DVB Logo
Home
Lead Story
“ပါတီရည်ရွယ်ချက်၊ ဦးတည်ချက်တွေ တူတယ်ဆိုရင် ဘယ်ပါတီနဲ့ဘဲဖြစ်ဖြစ် လက်တွဲဆောင်ရွက် သွားမယ်” ဦးစိုင်းအိုက်ပေါင်း (ကျားဖြူပါတီ)
DVB
·
March 22, 2016
“ပါတီရည်ရွယ်ချက်၊ ဦးတည်ချက်တွေ တူတယ်ဆိုရင် ဘယ်ပါတီနဲ့ဘဲဖြစ်ဖြစ် လက်တွဲဆောင်ရွက် သွားမယ်” ဦးစိုင်းအိုက်ပေါင်း (ကျားဖြူပါတီ)
Donate to DVB

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ ပဉ္စမအကြိမ်မြောက် ပါတီညီလာခံကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်ကနေ ၂၁ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ ညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ပြန်လည်ရွေး ချယ်ခဲ့ရာမှာ ပါတီထိပ်ပိုင်းခေါင်းဆောင် ပြောင်းလဲမှုမရှိဘဲ ဥက္ကဋ္ဌနဲ့ ဦးစိုင်းအိုက်ပေါင်း နဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီတို့ကို မဲခွဲစနစ်နဲ့ ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ညီလာခံအပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ကြေညာချက်တစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ဆက်သွယ်မေးမြန်း ထားပါတယ်။

ပါတီညီလာခံမှာ ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဘာတွေဆုံးဖြတ်ချက်ချခဲ့ပါသလဲ။
“ကျနော်တို့ပါတီကို ဖျက်သိမ်းဖို့လည်း မရှိဘူး။ တခြားပါတီတွေနဲ့လည်း ပူးပေါင်းဖို့ မရှိဘူး။ ဒါပေမယ့် ပါတီရည်ရွယ်ချက်၊ ဦးတည်ချက်တွေ တူတယ်ဆိုရင် ဘယ်ပါတီနဲ့ဘဲဖြစ်ဖြစ် လက်တွဲဆောင်ရွက်သွားမယ်လို့ ညီလာခံမှာ ဆုံးဖြတ်ခဲ့ပါတယ်။”

ကျားခေါင်းပါတီနဲ့ ကျားဖြူပါတီ ပူးပေါင်းပြီး ရှမ်းလူမျိုးကိုယ်စားပြု တစ်ပါတီတည်း အဖြစ်ပူးပေါင်းဖို့ တောင်းဆိုကြတာလည်းရှိခဲ့တယ်။ ဒါပေမယ့် ပါတီ့ပူးပေါင်းဖို့မရှိဘူးဆိုတော့ ကျားခေါင်းပါတီနဲ့ တူညီတဲ့ ရည်မှန်းချက်တွေ လုပ်ဆောင်ချက်တွေကော ရှိပါသလား။
“ရှိပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့လိုလားတာချင်း တူတယ်။ ပြီးတော့ တိုင်းရင်းသားအခွင့်အရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စတွေမှာ လိုလားချက်တူတယ်။ ပြည်သူ အကျိုးအတွက် လက်တွဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျနော်တို့ ရှုံးနိမ့်ခဲ့ပေမယ့် လွှတ်တော်ပြင်ပကနေ နိုင်ငံရေးဆက်ပြီးဆောင်ရွက်မယ်။ ရှမ်းပြည်မှာ ရှိတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရော အခြားတိုင်းနဲ့ပြည်နယ်က ရှမ်းမျိုးနွယ်စု ပါတီတွေပါ ပါဝင်တဲ့ Shan State Political Parties ledge (ရှမ်းပြည်တိုင်းရင်းသားပါတီများ အဖွဲ့ချုပ်)ကို ဖွဲ့ပြီး အနာဂတ်နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားသွားမှာဖြစ်တယ်။ ရှမ်းပြည်ရဲ့ နိုင်ငံရေးကိစ္စကို ရှမ်းလူမျိုးစုပါတီအနေနဲ့လုပ်ရင် အောင်မြင်မှာမဟုတ်ဘူး။ ရှမ်းပြည်မှာ တခြားတိုင်းရင်းသား လူမျိုးတွေ အများကြီးရှိတယ်လေ၊ အဲဒီတော့ ရှမ်းပြည်တိုင်းရင်းသားပါတီချင်း စည်းလုံးရမှာပေါ့။ ပြီးတော့ ပြည်ထောင်စုထဲမှာရှိတဲ့ တခြားတိုင်းရင်းသားပါတီတွေနဲ့ ချိတ်ဆက်ဖို့ရာ ညီနောင် တိုင်းရင်းသားဖက်ဒရေးရှင်းပါတီနဲ့ လက်တွဲဆောင်ရွက်သွားမယ်။”

