ အခုက ကျနော်တို့ ဘက်ကတော့ ဒါက နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီးဆောင်ရွက်ရမယ့်လုပ်ငန်း ဖြစ်တယ်လို့ အဲလိုမြင်တယ်။ ဦးဆောင်မှုမှာလည်း အတူတကွ ပူးပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ ဦးဆောင်တာက ပိုပြီးတော့ အဓိပ္ပာယ် ပိုရှိတာပေါ့နော် ငြိမ်းချမ်းရေးတည် ဆောက်တာ။”

အန်အယ်လ်ဒီအစိုးရသစ်က ၀န်ကြီးတွေ၊ လွှတ်တော်အကြီးအကဲတာဝန်တွေမှာ တိုင်းရင်းသား တွေ နေရာပေးရတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
“အဲဒါကတော့ ဦးထင်ကျော်တို့က ပြည်သူကနေပြီးတော့ ရွေးကောက်လာခဲ့တဲ့ သမ္မတပေါ့နော်။ လွှတ်တော်က တင်တာလေ။ ဒီတော့ သူတို့ကလည်း ပြည်သူ့ရဲ့ဆန္ဒဖြစ်တဲ့ တနိုင်ငံလုံးက လိုလားတဲ့ ငြိမ်းချမ်းရေးကတော့ သူတို့က ဦးဆောင်ပြီးလုပ် သွားမှာပဲလို့ ကျနော်တို့အဲလိုပဲ ယုံပါတယ်။ ဒါအခက်အခဲတော့ ရှိမှာပေါ့။”

တိုင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် မွန်အမျိုးသားပါတီက နိုင်သက်လွင်ကို တာဝန်ပေးခဲ့ပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီး အသစ်ပေါ်ထွက်လာမှုဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု အတွက် တအားဖြစ်စေမလားခင်ဗျ။
“တိုင်းရင်းသားရေးရာဝန်ကြီးကတော့ ကျနော်တို့ လွန်ခဲ့တဲ့ အချိန်တုန်းက တိုင်းရင်းသားရေးရာ ၀န်ကြီးဆိုတာ ပြည်နယ်အဆင့်မှာ ရှိခဲ့တယ်လေ။ ဒါပေမယ့် ပြည်ထောင်စုအဆင့်မှာ မရှိဘူး။ ဟုတ်ပြီ၊ ပြည်ထောင်စု အဆင့်မှာ တိုင်းရင်းသားဝန်ကြီးက လုပ်ပိုင်ခွင့်ဘယ်လောက်ရှိမလဲဆိုတဲ့ ကိစ္စနော်။ တကယ်တမ်းဆိုရင် ကျနော် တို့ ပြည်နယ်တို့တိုင်းတို့မှာ တိုင်းရင်းသားရေးရာဝန်ကြီး သူ့ကဏ္ဍအလိုက်ပေါ့နော်။ သူ့ကဏ္ဍဆိုတာက တချို့တိုင်းမှာ ကျတော့ ကရင်အမျိုးသားက ကိုယ်စားလှယ်၊ လူဦးရေဘယ်လောက်ရှိလဲဆိုတဲ့ ကိုယ်စားလှယ်ဆိုတဲ့ ရေးရာဝန်ကြီးတော့ ထားတယ်။ အခုက တိုင်းရင်းသားဝန်ကြီးထားတာ ဘယ်လို ၀န်ကြီးဌာနအသစ်တစ်ခု Estlabish (ထူထောင်) လုပ်လိုက်တယ်ဆိုတော့ သူ့ရဲ့လုပ်ပိုင်ခွင့်၊ သူ့ရဲ့တာဝန်ဘာလဲဆိုတာ မသိရသေးတော့ ကျနော်တို့ပြောဖို့တော့ စောပါသေးတယ်။”

တိုင်းရင်းသားရေးရာဝန်ကြီးတွေက အရင်က အလုပ်နည်းပေမယ့် အခုဖွဲ့စည်းမယ့် ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ပေါ်လာရင် ဆက်သွယ်လုပ်ကိုင်ရင် ပိုကောင်းလာနိုင်မ လား။
“အဲလိုပြောလို့တော့လည်း ရတယ်။ ဒါပေမဲ့ ဦးနုခေတ်တုန်းကလည်း တိုင်းရင်းသား ရေးရာတော့ မဟုတ်ဘူးဗျ၊ ကရင်ရေးရာဝန်ကြီးတွေ ဘာတွေရှိနေခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ဘယ် လောက်ရှိတဲ့အပေါ်မှာပဲ မူတည်တယ်ထင်တယ်။”

အန်ကယ်တို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဘာတွေများ ထူးခြားတာ ရှိသေးလဲခင်ဗျ။
“ခုလောလောဆယ်ကတော့ ခုအစိုးရသစ်ရဲ့ ဆက်ပြီးတာဝန်ယူရမယ်ဆိုတော့ ငြိမ်းချမ်းရေးဖြစ် စဉ်နဲ့ပတ်သက်ပြီး သူတို့ရဲ့ ပေါ်လစီအပေါ်မှာပဲ ကြည့်ပြီးတော့ ကျနော်တို့ ရှေ့ဆက်ဆောင် ရွက်သွား ရမှာပဲ။ ယုံကြည်တာတခုကတော့ အန်အယ်လ်ဒီ အစိုးရသစ်ကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုတာက ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကတကယ်လည်း ကျနော်တို့တိုင်းပြည်မှာလည်း လိုအပ်နေပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013