DVB Logo
Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်း တန်းတူတိုးတက်ရေးကြိုးပမ်းမည်ဟု ဒုသမ္မတဗန်ထီးယူ ကတိပေး
DVB
·
March 18, 2016
ပြည်နယ်နှင့်တိုင်း  တန်းတူတိုးတက်ရေးကြိုးပမ်းမည်ဟု ဒုသမ္မတဗန်ထီးယူ ကတိပေး
Donate to DVB

နိုင်ငံတခုလုံးရဲ့ ဒုသမ္မတ ဖြစ်တာမို့ ချင်းပြည်တခုထဲအတွက်သာမက  တိုင်းနဲ့ပြည်နယ် အားလုံး တန်းတူတိုးတက်ရေးအတွက် လုပ်သွားမှာ ဖြစ်တယ်လို့ ဒုတိယသမ္မတ ဗန်ထီးယူ က  ဒီဗွီဘီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။

ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားတဦးဖြစ်တဲ့ ဦးဟင်နရီ ဗန်ထီးယူဟာ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံ ခဲ့ရတာပါ။ သူအနေနဲ့ ချင်းတိုင်းရင်းသားတဦးဖြစ်ပေမယ့် ပြည်သူတွေအားလုံးက ရွေးချယ် တင်မြောက်တဲ့ ဒုသမ္မတဖြစ်တဲ့အတွက် တနိုင်ငံလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်မယ်လို့ ပြောပါတယ်။

“ဒုတိယသမ္မတဖြစ်တဲ့အခါမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ချင်းပြည်နယ်အတွက်ပဲ ကွက်ပြီးဆောင်ရွက်ဖို့ အထူးဦးစားလုပ်ဖို့ ကျနော်မှာ မရှိပါဘူး။ တနိုင်ငံလုံးပေါ့နော် တိုင်းနဲ့ ပြည်နယ်တွေအားလုံးက ဒေသတွေအားလုံး တန်းတူရည်တူ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာလည်း အကြီးဆုံးဖြစ်တယ်လို့ပြောပါတယ်။ အခုလို ဒုသမ္မတဖြစ်လာဖို့က ပြည်သူတွေရဲ့ ထောက်ခံချက် တွေကြောင့်ဖြစ်တဲ့အတွက် တာဝန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွားလို့ပြောပါတယ်။

“မကြာခင်မှာ အစိုးရ စတင်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်လာအောင် ပြည်သူလူထုတွေရဲ့ ထောက်ခံအားပေးမှုတွေကြောင့်ဖြစ်ပါတယ်။ ကျနော်ဒီကိုရောက်လာဖို့ လည်း ပြည်သူတွေရဲ့ ထောက်ခံမှုတွေကြောင့် ပြည်သူတွေကို အထူးဘဲ ကျေးဇူးတင်တယ်။ နောက်ပြီးတော့ ဒီတာဝန်ပေးအပ်တဲ့ အခါမှာ ဒီတာဝန်အပေါ်ကို သိစ္စာရှိရှိနဲ့ အကောင်းဆုံး ဖြစ်အောင်ကြိုးစားပြီးတော့ ထမ်းဆောင်ပါမယ်လို့ ပြောချင်ပါတယ်။”

တပ်မတော်သား အရာရှိဟောင်းဖြစ်ခဲ့တဲ့ ဦးဟင်နရီဗန်ထီးယူဟာ အန်အယ်လ်ဒီပါတီကို ဝင်ခဲ့ရတဲ့ ရည်ရွယ်ချက်က အန်အယ်လ်ဒီပါတီဟာ ကမ္ဘာ့အလယ်မှာ ဆင်းရဲဆုံးနိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံကို ကယ်ထုတ်နိုင်ဖို့ ဖြစ်နိုင်ဆုံးပါတီဖြစ်သလို သူဖြစ်ချင်တဲ့ နိုင်ငံကို ဖမ်းတီးနိုင်တဲ့ ပါတီတခုဖြစ်တယ်လို့ပြောပါတယ်။

ဦးဟင်နရီဗန်ထီးယူဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အဆိုပြုတဲ့ လွှတ်တော် နာယကဟောင်း ဦးခင်အောင်မြင့်နဲ့ ယှဉ်ပြိုင်ရွေးခံခဲ့ရာမှာ  ၁၄၈ မဲ၊ ၁၃ မဲနဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယ သမ္မတ ဖြစ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013