DVB Logo
Home
Lead Story
တောင်ရိုးပွဲက ပြန်ခဲ့တယ်
DVB
·
March 19, 2016
တောင်ရိုးပွဲက ပြန်ခဲ့တယ်
1 / 8
Donate to DVB

မတ်လရဲ့ ဒုတိယပတ်မှာပဲ ခရီးစဉ်တစ်ခုထွက်ဖို့ အကြောင်းဖန်လာခဲ့တယ်။ တောင်ရိုး တိုင်းရင်းသားတွေရှိရာဆီကိုပေါ့။ အရင်ပရင့်လောက ဂျာနယ်လောကမှာတော့ ရောက်ခဲ့ပြီးသား ဒေသပါ။ အခုရုပ်သံလောကဘက်ရောက်တော့ ထပ်မရောက်ဖြစ်သေးတဲ့ဒေသပေါ့။ လှပတဲ့ ရှမ်းတောင်တန်းတွေကြားက လူသိပ်မသိသေးတဲ့ လူမျိုးစုအကြောင်းတွေးကြည့်တော့ ရင်ထဲ တလှပ်လှပ် ဖြစ်သွားတယ်။

ဧည့်ဝတ်ကျေပွန်လှတဲ့ ကလောမြို့က တောင်ရိုးတိုင်းရင်းသားအရေး လှုပ်ရှားသူတွေ မညည်းမညူ ဧည့်ခံတဲ့ ဆည်ခေါင်းကျေးရွာသားတွေနဲ့ ထပ်တွေ့ရမှာမို့ ပျော်မိတာတော့အမှန်ပါပဲ။

ကလောမြို့သို့

ဒီတခါတော့ ပုံမှန်စီးနေကြ ရွှေတောင်ရိုးကားအစား ကျွန်တော်တို့ (ဂျာနယ်သတင်းစာ ဘက်က သူငယ်ချင်းတွေ) လုမ္မနီအဝေးပြေးလက်မှတ်ကို ရွေးပြီးသွားဖြစ်ခဲ့တယ်။ အောင်မင်္ဂလာ အဝေးပြေးကနေ ည ၇ နာရီထွက်ခဲ့တာ အေးမြလှပတဲ့ ကလောမြို့ကို မနက် ၄ နာရီခွဲလောက် ရောက်တယ်။ တောင်ရိုးစာပေနဲ့ ယဉ်ကျေးမူအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းရွှေက ကားနဲ့လာကြိုပြီး တည်းခိုရမယ့်အခန်း လိုက်ပို့လို့ အားနာနာကျေးဇူးတင်ခဲ့ရတယ်။

ဆည်ခေါင်းရွာသို့

တည်းခိုတဲ့အခန်းမှာ ခဏတာအိပ်စက်ပြီး အန်ကယ်ဦးသောင်းရွှေရဲ့သားငယ် ကိုအငဲရဲ့ ကောင်းမှုနဲ့ပဲ ကျနော်တို့ ကလောနံနက်ခင်းရဲ့ ရှမ်းအစားအစာတွေ စားခွင့်ရခဲ့တယ်။ ဒီလိုနဲ့ တောင်ရိုးပွဲကျင်းပမယ့် ဆည်ခေါင်ကျေးရွာကို လိုက်ပို့မယ့်ကား ပြန်ပြောင်းစီးပြီး ကျွန်တော်တို့ တစ်သိုက် ခရီးဆက်ခဲ့ပြန်တယ်။

ကလော-ဆည်ခေါင်းကားလမ်းဟာ အနည်းငယ်ပြောင်းလဲသွားသလို ခံစားရတယ်။ ဒီ ခရီးလမ်းကို ၂၀၁၄ ခုနှစ် တောင်ရိုးပွဲတုန်းကလည်း ရောက်ခဲ့ဖူပြီးသားပါ။ ထင်းရူးပင်တစ်ချို့ မြေနေရာအတွက် ခုတ်လှဲခံထားရတာမြင်တော့ ရင်ထဲမကောင်းတာ အမှန်ပဲ။ ကားလမ်း မဘေးဝဲယာက တောင်ယာတစ်ချို့နေရာတွေမှာလည်း နေအိမ်တွေ ဝင်ရောက်နေတာ တွေ့ ရတယ်။ ကျနော်တို့ ကားလေး ၄၅ မိနစ်လောက် ခရီးဆက်လာတာ တည်းခိုရမယ့် ဆည်ခေါင်း ရွာသူကြီးဟောင်း ဦးဘစီရဲ့နေအိမ်ကို ရောက်တော့တာပါပဲ။

