DVB Logo
Home
Lead Story
လွှတ်တော်ကအစိမ်း အစိုးရကအနီ တွေ့ကြလေပြီ
DVB
·
March 22, 2016
လွှတ်တော်ကအစိမ်း အစိုးရကအနီ တွေ့ကြလေပြီ
1 / 2
Donate to DVB

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၅ ခုတို့ရှိ လွှတ်တော်များတွင် အန်အယ်လ်ဒီက အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အနိုင်မရခဲ့ပါချေ။ ရှမ်းပြည်နယ်တွင် ရရှိခဲ့သော မဲရလဒ် အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သဖြင့် စိတ်ဝင်စားဖွယ် ကောင်းနေလေရာ….

ဤဆောင်းပါးတွင် ရှမ်းပြည်နယ်လွှတ်တော်ရှိ အခင်းအကျင်းကို သုံးသပ်ကြည့်ကြပါစို့။

ရှမ်းပြည်နယ်လွှတ်တော်သစ်၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဖြစ်ကြပြီး လွှတ်တော်တွင်း အင်အားအနေအထားမှာလည်း အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) တပ်မတော်သား ကိုယ်စားလှယ် ၃၄ ဦး

(၂) ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ၃၂ ဦး

(၃) အက်စ်အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ၂၄ ဦး

(၄) အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ၂၁ ဦး

(၅) တအာင်းကိုယ်စားလှယ် ၇ ဦး

(၆) ပီအန်အို ပအိုးဝ်ကိုယ်စားလှယ် ၆ ဦး

(၈) ဝ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ၂ ဦး

(၉) ဝ အမျိုးသားပါတီ ၁ ဦး

(၁၀) လားဟူပါတီ ၁ ဦး

(၁၁) ကိုးကန့်ပါတီ ၁ ဦး

(၁၂) ကျားဖြူပါတီ ၁ ဦး

(၁၃) တိုင်းရင်းသားဝန်ကြီး အန်အယ်လ်ဒီမှ ၂ ဦး

(၁၄) ပြည်ခိုင်ဖြိုးမှ ၁ ဦး

(၁၅) လီဆူမှ ၁ ဦး

(၁၆) လားဟူမှ ၁ ဦး

(၁၇) အခါမှ ၁ ဦး

(၁၈) တသီးပုဂ္ဂလ ၁ ဦး

စုစုပေါင်း ၁၃၇ ဦး ရှိလေသည်။

ထိုသို့သောအခြေအနေအောက်တွင်….

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပွဲ နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့စဉ်က တပ်မတော်ဘက်မှ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပြည်နယ်အစိုးရအဖွဲ့ ခေါင်းဆောင် ၀န်ကြီးချုပ် နှစ်နေရာကို ပေးရန် တောင်းဆိုခဲ့သော်လည်း အန်အယ်လ်ဒီဘက်က လက်မခံခဲ့ဟူသော သတင်းတရပ်ကို ကြားခဲ့ရပါသည်။ ထို့နောက်တွင် တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ခုလုံး၏ ဝန်ကြီးချုပ်များကို အန်အယ်လ်ဒီပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရွေးချယ်မည်ဟု လူမှုကွန်ရက်များတွင် ရေးသားထားသည်ကို ဖတ်ရှုရပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတဖြစ်သူသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထဲမှ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသူတဦးအား ဝန်ကြီးချုပ်အဖြစ် ခန့်ထားရန် သက်ဆိုင်ရာ လွှတ်တော်သို့ တင်သွင်းခွင့်ရှိပါသည်။ ထိုအခါ သက်ဆိုင်ရာလွှတ်တော်က သတ်မှတ်ထားသည့် အရည်အချင်းနှင့် မကိုက်ညီကြောင်း သက်သေမပြနိုင်လျှင် ကန့်ကွက်ခွင့်မရှိသဖြင့် သမ္မတက အဆိုပြုသူသည် ဝန်ကြီးချုပ်ဖြစ်လာမည် ဖြစ်ပါသည်။ ထိုသို့ ဝန်ကြီးချုပ်ခန့်ထားပြီးကာမှ ဝန်ကြီးချုပ်က တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဝန်ကြီးလောင်းများစာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူကာ ပြည်နယ်အစိုးရကို ဖွဲ့စည်းနိုင်မည် ဖြစ်ပါသည်။

ထိုသို့သော အခြေအနေအောက်တွင် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်ကို လွှမ်းမိုးထားသော ပါတီမှာ တပြည်လုံးအနိုင်ရပါတီ မဟုတ်ဘဲ တခြား တိုင်းရင်းသားပါတီတခုခု ဖြစ်နေလျှင် ထိုဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့က နှစ်စဉ်တင်သွင်း အတည်ပြုရမည့် ရ-သုံးခန့်မှန်းခြေ ဘတ်ဂျက်ငွေစာရင်းကို အတည်မပြုဘဲ ငြင်းဆန်ခြင်းဖြင့် အနှောင့်အယှက်ပေးနိုင်ကြောင်း၊

