DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီး ၂၁ ဦးနှင့် အစိုးရဖွဲ့မည်ဟု ဦးဝင်းထိန်ပြောကြား
DVB
·
March 21, 2016
ပြည်ထောင်စုဝန်ကြီး ၂၁ ဦးနှင့် အစိုးရဖွဲ့မည်ဟု ဦးဝင်းထိန်ပြောကြား
Donate to DVB

ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးဌာန ၂၁ ခုကို ပြည်ထောင်စုဝန်ကြီး ၂၁ ဦးနဲ့ စုဖွဲ့သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံသမ္မတ ဦးထင်ကျော်တင်သွင်းတဲ့ ၀န်ကြီးဌာန ၂၁ ဌာန၊ အမည်နဲ့ ၀န်ကြီးအရေအတွက် ၁၈ ဦးတင်သွင်းတာကို လွှတ်တော်က မဲခွဲ အတည်ပြုခဲ့ ပါတယ်။

ဦးဝင်းထိန်က “ဟုတ်တယ်လေ ၁၈ ဦးဆိုတာ ကျနော်တို့ အန်အယ်လ်ဒီအစိုးရရဲ့ ၁၈ ဦး၊ တပ်မတော်က ၃ ဦး။ အားလုံးပေါင်း ၂၁ ဦးပေါ့” လို့ ပြောပါတယ်။

ဦးထင်ကျော် တင်သွင်းတဲ့ ၀န်ကြီးဌာနအရေအတွက်နဲ့ အမည်ထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေ (သမ္မတက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ ၀န်ကြီးအမည်စာရင်းရယူရမယ့်ဌာန ၃ ခု)  ပါ ၀င်ပါတယ်။

ဒါပေမယ့် ဦးထင်ကျော်က လွှတ်တော်ကို ပြည်ထောင်စုဝန်ကြီး ၁၈ ဦးအမည်စာရင်းကို မတင်သွင်းသေးပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ အပိုဒ် (ခ) အရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် အပိုဒ်ခွဲ (၂) အရ -ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်လို့ ပါရှိပါတယ်။

အပိုဒ် (ဂ) မှာတော့ နိုင်ငံတော်သမ္မတဟာ မိမိရွေးချယ်ထားသည့် ပုဂိုလ်များ၏ အမည်စာရင်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းတို့ကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူရမည်။ လို့ ဖော်ပြပါတယ်။

လတ်တလောမှာ ဦးထင်ကျော်ဟာ ရွေးကောက်ခံသမ္မတသာဖြစ်သေးပြီး သမ္မတဦးသိန်းစိန်ထံ က တာဝန်လွှဲပြောင်းရယူခြင်း မရှိသေးတဲ့အတွက် သမ္မတအဖြစ် (တရားဝင်) ကာကွယ်ရေး ဦးစီးချုပ်က  သူအဆိုပြုခွင့်ရှိတဲ့ ၀န်ကြီး ၃ ဦးရဲ့အမည်စာရင်း မပေးသေးတာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။

တဖက်မှာလည်း ဒီကနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးမှာ ထွက်လာတဲ့ ကောလာဟလမှာ အစိုးရအဖွဲ့တွင်းပါရှိမယ့် ပြည်ထောင်စုဝန်ကြီးအမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်ပင်လျှင် ၀န်ကြီးဌာန ၃ ခုလောက်ကို ကိုင်တွယ်နိုင်တယ်ဆိုပြီး ပျံ့နှံ့နေပါတယ်။

ဒီကောလာဟလနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်ကို မေးမြန်းခဲ့တဲ့အခါမှာတော့ “၂၁ ဌာနရှိတာကို ၁၈ ယောက်ထဲနဲ့ ဦးဆောင်မယ်ဆိုတော့ တချို့ ပုဂ္ဂိုလ်တွေကတော့ ဌာနတခု နှစ်ခုကို ကိုင်ကြမှာပေါ့။ အဲလိုကနေ ထင်မြင်ယူဆလာကြတဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဟာနဲ့ နီးစပ်တယ်၊ ဘာတွေ လုပ်ကိုင်မယ်ဆိုတာတွေ ဖြစ်လာတာပေါ့”လို့ ဖြေကြားခဲ့ပါတယ်။

အန်အယ်လ်ဒီက အစိုးရဖွဲ့ခွင့်ရတဲ့အတွက် အစိုးရမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တဲ့နေရာ ယူမှာဖြစ်တယ်လိုလည်း ပြောဆိုခဲ့ပါတယ်။

“ငါတို့မှာ အရေးကြီးတဲ့ Post က ဘာလဲဆိုတော့ ကာလုံလဲရှိနေတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုတာကလည်း ဌာနကြီးရှိနေသေးတယ်။ ကာကွယ်ရေးဘက်ပါတဲ့ List တွေကလည်း ရှိနေ သေးတာပဲ။ ကာလုံရှိတယ် ဒါစဉ်းစားဖို့ပဲ” လို ပြောဆိုခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013