
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ပြည်သူ့အကျိုးပြု ကောင်းမွန်တဲ့သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒတွေ မပေါ်ပေါက်သေးသရွေ့ ကျောက်စိမ်းတူးဖော်လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့နဲ့ လူထုအခြေပြု အရပ်ဘက်အဖွဲ့ အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၈ ရက်နဲ့ ၁၉ ရက်က ဖားကန့်မြို့မှာ ဖားကန့်ဒေသ ကျောက်စိမ်းသယံဇာတ တူးဖော်ထုတ်လုပ်မှုဆိုင်ရာ မူဝါဒ အထောက်အကူပြု ဆွေးနွေးပွဲ တရပ်ကျင်းပခဲ့အပြီး အခုလိုတောင်းဆိုလိုက်တာပါ။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို စက်ယန္တရားကြီးတွေနဲ့ အကြီးအကျယ် ထုတ်လုပ်တူးဖော်နေတာဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေတဲ့အပြင် အဲဒီဒေသ မှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ကပ်ဘေးအန္တရာယ် တွေ ကြုံစေတဲ့အတွက် ကျောက်မျက်တူးလုပ်ငန်းတွေရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲမှာ သဘာဝသယံဇာတတူးဖော်ရေးကိစ္စပါ ထည့်သွင်းဆွေးနွေးဖို့၊ လူတွေသေစေလောက်တဲ့အထိ စည်းကမ်းမဲ့မြေစာပုံသွန်ချတဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့၊ ကျောက်တူးဖော်တဲ့ စက်ယန္တရားတွေ စည်းကမ်းမဲ့မှုကြောင့်မတော်တဆ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေအပေါ် အရေးယူပေးဖို့၊ ဆုံးရှုံးပျက်စီးသွားတဲ့ သဘာ၀၀န်းကျင်ကို နဂိုအတိုင်း ပြန်ဖြစ်အောင် ပြုပြင်ပေးဖို့နဲ့ ဘက်ပေါင်းစုံက ပညာရှင်၊ ဒေသခံပြည်သူတွေ ပါဝင်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်တရပ်ကိုဖွဲ့စည်းပြီး ဆုံးရှုံးနစ်နာမှုတွေကို စုံစမ်း စစ်ဆေးကာ တရားမျှတမှုဖြစ်အောင် ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေလည်း တောင်းဆိုပါတယ်။
ဒီဆွေးနွေးပွဲကို ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့က ကမကထပြု ဆောင်ရွက်ပြီး အရပ်ဘက် အဖွဲ့အစည်း၊ လူထုခေါင်းဆောင်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ လူပေါင်း ၃၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။











