
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ရေကန်များ ရေခန်းခြောက်မှုကြောင့် သမင်ကောင်ရေ ၁၅၀၀ လောက် ရေအခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အနောက်ဘက် ၂၆ မိုင်အကွာမှာ တည်ရှိတဲ့ ဧက ၁၁၄၀၀၀ ကျော် ကျယ်ဝန်းတဲ့ ဘေးမဲ့တောအတွင်း သမင်အကောင်ရေ အများဆုံးရှိပြီး ချေ၊ ခွေးအ၊ တောဝက်၊ ကြောင်ပြင်း၊ ကြောင်ကတိုး၊ ကြောင်ဝံပိုက်၊ မြွေပါ၊ မျောက်စပ်၊ ဒေါင်းစိမ်း၊ ကြယ်လိပ်၊ လိပ်ပုပ်၊ စင်းချောလိပ် စတဲ့ တိရစ္ဆာန်များ ကျင်လည်ကျက်စား နေထိုင်လျက်ရှိပါတယ်။
ဘေးမဲ့တောအတွင်းရှိ ရေကန်တွေ ခန်းခြောက်ကုန်လို့ သမင်တွေသောက်ဖို့ သောက်ရေအခက်အခဲ ဖြစ်နေပြီး အလှူရှင်တွေ လှူဒါန်းမှုနဲ့ ရေကန်တွေမှာ ရေဖြည့်ပေးနေရတယ်လို့ တာဝန်ရှိသူတဦးက ပြောကြားကြောင်း ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ရွှေစက်တော် ဘေးမဲ့တောအတွင်း သဘာဝရေကန်ငယ် ၅ ခု၊ ရေကန်ကြီး တကန်ရှိပြီး နွေရာသီရောက်တိုင်း ရေခန်းခြောက်မှု ကြုံတွေ့နေရတာ ဖြစ်ပါတယ်။










