DVB Logo
Home
Lead Story
၈ မိုင်ခုံးကျော်တံတား အက်ကြောင်းကိစ္စ စီမံကိန်းဒါရိုက်တာကို မေးမြန်းချက်
DVB
·
March 19, 2016
၈ မိုင်ခုံးကျော်တံတား အက်ကြောင်းကိစ္စ စီမံကိန်းဒါရိုက်တာကို မေးမြန်းချက်
Donate to DVB

အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ၈ မိုင်ခုံးကျော်တံတား အက်ကြောင်းဖြစ်ပေါ်နေတဲ့အပေါ် မဟုတ်မှန်ကြောင်းနဲ့ တံတားကို နှစ် ၅၀ အာမခံနိုင်ကြောင်း တံတားစီမံကိန်း ဒါရိုက်တာက ပြောပါတယ်။

၈ မိုင်ခုံးကျော်တံတား ကိုယ်ထည်နဲ့ မသက်ဆိုင်ဘဲ တံတားအပေါ်လက်ရန်း တခုနဲ့တခုကြား ဆက်ကြောင်းတွေထဲက သစ်သားပုံစံတွေကို အချောမသတ်ခင် ပြန်ခွာထုတ်နေရတာသာဖြစ်ပြီး အန္တရာယ်မရှိဘူးလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး တံတားစီမံကိန်းဒါရိုက်တာနဲ့ အလုပ်သမား ကြီးကြပ်သူတို့ကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

ဦးသန်းဆွေ (စီမံကိန်းဒါရိုက်တာ)

“ဒီအွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့အကြောင်းက တံတားကို ကျနော်တို့ အချောသပ်မလုပ်ခင်ပေါ့လေ လက်ရန်းပိုင်းမှာ တံတားရဲ့ structure နဲ့လည်း မပတ်သက်ပါဘူးနော်။ တံတားလက်ရန်းမှာ ကွန်ကရစ် လောင်းထားတာ ပုံစံတွေခွာတဲ့အခါမှာ ကျနော်တို့ ပြန်အချောသပ်ဖို့လိုပါတယ်။ အချောမသပ်ခင်ရိုက်ပြီးတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်လိုက်တဲ့ဟာဖြစ်ပါတယ်။ ကျနော်တို့က မတ်လ ၁၅ ရက်နေ့မှာ မော်တော်ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် တံတားဖွင့်ပွဲကြီးကို ကျနော်တို့က မတ်လ ၂၃ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။ တံတားဖွင့်ပွဲ မတိုင်ခင် ကျနော်တို့က အချောသပ်လုပ်ငန်းတွေကို အပြီးသပ်ဆောင်ရွက်ရမှာလေ။ အခုဒီဟာဆိုရင် အက်တာ လုံးဝမဟုတ်ပါဘူး။ ကျနော်တို့ အင်ဂျင်နီယာတွေလည်း အားလုံးသိပါတယ်။ အများပြည်သူကတော့ အမှတ်တမဲ့ကြည့်ရင် ဒီဟာကို တံတားအက်တယ်လို့ ထင်လိမ့်မယ်။ ဒါပေမယ့် ဒီဟာက အချောမသပ်ရသေးတာပဲ။ အခုချိန်မှာဆိုရင် အချောသပ်တော်တော်များများ ပြီးပါပြီ။ တံတားခံနိုင်ဝန်နဲ့ တံတားရဲ့ ခိုင်ခံ့မှုကို ကျနော်တို့အားလုံး လုံးဝတာဝန်ယူပါတယ်။”

ဒီဟာက ဘယ်လိုကြောင့် ပျံ့နှံ့တာလဲဆိုတာရော၊ ပြည်သူတွေဆီက ပျံ့နှံ့သွားတာလား၊ အတွင်းပိုင်းကနေ စပြီးတော့ ဖြစ်တာလားဆိုတာ သိပါရစေ။

“အဲဒါတော့ ကျနော်တို့က မသိပါဘူး။ ဒီဟာက လမ်းမကြီးမှာ ဖြစ်တဲ့အတွက် လမ်းပေါ်မှာ တွေ့တဲ့လူကနေပြီးတော့ပေါ့နော်၊ အခုချိန်ကလည်း လွယ်ကူပါတယ် ရိုက်လို့က၊ ကင်မရာလေးတွေနဲ့နော် ဖုန်းကင်မရာလေးတွေနဲ့ ရိုက်တဲ့အခါကျတော့ လွယ်ကူပါတယ်။ ဒီဟာလေးတွေ အချောမသပ်ရသေးခင်မှာ ရိုက်ပြီးတော့ ဒါကိုထည့်လိုက်တာပါ။ အဲတော့ အများပြည်သူတွေက ထင်ယောင်ထင်မှားဖြစ်တယ်။ တော်တော်များများကလည်း ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့တဲ့အခါကျတော့ စိုးရိမ်စိတ်တွေ ရှိတယ်ပေါ့နော်။ တံတားပေါ်မှာ ခုလည်းပဲ ကားတွေ ဖြတ်သန်းနေပါပြီ။ နောက် ဖွင့်ပွဲလည်း မလုပ်ရသေးပါဘူး။ ၂၃ ရက်နေ့ ဖွင့်ပွဲလုပ်မှာဆိုတော့ ဒါတွေကို ကျနော်တို့ ဘာမှလည်း စိုးရိမ်စရာမရှိပါဘူး။ ခိုင်ခံ့မှုကလည်း လုံးဝတာဝန်ယူပါတယ်။ တံတားက ကျနော်တို့ နိုင်ငံတကာ စံချိန်စံညွှန်းအညီနဲ့ လုပ်ထားတဲ့အတွက် ဒီတံတားကြီးသည် ကျနော်တို့ နှစ် ၅၀ ထိအောင် အာမခံနိုင်ပါတယ်နော်။”