၇ ကြိမ်မြောက်တောင်ရိုးပွဲ

ဒီနှစ်တောင်ရိုးပွဲရဲ့ ထူးခြားချက်က ဘောလုံးပြိုင်ပွဲပါတာပါပဲ။ နောက်တစ်ခုကတော့ ရွာပြောင်းကျင်းပတာပါ။ အရင်ဆည်ခေါင်းရွာထိပ်မှာ ကျင်းပပေမယ့် ဒီနှစ်တော့ ဆည်ခေါင်း ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ နောင်မူကျေးရွာမှာ ကျင်းပတာပါ။ ကျနော်တို့ရောက်တဲ့ ညနေမှာပဲ နဂါးအသင်းနဲ့ ရပခအသင်းတို့ရဲ့ ဗိုလ်လုပွဲနဲ့ကြုံပါတယ်။ တောင်ရိုးအသင်းကတော့  ဆီမီးဖိုင် နယ်မှာ ကပ်ပြုတ်သွားလို့ ဒေသခံတွေပါတဲ့ နဂါးအသင်းကိုသာ တောင်ရိုးတိုင်းရင်းသားတွေ နေပူပူကွင်းထဲမှာ ပိုအားပေးခဲ့ပေမယ့်လည်း ဒုတိယဆုနဲ့သာ ကျေနပ်လိုက်ရပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံ

ကလောမြို့နဲ့ ပင်လောင်မြို့ကြားမှာ လှပပြီးစိတ်ထားဖြူစင်တဲ့ တောင်ရိုး၊ ဓနု၊ ပအိုးဝ်စတဲ့ တိုင်းရင်းသားတွေ နေထိုင်ကြပေမယ့်လည်း သူတို့နဲ့ မလှမ်းမကမ်းမှာတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံက ထီးထီးကြီးတည်ရှိနေပါတယ်။

ဒီစက်ရုံက ၂၀၀၅ ခုနှစ်ကတည်းက ဖွင့်လှစ်လည်ပတ်နေပေမယ့်လည်း ရွာခံတွေက အနံ့ဆိုးနံတာတွေ၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေ ကြုံနေရဆဲပါ။ အဲဒီညမှာပဲ နာရီဝက် လောက်လမ်းလျှောက်ပြီး တီကျစ်ကျေးရွာဒေသခံတွေနဲ့ ည ၁၁နာရီထိုးလောက်ထိ ဒီဗွီဘီ သတင်းဌာနအတွက် အင်တာဗျုးခဲ့တယ်။ နောက်မနက်လည်း တီကျစ်ကျောက်မီးသွေးပိုင်း ထပ်သွားပြီး ဗွီဒီရိုရိုက် မှတ်တမ်းတင်ဖြစ်ခဲ့တယ်။

တောင်ရိုးဘယ်ကစ

တောင်ရိုးလူမျိုးစုတွေဟာ ဓနု၊ ပလောင်၊ ပအိုဝ်း စတဲ့ လူမျိုးစုတွေနဲ့ ရောယှဉ်နေထိုင်ကြ ရင်း သူတို့ရဲ့ ၀တ်စားဆင်ယင်မှု ဓလေ့ထုံးစံတွေ ကွယ်ပျောက်လုနီးနီးဖြစ်ခဲ့ရတာ နှစ်ပေါင်း များစွာကြာခဲ့ရတာပါ။

၂၀၁၀ ပြည့်နှစ်ကစပြီး တောင်ရိုးတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် ဦးသောင်းရွှေ ခေါင်းဆောင်ပြီး တောင်ရိုးတိုင်းရင်းသား ယဉ်ကျေးမှုကို ပြန်လည် ဖော်ထုတ်ခဲ့ရာကနေ လူသိများလာခဲ့တာပါ။ တောင်ရိုးတိုင်းရင်းသားစုစုပေါင်း တစ်သိန်းခန့် ရှိနေပေမယ့်လည်း တရားဝင် သန်းခေါင်စာရင်းကောက်ယူမူအရ ၅၀၀၀၀ ခန့်သာရှိတဲ့အတွက် တောင်ရိုးတိုင်းရင်း သား ဝန်ကြီးလျှောက်ဖို့ ၂၀၀၀ လောက်လိုနေသေးတယ်လို့ ဦးသောင်းရွှေက ရင်ဖွင့်ပါတယ်။

