
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် အနောက်ဘက် ကျေးရွာ ရပ်ကွက်တွေမှာ နှစ်စဉ် နွေရာသီရောက်တိုင်း ပြည်သူတွေ သောက်သုံးရေ အခက်ကြုံတွေ့နေကြရပါတယ်။
လူဦးရေ ၁၇၀၀ လောက်ဟာ နှစ်စဉ် သောက်သုံးရေရှားပါးမှု အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး အခုနှစ် မတ်လဆန်းထဲကစလို့ သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့နေကြရတာပါ။
“ရေပဲလိုချင်တာပေါ့၊ ရေကတော်တော်ရှားတော့လေ။ ဒီကန်ကို ရေသွင်းပေးမယ် လို့တော့ပြောတယ်။ ခုထိတော့ ရေမရောက်သေးဘူး။ ရေသွင်းမယ်ဆိုပြီး ပိုက်ဆံ ကောက်တာတွေတော့ ရှိတယ်။ ခါတိုင်းနှစ်တွေကတော့သွင်းတယ်။ ဒီနှစ်က မရောက်သေးတာ၊ သွင်းတာတော့ သွင်းပေးမှာပေါ့” လို့ စက်တိုင်ကုန်းရပ်ကွက်နေ မဖူးလေးက ပြောပါတယ်။
သဲတွင်းကျေးရွာ၊ နွယ်ခွေရပ်ကွက်၊ စက်တိုင်ကုန်းရပ်ကွက်နေ ပြည်သူတချို့ကလည်း နောက်တက်လာမယ့် အစိုးရသစ် လက်ထက်ကျရင် သောက်သုံးရေရှားပါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာတွေကို ဖြေရှင်းပေးစေချင်တယ်လို့ ပြောပါတယ်။
သဲတွင်းကျေးရွာနေ ဦးမြရှင်က “ကျနော်တို့ နောင်တက်လာမယ့် အစိုးရပေါ့နော်။ အခုလို တကယ်တမ်း ရှားပါးနေတဲ့၊ တကယ်တမ်း အခက်အခဲတွေ့နေတဲ့ ကျေးရွာအနေနဲ့၊ နောက်ထပ် ထပ်ပြီး ပံ့ပိုးကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။” လို့ ပြောပါတယ်။
အခုလို သောက်သုံးရေ ရှားပါးတာတွေကြောင့် ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးဌာနနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး နေ့စဉ် မီးသတ်ကား ၇ စီးနဲ့ ရေလှူဒါန်းတာတွေကို လုပ်ဆောင်နေကြရပါတယ်။
သတင်း၊ ဓာတ်ပုံ - သူသူအောင်











