
မြန်မာ့တပ်မတော်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းဒေသမှာ စစ်အင်အား အမြောက်အမြား ပို့ဆောင်ပြီး တအာင်းပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပေါ်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ တအာင်းအမျိုးသမီးအဖွဲနဲ့ တအာင်းကျောင်းသားလူငယ်အဖွဲ့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ဒီကနေ့အထိ အစိုးရတပ်အနေနဲ့ အပစ်မဲရွာသူ ရွာသား ၁၀၀ လောက် ဖမ်းဆီးခံရပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခြင်း ခံရမှုတွေ ရှိနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လွေးပိုးကျိန်ကီက ပြောပါတယ်။
“တော်တော်များများရွာတွေမှာ စစ်တပ်တွေက ၀င်ပြီဆိုရင် ရွာသူရွာသားတွေကို ဖမ်းတာက နေရာတိုင်းလိုလိုဖြစ်နေတယ်။ အခု ကျမတို့ ဖော်ပြတဲ့အထဲမှာလည်း ကျောက်မဲဘက်က ပါတယ်။ နမ့်ခမ်းဘက်က ပါတယ်။ ကွတ်ခိုင်၊ မိုင်းလုံ၊ နမ့်ဆန် တော်တော်များများ ရောက်တဲ့နေရာမှာ ဖမ်းတာရှိတယ်။ အခုတလော ကျောက်မဲမြို့နယ်နဲ့ မိုင်းလုံမြို့နယ်ဘက်မှာဆိုရင် သူတို့က ဖမ်းသွားတာ အယောက် ၅၀၊ နောက် ကွတ်ခိုင်ဘက်မှာလည်း ဖမ်းသွားတာက အယောက် ၂၀၊ နောက်ဒီကွတ်ခိုင်မြို့မှာပဲ ၁၄ ဦး ဖမ်းသွားတယ်။ အခုလည်း ဗျူဟာမှူးစခန်းမှာ ထိန်းသိန်းခံထားရတယ်။ ခုဖမ်းဆီးတဲ့ အပိုင်းကတော့ တော်တော်များများ နေရာတိုင်းလိုလိုဖြစ်တာ။”
ရွာသူရွာသားတွေကို အစိုးရတပ် တပ်မ ၆၆ နဲ့ ၇၇ က တပ်ခွဲတွေ ဖမ်းဆီးသွားတာ များတယ်လို့လည်း သူက ပြောပါတယ်။
ဒါအပြင် တအာင်းပလောင်တပ်မတော်နဲ့ အစိုးရအတပ်အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိမ်ခြေ ၂၀ မီးရှို့ခံခဲ့ရသလို တိုက်ပွဲအတွက် ရွာသားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာဒေသတ၀ိုက် အိုးအိမ်ပစ္စည်းတွေ၊ ဆန်စပါးတွေကို မီးရှို့ဖျက်ဆီးမှုတွေကြာင့် တအာင်းပြည်သူ ၁၀၀၀ ကျော် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
အစိုးရတပ်အနေနဲ့ ပြည်သူလူထုကို ဦးတည်တိုက်ခိုက်နေတာ၊ ပြည်တွင်းစစ်မီးကို ပိုမိုကြီးထွားအောင် လုပ်ဆောင်နေတာဟာ အန်အယ်လ်ဒီ အစိုးရသစ်ကို အခက်တွေ့အောင် တမင် ဖန်တီးခြင်းဖြစ်ပြီး တိုင်းရင်းသားလူမျိုးများအပေါ် နိုင်ငံရေးအရ ခွဲခြားဖိနှိပ်နေတာ ဖြစ်တယ်လို့ လည်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် မြန်မာ့တပ်မတော်အနေနဲ့ ဖမ်းဆီးထားတဲ့ ရွာသူ/သားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရသူတွေ အပါအဝင် နစ်နာမှုများအားလုံးကို ကုစားပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
“ကျမတို့ တောင်းဆိုချင်တာက အခု ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ အဓိက ကျမတို့ဖြစ်ချင်တာက ရွာသူရွာသားတွေ အပြစ်မရှိဘဲနဲ့ ဖမ်းဆီးနှိပ်စက်တဲ့ကိစ္စတွေ မလုပ်ဖို့၊ ရွာသားတွေကို ဦးတည်ပြီး အကြမ်းဖက်တာတွေ မလုပ်ဖို့။ ဖြစ်နိုင်ရင် အမြန်ဆုံးငြိမ်းချမ်းရေး ဖြစ်မြောက်အောင် ဆွေးနွေးပေးဖို့ ကျမတို့ ငြိမ်းချမ်းရေးကို အရမ်းလိုချင်တယ်။ ဒီလို ဖြစ်ပြီဆိုရင်ဒေသခံတွေ အရမ်းဒုက္ခရောက်တယ်။ လက်ရှိ ကွတ်ခိုင်မြို့နယ်ထဲမှာကိုပဲ ဒုက္ခသည်အသစ်ရောက်လာတာက ၁၀၀၀ ကျော်ရှိနေပြီ။ ဒီတရက်နှစ်ရက်ထဲမှာလည်း ထပ်ရောက်လာတာရှိတယ်”လို့ လွေးပိုကျိန်ကီက ပြောပါတယ်။
ရှမ်းပြည်နယ် ကွတ်ခိုင်၊ ကျောက်မဲနဲ့ မန်တုံမြို့နယ်တွေအတွင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက် ကစပြီး တအာင်းတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)အကြား၊ မြန်မာတပ်မတော် တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ဒုက္ခသည်ထောင်ချီထွက်ပြေး တိမ်းရှောင်နေကြရ ပါတယ်။