တောင်ရိုးလူမျိုးစုတွေဟာ ပုဂံခေတ် စလေငခွေးမင်း လက်ထက်မှာ ဓည၀တီမင်းသမီးနဲ့ ခြွေရံသင်းပင်း ရခိုင်တိုင်းရင်းသားတွေ မင်းအာဏာစက်က လွတ်မြောက်အောင် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရင်းနဲ့ တောင်တန်းဒေသ အနှံ့အပြားမှာ နေထိုင်စားသောက်ရင်း တစ်စတစ်စ ပြန့်ပွားလာတယ်လို့လည်း ဆိုရိုးရှိပါတယ်။

ကလောပြန်ပြီ

ကျနော်တို့တွေ နောက်တစ်ရက်မှာ တောင်ရိုးတိုင်းရင်းသားပွဲတော် ဖွင့်ပွဲတက်ရောက်ပြီး နောင်မူရွာ ဘုန်းတော်ကြီးကျောင်းကားနဲ့ပဲ ကလောမြို့ကို ပြန်ခဲ့ပါတယ်။ အဲဒီညနေမှာတော့ ကလောမြို့က ထင်းရူးပင်တွေ ပတ်လည်ဝန်းရံနေတဲ့ Green Haven ဟိုတယ်ကို သွားရောက် ခဲ့ပါတယ်။

ဟိုတယ်ပိုင်ရှင်လည်းဖြစ် ကလောဟိုတယ်ဇုန် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသန်းလွင်နဲ့ အင်တာဗျုးဖို့ပါ။ အဲဒီညမှာပဲ  သုမောင်ထမင်းဆိုင်မှာ တောင်ရိုးစာပေဥက္ကဋ္ဌ ဦးသောင်းရွှေ ဧည့်ခံတဲ့ ညစာစားရင်း ကလောမြို့ရဲ့ ဧည့်သည်ဝင်ရောက်မှုတွေ ထင်းရူးအိမ်ရာစီမံကိန်း စတာတွေ အင်တာဗျုးထပ်လုပ်ဖြစ်ခဲ့တယ်။

ဒီနောက်တော့ ကလောဒေသထွက်ဝိုင်သောက်ပြီး စောစောအိပ်ယာဝင်ဖြစ်ခဲ့တယ်။ မနက်စောစောထပြီး ရွာငံ၊ ပင်းတယဘက်သွားဖို့ပါ။

ရွာငံကရေပြာအိုင်

ကလောမြို့ရဲ့ မှုန်ပြပြမနက်ခင်းမှာပဲ စီစဉ်ထားတဲ့ကားနဲ့ ရွာငံဘက်မှာ နာမည်ကြီးစပြုနေတဲ့ မြသပိတ်ရေပြာအိုင်ရှိရာဘက် ထွက်ခဲ့တယ်။ ကလောကနေ အောင်ပန်းကို မိနစ်အနည်းငယ် လောက် ကားမောင်းပြီး ဒေါ်စိန်ထမင်းဆိုင်မှာ နံနက်စာစားခဲ့ကြတယ်။ ကျွန်တော်တို့ကား တစ်နာရီလောက် မောင်းပြီးတဲ့အချိန်မှာပဲ မိန်းမရဲတောင်ကို လှမ်းမြင်နေရတယ်။ ထုံးစံအတိုင်း ကားခဏရပ် အမှတ်တရဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ မိန်းမရဲတောင်ကနေ မိနစ်နည်းနည်းထပ်မောင်းရင်ပဲ ညောင်ပင်ခွရွာထိပ်မှာ ရေပြာအိုင်သို့ဆိုပြီး ဆိုင်းဘုတ်သေး သေးလေးတွေ့တယ်။  ၅မိနစ်လောက် ရွာထဲမောင်ပြီးနောက်မှာတော့ နာမည်ကြီးရေပြာ အိုင်ဆီ ရောက်ပါတယ်။ ကျနော်တို့ရောက်တဲ့အချိန် လူတော်တော်ရှင်းနေတာတွေ့တယ်။ ကန် ထဲသွားတဲ့လမ်းထိပ်မှာ နတ်စင်ကြီးကြီးတစ်ခုလည်း တွေ့တယ်။ နတ်ကြီးတယ် ၊ အမှိုက်မပစ်ရ

