DVB Logo
Home
မြန်မာသတင်း
တားမြစ်ဓာတုဆိုးဆေးများ ထိန်းချုပ်ရန်လိုကြောင်း စားသုံးသူကာကွယ်ရေးအသင်း ပြော
DVB
·
March 22, 2016
တားမြစ်ဓာတုဆိုးဆေးများ ထိန်းချုပ်ရန်လိုကြောင်း စားသုံးသူကာကွယ်ရေးအသင်း ပြော
Donate to DVB

စားသောက်ကုန်တွေမှာ အသုံးမပြုဖို့ တားမြစ်ထားတဲ့ ဓာတုဆိုးဆေး အပါအဝင် တားမြစ်ဆိုးဆေးတွေကို ပြင်ပမှာ အလွယ်တကူ ဝယ်ယူ အသုံးပြုနေကြတဲ့အတွက် ထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ပြောဆိုလိုက်ပါတယ်။

စားသောက်ကုန်တွေမှာ အများဆုံး အသုံးပြုနေတဲ့ ဆိုးဆေးတွေဟာ စားသောက်ကုန်မှာ  မသုံးဖို့ တားမြစ်ထားတဲ့ ဆိုးဆေးတွေဖြစ်ပြီး ငါးပိ၊ ရေကျိုငါးပိ၊ လက်ဖက်နဲ့ မုန့်မျိုးစုံတို့မှာ  အများဆုံး အသုံးပြုနေပါတယ်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်က “ဓာတုဗေဒပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ အန္တရာယ် ကာကွယ်တဲ့ ဥပဒေတွေမှာ ပြင်စရာတွေလိုတယ်။ အခု အပြင်မှာ ဆိုးဆေးတွေ၊ မှိုသတ်ဆေးတွေ၊ တာရှည်ခံဆေးတွေ မှိုလိုပေါက်နေတဲ့ကိစ္စတွေက၊ ၀ယ်ချင်သလို လွတ်လွတ်လပ်လပ် ၂၇ လမ်း၊ ၂၈ လမ်းမှာ ၀ယ်လို့ရနေတယ်။ ဒါတွေက မဖြစ်သင့်ဘူး" လို့ ပြောပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာတွေ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာ အရေးယူမှုအပိုင်း၊ တာဝန်ယူမှုအပိုင်း အားနည်းတဲ့အတွက် အပြင်မှာ တရားမ၀င်ဆိုးဆေးတွေ၊ တရားမ၀င် တာရှည်ခံဆေးတွေ ပြန့်ပြီး လူတွေမှာ ကင်ဆာရောဂါတွေ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုတွေ များလာတာ ဖြစ်တဲ့အတွက် အဲဒီဥပဒေတွေကို အသက်ဝင်အောင် လိုတာတွေ ဖြည့်စွက်ဖို့၊ ပြင်ဆင်ဖို့၊ ရေးဆွဲဖို့ အခုအစိုးရလက်ထက်မှာ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

လက်ရှိ တည်ဆဲဥပဒေတွေဟာ စားသုံးသူတွေအပေါ် ကာကွယ်ပေးနိုင်မှု မရှိဘူးလို့လည်း သူက ဆိုပါတယ်။

“ဥပဒေကတော့ အကာအကွယ်ပေးနိုင်တာ အခုအချိန်အထိ မရှိသေးဘူး။ ဥပဒေတွေက စာရွက်တွေပေါ်မှာ သေနေပါတယ်လို့ ပြောရမလိုပဲ၊ အသက်မ၀င်ဘူး။ နောက်တချက်က ဥပဒေကရှိတယ်၊ ဥပဒေ ပြင်ဆွဲတယ်ဆိုပေမယ့်လည်း လက်ရှိ ရှိနေတဲ့ဥပဒေက အသုံးပြုလို့ရတယ်။ ဥပမာ အမျိုးသား အစားအသောက် ဥပဒေပေါ့။ အမျိုးသား အစားအသောက်ဥပဒေဆို လက်ရှိပြဋ္ဌာန်းထားတယ်။ ထောင်သုံးနှစ်လောက်ထိ ချပစ်လို့ရတာပဲ။ အဲ့တော့ ဥပဒေ ရှိနေလျက်သားနဲ့ အရေးမယူနိုင်တာ၊ အရေးမယူတာပေါ့၊ အဲဒါပါ။”

လက်ရှိမှာတော့ အများပြည်သူ စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်တွေကို  အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) က မကြာခဏ ထုတ်ပြန်ပေးနေပြီး အရေးယူ ဆောင်ရွက်မှုတော့  မရှိသလောက် နည်းပါးနေပါသေးတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013