
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင်းက ကျေးရွာတရွာမှာ သေနတ်ပစ်ခတ်မှုကြောင့် ရွာသားတယောက်နဲ့ ရဲအရာရှိတယောက် ဒဏ်ရာရခဲ့ကြပါတယ်။
မတ် ၂၁ ရက်နေ့ မနက် ၁ နာရီခွဲခန့်မှာ ရွာလေးကျေးရွာက အသုဘအိမ်မှာ တစ်ရွာတည်းနေ ဇော်မင်းအောင်နဲ့ ဝေလင်းအောင်တို့ စကားများရန်ဖြစ်ကြစဉ် မိသားစုဝင်တွေက ဖြန်ဖြေပေး ခဲ့ပါတယ်။ ဒီနောက် အိမ်ပြန်သွားရာက ပြန်လာတဲ့ ဝေလင်းအောင်ကို ဇော်မင်းအောင်ရဲ့ ဖခင် ဦးမောင်ဌေးက ဘာကြောင့်ပြန်လာသလဲလို့မေးရာမှာ သေနတ်နဲ့ပစ်လို့ ဦးမောင်ဌေးရဲ့ ဝဲ ဘက်လက် တံတောင်ဆစ်ကွေး ပေါက်ထွက်ခဲ့ပါတယ်။ ဒီနောက် ဝေလင်းအောင်က နောက်ထက် သေနက် ၃ ချက် ပစ်ခတ်ထွက်ပြေးသွားတယ်လို့ ဦးမောင်ဌေးက ပြောပါတယ်။
ဦးမောင်ဌေးက သာရဝေါနယ်မြေ ရဲစခန်းမှာ ဝေလင်းအောင်ကို အမှုဖွင့်ခဲ့ပါတယ်။ ရဲတွေက အမ၀မ်းကွဲတော်စပ်တဲ့ သီတာကုန်းကျေးရွာနေအိမ်မှာ သွားဖမ်းစဉ်မှာ ဝေလင်းအောင်က ခုခံပစ်ခတ်ပါတယ်။ ကျည်ဆန်က ခမှုံနယ်မြေရဲစခန်းမှရဲအုပ်အောင်နေဆန်းရဲ့ ယာဘက်ပေါင်ကို ကျည်ဖောက်ထွက်ပြီး ဝဲဘက်ပေါင်ကို ထိမှန်ခဲ့တာကြောင့် ခမုံတိုက်နယ်ဆေးရုံမှာ ဆေးကုသ နေတယ်လို့ လက်ပံတန်းမြို့နယ် ရဲတပ်မှူး ရဲမှူး ဖုန်းမြင့်က ပြောပါတယ်။
ရဲမှူး ဖုန်မြင့်က “ကျွန်တော်တို့တရားခံကို သူအမဝမ်းခွဲအိမ်မှ ဝိုင်းမိတယ် သူကို လက်နက်ချ အဖမ်းခံဖို့ ပြောပါတယ်။ အစကတော့ အသေခံမယ် လက်နက်မချဘူးလို့ ပြောတယ်။ ဒါနဲ့ အဲဒီ အိမ်မှာ ရှိနေသူများကို အရင်ဆင်းခိုင်းပြီးမှ သူကို နာရီ အတော်ကြာအောင် စည်းရုံးခဲ့ရတယ် မနက် ၇ နာရီ အချိန်မှာတော့ သူအဖမ်းခံခဲ့ပါတယ်”လို့ ပြောပါတယ်။
ရဲက ဝေလင်းအောင်ထံက အီတလီ နိုင်ငံလုပ် ပစ္စတိုသေနက်တစ်လက်၊ ကျည်ကတ် (၂)ခု၊ ကျည် ၂၃ တောင့်ကို သိမ်းဆည်းခဲ့ပါတယ်။ ဝေလင်းအောင်ကို လူသတ်ရန်အားထုတ်မှု၊ အပြင်းအထန်နာကျင်စေမှု၊ လူသတ်ရန်အားထုတ်မှု၊ ၀တ္တရားနှောင့်ယှက်မှုတွေနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်း - ဝဏ္ဏထွန်း