ထိုအချက်နှင့်ပတ်သက်၍ ရွေးကောက်ပွဲမတိုင်မီကာလက ကျနော့်အတွေးအမြင်ကို သတင်းမီဒီယာများမှတဆင့် ပြောပြထားချက်တခု ရှိပါသည်။ ထိုအချက်မှာ “ပြည်နယ်များတွင်ရှိသည့် လွှတ်တော်များတွင် တိုင်းရင်းသားပါတီတခုခုက အမတ်နေရာ ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားခဲ့လျှင် သမ္မတသည် ဝန်ကြီးချုပ် ရွေးချယ်ခန့်ထားရေး ကိစ္စနှင့် ပတ်သက်၍ ထိုပါတီနှင့် မုချတိုင်ပင်ရလိမ့်မည်။ ထိုသို့မတိုင်ပင်ဘဲ ဝန်ကြီးချုပ်တယောက် ရွေးချယ်ကာ သက်ဆိုင်ရာ ပြည်နယ်အစိုးရကို ဖွဲ့စည်းခဲ့ပါက အစိုးရအဖွဲ့ ဖွဲ့စည်းရေးတွင် ကန့်ကွက်ပိုင်ခွင့်မရှိသည့် တိုင်းရင်းသားပါတီ ထိန်းချုပ်ထားသော ပြည်နယ်လွှတ်တော်သည် ဥပဒေပြုရေးတွင် အနှောင့်အယှက်ပေးနိုင်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များသည် အနည်းဆုံး တနှစ်လျှင်တကြိမ် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းပေးရမည်ဖြစ်ပေရာ ဝန်ကြီးချုပ်ရွေးချယ်မှု မကျေနပ်ချက်ကို အကြောင်းပြု၍ ဘတ်ဂျက်ဥပဒေကို ပယ်ချခြင်း၊ ကန့်ကွက်ခြင်း ပြုနိုင်ကြောင်း၊ ထိုအချက်ကို ကြိုတင်တွက်ဆနို်င်သော သမ္မတသည် ဝန်ကြီးချုပ်ရွေးချယ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ လွှတ်တော်တွင်း အနိုင်ရပါတီနှင့် မုချတိုင်ပင်ဆွေးနွေးရမည်ဖြစ်ကြောင်း” ရှင်းပြခဲ့ဖူးပါသည်။

ယခုအခါ ရှမ်းပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ်လွှတ်တော်တို့တွင် တပြည်လုံးအနိုင်ရ အန်အယ်လ်ဒီပါတီက အမတ်နေရာ အများစုဖြင့် လွှမ်းမိုးမထားနိုင်ပါ။ ဒေသခံ တိုင်းရင်းသားပါတီများကလည်း ၅၀ ရာခိုင်နှုန်းကျော် မနိုင်ပါ။

အမတ်ဦးရေ စုစုပေါင်း ၁၃၇ ဦးရှိသော ရှမ်းပြည်နယ်လွှတ်တော်တွင် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမတ်နေရာ ၃၂ နေရာဖြင့် အများဆုံး အနိုင်ရထားပြီး တပ်မတော်သားကိုယ်စားလှယ် ၃၄၊ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းရင်းသားရေးရာဝန်ကြီး တနေရာနှင့် ပေါင်းပါက ၆၇ နေရာရှိသဖြင့် လွှတ်တော်တွင်း အများစုဖြစ်ရန်မှာ အမတ်နေရာ နှစ်နေရာသာ လိုအပ်ပါသည်။ ထိုလိုအပ်သော အမတ်နှစ်နေရာကို အခြားသော မဟာမိတ်ပါတီများမှ ကိုယ်စားလှယ်များကို စည်းရုံးကာ နှစ်စဉ်တင်ရမည့် ပြည်နယ်ဘတ်ဂျက်ကို သပိတ်မှောက် ဆန့်ကျင်ခဲ့လျှင် ပြည်နယ်အစိုးရအနေဖြင့် များစွာ အခက်တွေ့နိုင်ပေသည်။

ထိုအခက်အခဲကို တားဆီးနိုင်ရန် အန်အယ်လ်ဒီဝန်ကြီးချုပ် အနေဖြင့် မိမိ၏ အရင်းနှီးဆုံး မဟာမိတ် အက်စ်အန်အယ်လ်ဒီနှင့်သာမက တခြားသော တိုင်းရင်းသားပါတီအမတ်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများကို စည်းရုံးနိုင်မှ ရပေလိမ့်မည်။ လွှတ်တော်တခုလုံး၏ ၅၀ ရာခိုင်နှုန်းကျော် စည်းရုံးရမည်ဖြစ်ရာ ဘတ်ဂျက်ကို ထောက်ခံသူအားလုံးမှာ ၆၉ ယောက်ရှိရန် လိုအပ်မည် ဖြစ်ပါသည်။

တခြားတဘက်တွင် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်များက စည်းရုံးရန်လိုသည့် အခြားအမတ်အရေအတွက်မှာ ၂ ဦးသာဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများမှာလည်း ပြည်ခိုင်ဖြိုးပါတီဝင်များ ဖြစ်သဖြင့် အန်အယ်လ်ဒီပါတီထက် ပိုမိုလွယ်ကူနိုင်ပေသည်။

ရှမ်းပြည်နယ်လွှတ်တော်၏ အခြေအနေမှာ နှစ်စဉ် အနည်းဆုံး တကြိမ် ပြဋ္ဌာန်းပေးရမည် ဖြစ်သော ပြည်နယ် ရ-သုံး ခန့်မှန်းချေ ဘတ်ဂျက်ဥပဒေကိုပင် ခက်ခက်ခဲခဲ ပြဋ္ဌာန်းရမည့် အနေအထား ဖြစ်ပါသည်။

သို့ဖြစ်လေရာ  အန်အယ်လ်ဒီပါတီက တင်သွင်းလာမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှာ ဤအခက်အခဲကို မည်သို့ကျော်နင်းမည် ဆိုသည်မှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလိမ့်မည် ဖြစ်ပါကြောင်း။

ရဲထွန်း (သီပေါ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013