DVB Logo
Home
မြန်မာသတင်း
လာမည့်သင်္ကြန်တွင် ပေ ၁၀၀ နှင့်အထက် မဏ္ဍပ်ကြီး ၂၃ ခုသာ ဆောက်ခွင့်ပေးမည်
DVB
·
March 22, 2016
လာမည့်သင်္ကြန်တွင် ပေ ၁၀၀ နှင့်အထက် မဏ္ဍပ်ကြီး ၂၃ ခုသာ ဆောက်ခွင့်ပေးမည်
Donate to DVB

ဒီနှစ်သင်္ကြန်မှာ ယာဉ်ကြောရှုပ်ထွေးမှုကို လျှော့ချဖို့ ပေ ၁၀၀ နဲ့အထက် မဏ္ဍပ်ကြီး ၂၃ ခုပဲ တည်ဆောက်ခွင့်ပေးဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု၊ ရေရှားပါးမှုတွေကြောင့် အခုလို မဏ္ဍပ်ဆောက်လုပ်ခွင့်တွေကို လျှော့ချခဲ့တာပါ။

၂၀၁၅ သင်္ကြန်တုန်းက ရန်ကုန်မြို့မှာ ပေ ၁၀၀ နဲ့အထက် မဏ္ဍပ်ကြီး ၄၀ ကျော် ဆောက်လုပ်ခွင့်ပေးခဲ့ပြီး အဓိကလမ်းမကြီးတွေဖြစ်တဲ့ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း စတဲ့နေရာတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်လို့ အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူး သန်းမြင့်က ပြောပါတယ်။

“ရန်ကုန်တမြို့လုံး အတိုင်းအတာအနေနဲ့ အဓိကကတော့ လမ်းပေါ်မူတည်ပြီးတော့ မဏ္ဍပ်ဆောက်ခွင့်ကို ဆောင်ရွက်ပါတယ်။ အဓိကက ကမ္ဘာအေးလမ်းရယ်၊ ပြည်လမ်းရယ်၊ ကန်ပတ်လမ်းရယ်။ အဲ့ဒီလမ်းသုံးလမ်းပေါ်မှာပဲ မဏ္ဍပ်တွေက များတယ်။ အဲ့ဒါကလည်း ရေနဲ့နီးတဲ့ နေရာတွေပေါ့။ ရေနဲ့နီးတဲ့နေရာ ဖြစ်တဲ့အတွက် အဲဒီနားမှာ မဏ္ဍပ်တွေ ဆောက်ထားတာ ဖြစ်တဲ့အတွက် အဲ့ဒီအပိုင်းသုံးပိုင်းကို ခွဲပြီးတော့မှ ကျနော်တို့ ကွပ်ကဲပြီးမှ ဆောင်ရွက်တာ ဖြစ်ပါတယ်။”

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီမံဌာနခွဲမှူး ဦးဇော်မင်းလှိုင်ကလည်း ဒီနှစ်မှာ ရေသုံးစွဲမှုကို စနစ်တကျ၊ ချွေတာသုံးစွဲသွားမယ်လို့ ဆိုပါတယ်။

“မဏ္ဍပ်တွေမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေကနေပြီးတော့ ရေပက်ကစားတဲ့အခါမှာ ကျနော်တို့ သတ်မှတ်ပေးထားတဲ့၊ ခွင့်ပြုပေးထားတဲ့ ပိုက်အရွယ်အစားထက် ပိုပြီး မသုံးကြဖို့။ နောက်ပြီးတော့ ကျနော်တို့ ရေပက်ကစားတဲ့ ကားတွေမရှိဘဲနဲ့ ရေပိုက်တွေကို ဖွင့်မထားဖို့။ အဓိက ပြောလိုတာကတော့ ရေကို ချွေတာသုံးစွဲပေးဖို့ပေါ့။ အခု ရာသီဥတုတွေကလည်း ပြောင်းတယ်။ နောက်တခါ အယ်နီညိုရာသီဥတုတို့၊ ဒီလိုမျိုး ပူပြင်းတဲ့ ရာသီတွေ ဖြစ်လာတဲ့အခါကျတော့ ရေက အားလုံးအတွက် အရေးကြီးပါတယ်။ ဒီဟာလေးကို မြို့တော်သူ၊ မြို့တော်သားများအားလုံး ၀ိုင်းဝန်း၊ ချွေတာပြီးတော့ ဆောင်ရွက်ပေးရင်ဖြင့် အားလုံးအတွက် ပိုပြီးတော့ ပြည့်စုံသွားမယ်လို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ သင်္ကြန် ကျင်းပစဉ်က ရေဂါလံနှစ်သိန်းခွဲကျော် သုံးစွဲခဲ့ပြီး ဒီနှစ်မှာတော့ မလိုအပ်ဘဲ ရေသုံးစွဲတာမလုပ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သတင်း - ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013