ဒီကနေ့ လွှတ်တော်မှာ အန်အယ်လ်ဒီအစိုးရက အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၁၈ နေရာအတွက် အမည်စာရင်းတွေ တင်သွင်းတယ်။ အဲဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လိုမြင်ပါသလဲ၊
“အဲဒီအမည်စာရင်းထဲမှာ တိုင်းရင်းသားနာမည်တွေပါတာ မတွေ့ဘူး။ မွန်တယောက်ဘဲတွေ့ တယ်။ နည်းတယ်လို့ ဆိုရမှာပေါ့။ အဲဒီဝန်ကြီးတွေက တိုင်းရင်းသားအရေးကိစ္စ ဘယ်လောက် ဆောင်ရွက်ပေးနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမျာပေါ့လေ။ ရှမ်းပြည်နယ် ၀န်ကြီးချုပ်နေရာ တော့ ရှမ်းဘဲဖြစ်စေချင်တယ်၊ ပါတီကတော့ ဘယ်ပါတီဖြစ်ဖြစ်ပေါ့။”

တိုင်းရင်းသားပါတီတွေအနေနဲ့ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ အစိုးရအဖွဲ့ဝင်ဖြစ်ရင် ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ထင်ပါသလား။
“အစိုးရအဖွဲ့ဝင်အနေနဲ့လုပ်ရင် ပိုပြီးကောင်းတာပေါ့။ အစိုးရမှာ အာဏာရှိတယ်လေ။”

အန်ကယ့်အနေနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရှမ်းပြည်နယ် သစ်တောဝန်ကြီး တယောက်အနေနဲ့ အစိုးရအဖွဲ့ထဲ ပါဝင်ဆောင်ရွက်ခဲ့တယ် ။ အဲဒီတုန်းက ပြည်သူအတွက် မိမိေ ဆာင်ရွက်ချက်တွေအပေါ် ကျေနပ်အားရမှုရှိခဲ့သလား။
“ကျေနပ်အားရမှု မရှိပါဘူး။ ထင်သလောက် လုပ်ပိုင်ခွင့်မရှိဘူး။ အဓိကကတော့ ၂၀၀၈ အခြေခံ ဥပဒေကြောင့်ပေါ့။ အဲဒီမှာ ဗဟိုချုပ်ကိုင်မှုအာဏာရှိနေတယ်။ ဥပမာ သစ်တောကိစ္စမှာရော သတ္တုကိစ္စမှာရော ဗဟိုက ချုပ်ကိုင်ထားတယ်။ ကျနော်တို့က အစီရင်ခံစာတင်ပြတယ်။ သဘောထားအမြင်တွေပေးတယ်။ ဒါဘဲ တခြားဘာမှလုပ်ပိုင်ခွင့် မရှိဘူး။”

အန်ကယ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အရွေးမခံရဘူးဆိုတော့ ရှေ့ဆက် ပြည်သူတွေ အတွက် ပိုပြီးဆောင်ရွက်ပေးနိုင်ပါ့မလား။
“ကျနော် လွှတ်တော်ထဲမရောက်ပေမယ့် လွှတ်တော်ပြင်ပကနေလည်း ဆောင်ရွက်ပေး နိုင်မယ်လို့ ယုံကြည်ပါတယ်။ အပြင်မှာတော့ ပိုလွတ်လပ်တာပေါ့လေ။”

ပါတီခေါင်းဆောင်တယောက်အနေနဲ့ အခုတက်မယ့်အစိုးရအပေါ် ဘာများအကြံပြုလိုပါ သလဲ။
“အန်အယ်လ်ဒီအစိုးရအနေနဲ့ အရပ်သားအစိုးရဆိုတော့ အရင်အစိုးရတွေထက်ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေထဲမှာ တိုင်းရင်းသားပါဝင်မှု အားနည်းပေမယ့် ပြည်သူ့အကျိုးကိုဆောင်ရွက်ရာမှာ တောင်ပေါ်မြေပြန့် တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပါလို့ တိုက်တွန်းချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013