DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်ကာလ ရဲလုံခြုံရေး ၅၀ ရာခိုင်နှုန်း ထားရှိမည်
DVB
·
March 19, 2016
ရန်ကုန်သင်္ကြန်ကာလ ရဲလုံခြုံရေး ၅၀ ရာခိုင်နှုန်း ထားရှိမည်
Donate to DVB

သင်္ကြန်ကာလအတွင်း ရဲဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းကို အလှည့်ကျစနစ်နဲ့ အသုံးပြုသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲဝန်ထမ်းအင်အား ၇ ထောင်ကျော်ရှိတဲ့အထဲက သင်္ကြန်ကာလအတွင်းမှာ ၅၀ ရခိုင်နှုန်းကို လုံခြုံရေးအတွက် အလှည့်ကျ အသုံးပြုသွားမှာပါ။

မှုခင်းကြိုတင်ကာကွယ်ရေးအနေနဲ့ သင်္ကြန်အကြိုကာလနဲ့၊ သင်္ကြန်ကာလ ဆိုပြီး နှစ်ပိုင်းခွဲ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်ကပြောပါတယ်။

“သင်္ကြန်အကြိုကာလ ရောက်နေပါပြီ။ အကြိုကာလမှာ ကျနော်တို့ ပြင်ဆင်၊ ပိတ်ဆို့၊ စစ်ဆေးတာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်။ ဒါကလည်း ကျနော်တို့ အမြဲတမ်းပေါ့နော် ခိုးဆိုးလုခိုက်လေ့ ရှိတဲ့သူတွေ၊ ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လုပ်လေ့လုပ်ထ ရှိတဲ့သူတွေကို ကျနော်တို့ အကျယ်ချုပ်၊ ခံဝန်အရ ဆောင်ရွက်ထားတာ ရှိပါတယ်။ ပြီးရင် ကျနော်တို့ သင်္ကြန်ကာလအတွင်းမှာ မူးယစ်၊ ရမ်းကားမှုတွေ မရှိစေဖို့အတွက် တရားမ၀င် အရက်ပုန်းဆိုင်တွေကို ကျနော်တို့ အရေးယူတာတွေ၊ ပြီးတော့ လိုင်စင်ထုတ်ပေးထားသော်လည်း စည်းကမ်းနဲ့မညီဘဲနဲ့ ရောင်းချတဲ့ အရက်ဆိုင်တွေကိုလည်း ကျနော်တို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပူးပေါင်းပြီးတော့ စစ်ဆေးတာတွေ၊ အရေးယူမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တဖက်ကလည်း တရားမ၀င် လိင်စိတ်ကြွစေတဲ့ ဆေးဝါးရောင်းချမှု မရှိစေရေးကိုလည်း ကျနော်တို့ အိမ်သုံးဆေးဝါးရောင်းချတဲ့ ဆိုင်တွေကို ကျနော်တို့ အသိပညာပေးတာတွေ၊ အဖွဲ့ပေါင်းစုံနဲ့ စစ်ဆေးတာတွေ၊ ကြပ်မတ်အရေးယူတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း သင်္ကြန်ကာလအတွင်း ယာဉ်ထိန်းရဲအင်အား ၉၀၀ ကျော် အသုံးပြုသွားမယ်လို့ သိရပါတယ်။

ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွာလာရင်ဖြေရှင်းဖို့အတွက် ကမ္ဘာအေးစေတီလမ်းဆုံနဲ့ ပါရမီလမ်းဆုံ၊ ကုက္ကိုင်းလမ်းဆုံ၊ မြို့တော်ခန်းမရှေ့၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဦးထောင်ဘိုအဝိုင်း၊ ကန်တော်ကြီးကန်ပတ်လမ်း စတဲ့ရန်ကုန်မြို့ရဲ့ အဓိကနေရာ ၇ ခု မှာ ကရိန်းယာဉ်တွေကို အဆင်သင့်ထားရှိသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းမြင့်က  ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ရဲ့ အတွေ့အကြုံအရ ဒီယာဉ်တိမ်းမှောက်တဲ့အခါမှာ ပြန်ကြည့်တဲ့အခါမှာ ကျနော်တို့ မီးသတ်ကားတွေပေါ့။ သာမန်တင်ရမယ့် လူဦးရေထက် ပိုတင်လာတာရှိတယ်။ ပိုတင်လာတဲ့အတွက် တကားလုံးကို မနိုင်ဝန်ထမ်းပြီးမှ မောင်းတာလေ။ ဒါပေမဲ့ လူတွေကလည်း နည်းနည်းပေါ့ အဲသင်္ကြန်ကာလအတွင်းမှာ ပျော်ဖို့ဆိုပြီး အရက်နည်းနည်းပါးပါး သောက်ထားတာ ရှိတယ်လေ။ အဲဒီအပေါ်မှာ မနိုင်ဝန်နဲ့ ယာဉ်တိမ်းမှောက်မှု၊ လူတိုက်မိတာတို့၊ တခုခုကို ၀င်တိုက်မိတာတို့ ဒါမျိုးတွေ ဖြစ်တာကို တွေ့ရပါတယ်။”

သင်္ကြန်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အင်အားတိုးဆောင်ရွက်မှာဖြစ်သလို ရန်ကုန်တိုင်းအတွင်းက ဥပဒေရုံးအားလုံးကိုလည်း ၂၄ နာရီဖွင့်လှစ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး ဥပဒေအရာရှိ ဦးမြင့်သန်းက ပြောပါတယ်။

“အခုနှစ် ဥပဒေရုံး ရန်ကုန်တိုင်းဒေသကြီးမှာ ၄၅ မြို့ရှိတဲ့အနက်၊ ကိုကိုးကျွန်းမြို့နယ် ရုံးကလွဲရင် ကျန်တဲ့မြို့နယ် ၄၄ မြို့နယ်ကို ကျနော်တို့ ဥပဒေရုံးများ ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

၂၀၁၅ ခုနှစ် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တရားစွဲဆိုမှု ၅၁၁ မှုမှာ အမှု ၄၈၀ ကို ဥပဒေရုံးက ဖြေရှင်းနိုင်ခဲ့ပြီး လက်ကျန် ၃၃မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013