DVB Logo
Home
မြန်မာသတင်း
သွားနှင့်ခံတွင်းရောဂါ ခံစားနေရသူ ၆၀ ရာခိုင်နှုန်းခန့်သာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ
DVB
·
March 21, 2016
သွားနှင့်ခံတွင်းရောဂါ ခံစားနေရသူ ၆၀ ရာခိုင်နှုန်းခန့်သာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီ
Donate to DVB

ကမ္ဘာ့လူဦးရေရဲ့  ၉၀ ရာခိုင်နှုန်းဟာ သွားနဲ့ခံတွင်းရောဂါတွေကို ခံစားနေရပေမယ့် ၆၀ ရာခိုင်နှုန်းကသာ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြောဆိုလိုက်ပါတယ်။

မတ်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ သွားနှင့်ခံတွင်း ကျန်းမာရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ဆန်းမစ်ပါ့ဗျူးဟိုတယ်မှာ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်များအသင်းက ကျင်းပပြလုပ်ခဲ့ပြီး အခမ်းအနားကို တက်ရောက်လာတဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က အခုလို ပြောသွားခဲ့တာပါ။

“သွားနှင့်ခံတွင်းရောဂါ ခံစားနေရတဲ့ ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း ရှိသော်လည်း ၆၀ ရာခိုင်နှုန်းသာလျှင် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနေပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုအတွက် သွားနှင့်ခံတွင်းရောဂါ ကျန်းမာရေး အသိပညာကို တိုးပွားစေကာ၊ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားခြင်းဖြင့် သွားနှင့်ခံတွင်းရောဂါများ ကင်းစင်ကာ၊ ပြုံးပျော်ရွှင်လန်းတဲ့ လူမှုဘ၀ပိုင်ရှင်များ ဖြစ်လာကြစေဖို့ လိုအပ်ပါတယ်။”

အဲ့ဒီ သွားနှင့်ခံတွင်းရောဂါ ခံစားရသူအများစုဟာ သွားပိုးစားတာနဲ့ သွားဖုံးရောဂါသည် အများစုဖြစ်ပြီး အဲ့ဒီရောဂါကနေတဆင့် ခံတွင်းကင်ဆာရောဂါ အဆင့်ထိ ဖြစ်လာနိုင်တယ်လို့ သွားနှင့်ခံတွင်း ဆရာဝန်တွေက ထောက်ပြထားပါတယ်။

ဒီလို ခံတွင်းကင်ဆာ ဖြစ်လာခဲ့ရင် လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်သလို ကင်ဆာရောဂါ ဖြစ်ရတာကလည်း ကွမ်းစားတာနဲ့ ဆက်စပ်နေတယ်လို့ သွားနှင့်ခံတွင်း ဆရာဝန်တွေက ဆိုပါတယ်။

“ခံတွင်းကင်ဆာရောဂါဟာ ကွမ်းစားခြင်းနဲ့ ဆက်စပ်နေပြီး ကွမ်းသီးတွင်ပါဝင်တဲ့ အေရွန်ကိုလင်းကို ကင်ဆာဖြစ်စေတတ်တဲ့ ဓာတ်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်” လို့လည်း ဒေါက်တာသန်းအောင်က ဆက်ပြောပါတယ်။

ကမ္ဘာ့ သွားနှင့်ခံတွင်း ကျန်းမာရေးနေ့ အခမ်းအနားကို မတ်လ ၂၀ ရက်နေ့မှာ ကျင်းပရတဲ့ အကြောင်းကတော့ ကလေးဘဝမှာ သွားအချောင်း ၂၀ ပြည့်ပြီး ဘဝနေဝင်ချိန်မှာလည်း သွားအချောင်း ၂၀ ပြည့်အောင် ဂရုစိုက်နေထိုင်နိုင်အောင် ရည်မှန်းပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ၂၀၁၆ ခုနှစ်ရဲ့ ကမ္ဘာ့ သွားနှင့်ခံတွင်း ကျန်းမာရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ ‘နေ့ညမှန်စွာ၊ သွားတိုက်ကာ၊ ခံတွင်းကျန်းမာ၊ ကိုယ်လန်းဖြာ’ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013