DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် ဆင်းရဲသားပြည်သူ မကြာခင် စားနပ်ရိက္ခာ ပြတ်လပ်နိုင်
DVB
·
March 19, 2016
ရေဘေးသင့် ဆင်းရဲသားပြည်သူ မကြာခင် စားနပ်ရိက္ခာ ပြတ်လပ်နိုင်
Donate to DVB

ကိုမန်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သဘာဝဘေးဒဏ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံက ဆင်းရဲသား ပြည်သူတွေဟာ လတန်အကြာတဲ့ခုလက်ရှိအချိန်ထိ စားနပ်ရိက္ခာ မလောက်ငမှု အခက်အခဲနဲ့ ရင်ဆိုင် ကြုံတွေ့နေရဆဲပဲလို့ ကုလသမဂ္ဂ အေဂျင်စီတွေက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကောက်ပဲသီးနှံနဲ့ စားနပ်ရိက္ခာဖူလုံရေးအခြေအနေနဲ့ပတ်သက်ပြီး ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့   ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)တို့က  မတ် ၁၇ ရက်က  အထူးအစီရင်ခံစာထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။

အထူးသဖြင့်ရေကြီးမှုဒဏ် အဆိုးရွားဆုံးခံလိုက်ရတဲ့ ချင်းနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေဟာ လာမယ့်လတွေမှာ အစာအစားပြတ်လပ်မှုနဲ့ ဆိုးဆိုးဝါးဝါး ကြုံတွေ့နိုင်ပြီး  အကူအညီတွေ လိုအပ်နေတဲ့အကြောင်း အကူအညီတွေကို ငွေသားနဲ့ဖြစ်ဖြစ် အစားအစာတွေ ၀ယ်ယူနိုင်တဲ့ ကူပွန်လက်မှတ်တွေနဲ့ ဖြစ်ဖြစ် ပံ့ပိုးပေးဖို့ အကြံပြု ထားပါတယ်။

FAO ရဲ့ မြန်မာပြည်ဆိုင်ရာဌာနေ ကိုယ်စားလှယ်  ဘိုင်သီလန်ကတော့ ရေဘေးဒဏ်ခံရသူတွေအတွက် မျိုးစပါးနဲ့ မွေးမြူရေး တိရိစ္ဆာန်တွေပံ့ပိုးပေးတာ၊ ငါးဖမ်းလှေ သင်္ဘောတွေ ပြန်ဆောက်ပေးတာနဲ့ ငါးပုစွန်ကန်တွေ ပြန်လည်ထူထောင်ပေးပြီး လူမှု ဘ၀တွေကို အရေးတကြီး ပြန်လည်တည်ဆောက်ပေးဖို့ တိုက်တွန်းပါတယ်။

ဒါ့အပြင် နောင်ဖြစ်လာမယ့် အရေးပေါ်သဘာဝဘေးတွေမှာ  လယ်သမားတွေပိုမို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ရေရှည်အာရုံစိုက်လုပ်သွားဖို့၊ လာမယ့် မိုးရာသီစိုက်ပျိုးချိန်အမီ မျိုးစပါးတွေ ဖြန့်ဝေပေးဖို့နဲ့ ရိတ်သိမ်းချိန်လွန်လိုအပ်တဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ အမြန်ဆုံးကူညီပေးဖို့လည်း အကြံပြုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ဇူလိုင်က ကိုမန်ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အပါအ၀င် ပြည်နယ်နဲ့တိုင်းတွေမှာ  ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ရေဘေးကြောင့် မြန်မာနိုင်ငံရဲ့ ဆန်စပါးထွက်ရှိမှုဟာ ၂၀၁၅ မှာ  ၂၀၁၄ ခုနှစ်ကထက် ၃ ရာခိုင်နှုန်းကျသွားပြီး လွန်ခဲ့တဲ့ ၃ နှစ်ကထက် ပျမ်းမျ ၂ ရာခိုင်နှုန်းကျဆင်းသွားတဲ့အကြောင်း  ချင်းနဲ့ရခိုင်ပြည်နယ်မှာတော့ ၁၅ ရာခိုင်နှုန်းအထိ ဆန်စပါးထွက်ရှိမှု ကျသွားတယ်လို့ ကုလ သမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

၂၀၁၅ ခုနှစ်ကုန်မှာ  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ရေကြီးမြေပြိုမှုဒဏ်ခံရတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တွေက လူ ၅ သိန်းလောက်ကို အကူအညီပေးခဲ့ပြီး ၂၀၁၆ နှစ်လည်ပိုင်းလောက်မှာ လူပေါင်း ၁၀၄၀၀၀ အတွက် အကူအညီတွေ ထပ်ပေးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိမှာ ၂၀၁၆ နှစ်ကုန်အထိ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်သူတွေကို အပြည့်အ၀ပေး နိုင်ဖို့ WFPအနေနဲ့ ရန်ပုံငွေ ကန်ဒေါ်လာ ၄၇ သန်း လိုအပ်နေပြီး FAO ကတော့ ဒေါ်လာ ၇ ဒသမ ၁သန်းလိုအပ်နေတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်အတွင်း ပြည်နယ်တိုင်း ၁၂ ခုလောက်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမြေပြိုသဘာဝဘေးကြောင့် လူ ၁၃၀ လောက်သေဆုံးကာ ၂ သန်းလောက်ဘေးဒုက္ခ ရောက်ခဲ့ကြတာဖြစ်ပြီး ထိခိုက်နစ်နာခဲ့တဲ့ စီးပွားရေးတန်ဖိုးဟာ ကန်ဒေါ်လာ သန်းပေါင်း ၁ ဒသမ ၅ ဘီလီယံ လောက်ရှိမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013