ပတ်ဝန်းကျင်ထိန်းသိမ်းပါ စတဲ့ဆိုင်းဘုတ်လေးတွေ ဟိုနားဒီနားတွေ့ရတယ်။ ကန်တစ်ဝိုက် ဗွီဒီယိုမှတ်တမ်းတင်ပြီး ကန်အကြောင်းသိဖို့ ရွာသူကြီး ဥိးဘဟန်အိမ် မေးမြန်းပြီးသွားခဲ့ကြတယ်။ ရွာသားတွေကတော့ သစ်ပင်ခြေရင်းမှာ နောင်ဘုရားပွင့်လာရင် လှူဒါန်းဖို့  မြသပိတ်ကိုမြှုပ်ထားတဲ့အတွက် ရောင်ပြန်ဟပ်ပြီး ရေတွေပြာနေတာတော့ ယုံကြည်ကြတယ်။ မြသပိတ်ကန်ရေအနက် ဘယ်လောက်ရှိလဲဆိုတာ သိရှိခြင်းမရှိပဲ ခြံခတ်ထား တာတွေ့ရပါတယ်။ ကန်ကနေပြန်လာတော့ နေ့လယ်စားစားဖို့ စောသေးတဲ့အတွက် အလာတုန်းကတွေ့ခဲ့တဲ့ မိန်းမရဲတောင်ကို သွားရောက်ပြီး တက်ရောက်ခဲ့တယ်။ ရင်တထိပ်ထိပ် တောင်မြင့်ကနေ အေးချမ်းတဲ့ ရွာငံတစ်ဝိုက်က ရူခင်းတွေလည်းတစ်ဝကြီး ကြည့်ရင်းနဲ့ပေါ့။ မိန်းမရဲတောင်ကနေ ဆင်းလာပြီး ကျနော်တို့တွေ ပင်းတယမြို့အဝင်က ရွှေဥမင်လိုဏ်ဂူ တော်ဘုရားကို သွားရောက် လေ့လာခဲ့ကြတယ်။ ရွှေဥမင်လိုဏ်ဂူတော်ဘုရားကနေ ပြန်လာတော့ ညနေဘက်ရောက်နေပြီဖြစ်တဲ့အတွက် ကျနော်တို့တွေ ကလောပြန်ခဲ့ကြတယ်။ ကလောမြို့ကို ဓာတ်ပုံရိုက်ချင်သေးတာကြောင့် ကားဆရာကို တိမ်တောင်မောင်းခိုင်းပြီး တောင်ပေါ်ကနေ မှတ်တမ်းတင်ဖြစ်ခဲ့တယ်။ ကျနော်တို့ ရန်ကုန်ပြန်ဖို့ စီစဉ်ထားတဲ့ကားက ည ၈ နာရီလောက် တောင်ကြီးကနေ ရောက်မှာမို့ အခန်းကို ခပ်သုတ်သုတ်ပြန်ပြီး အထုပ်အပိုး တွေပြင်ဆင်ပြီး ကားဂိတ်ကို ထွက်လာခဲ့ပါတော့တယ်။

ဓာတ်ပုံ - ထွန်းထွန်းသိန်း

ပုံ၁ - တောင်ရိုးတိုင်းရင်းသူ

ပုံ၂-တီကျစ်ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ

ပုံ၃-ရွာငံအနီးကမိန်းမရဲတောင်

ပုံ၎-မြသပိတ်ရေပြာအိုင်

ပုံ၅-မိန်းမရဲတောင်ပေါ်ကရူခင်း

ပုံ၆-ပင်းတယရွှေဥမင်လိုဏ်ဂူဘုရား

ပုံ၇-တိမ်တောင်ကနေမြင်ရတဲ့ကလောမြို့

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013