ဒီတံတားတည်ဆောက်ချိန် ဘယ်လောက်ကြာခဲ့လဲ၊ ဘယ်ကုမ္ပဏီအမျိုးအစားကနေ ပါဝင်ခဲ့လဲဆိုတာ ထည့်ပြီးပြောပေးပါဦး။

“ဒီတံတားက ကျနော်တို့ ၉-၉-၂၀၁၅ ခုနှစ်မှာ စပြီး အုတ်မြစ်ချခဲ့တယ်။ တည်ဆောက်ချိန်ကာလက ၆ လခွဲပဲ ကြာခဲ့ပါတယ်။ ပြီးစီးဖို့ သတ်မှတ်ထားတာကတော့ ၇ လနဲ့ သတ်မှတ်ထားတာ။ ၁၅ ရက် စောပြီးပါတယ်။ ဒါကို ကျနော်တို့ ကုမ္ပဏီက အင်ဂျင်နီယာများနဲ့ ၀န်ထမ်းများအားလုံး ကြိုးစားပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ၁၅ ရက်စောပြီးတော့ ပြည်သူလူထုက ယာဉ်ကြောကျပ်တည်းမှုကို ၁၅ ရက်စောပြီးတော့ ဖြေလျှော့လို့ရပါတယ်။ ဖွင့်ပွဲကိုလည်း ၂၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။”

အခုလုပ်ဆောင်တာ ခရောင်းကုမ္ပဏီလား။

“ဟုတ်ပါတယ်၊ ကျနော်တို့က Crown Advanced ကုမ္ပဏီလီမိတက် ဖြစ်ပါတယ်။”

လက်ရှိ ပြည်သူတွေ စိုးရိမ်စိတ်ရှိနေတဲ့အပေါ်မှာ အန်ကယ့်အနေနဲ့ ဘာများ ဖြည့်စွက် ပြောဖို့ ရှိပါသေးလဲ။

“အများပြည်သူကို ပြောချင်တာကတော့ ကျနော်တို့တည်ဆောက်ထားတဲ့ တံတားကြီးကို စိတ်ချလက်ချဖြတ်သန်းပါ။ ဒီမှာရေးထားတဲ့အတိုင်းတွေ မဟုတ်ပါဘူးဆိုတာလေးတွေ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတံတားက ကျနော်တို့ ၇၅ တန်ခံနိုင်အောင်လို့ တည်ဆောက်ထားတဲ့တံတား ဖြစ်ပါတယ်။ စိတ်ချလက်ချ ဖြတ်သန်းပြီးတော့ ခိုင်ခံ့ကြောင်းကိုလည်း ပြောချင်ပါတယ်။”

အခုဒီဟာကို ပက်ကြားအက်တဲ့ အမျိုးအစားလို့မခေါ်တော့ ဘယ်လိုခေါ်လဲ။

“ဒါက ပက်ကြားအက်တာ မဟုတ်ပါဘူး။ ကွန်ကရစ်စလေးတွေကို တန်းဝင်ရိုက်တဲ့အခါကျတော့ ကွန်ကရစ်အစလေးတွေက လှိုင်းလေးတွေဖြစ်နေတာ။ ကျနော်တို့လည်း ကြည့်ပြီးပါပြီ။ အဲဒါကို အမှတ်တမဲ့ အင်ဂျင်နီယာတွေကတော့ သိပါတယ်။ အင်ဂျင်နီယာကတော့ ဒါကိုကြည့်လိုက်ရင်သိတယ်။ အများပြည်သူကတော့ ဒါကိုကြည့်လိုက်ရင် ဟာ ဒါကြီးကအက်နေတာ၊ ရေးတဲ့သူကလည်း အဲလိုရေးရင် ရေးမယ်လေနော်။”

အလုပ်သမားကြီးကြပ်သူကို မေးမြန်းချက်

မတ်လ ၁၅ ရက် တံတားပေါ်ကို ကားဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် ၁၆ ရက်နေ့ အွန်လိုင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ ၈ မိုင်တံတားအက်ကြောင်းဖြစ်ပေါ်နေတယ်ဆိုပြီး ပျံ့နှံ့လာပြီးမှ သိရတယ်လို့ အလုပ်သမားကြီးကြပ်သူတဦးကဆိုပါတယ်။

"ထပ်သားကို ထွင်းထုတ်တဲ့သူတွေက တည့်မထုတ်ဘဲနဲ့ ဘေးတွေလျှောက်ထွင်း ဘာတွေ လျှောက်လုပ်တော့ ပက်ကြားအက်သလိုဖြစ်တာ။ အမှန်မှာ ပက်ကြားအက်တာ မဟုတ်ဘူး။"

ပြည်သူတွေစိုးရိမ်သလိုမျိုး ဒီတံတားခိုင်ခံ့မှု မရှိဘူးဆိုတာ မဟုတ်ဘူးပေါ့နော်။

"မဟုတ်ပါဘူး။ ကျနော်တို့က ဂျွိုင်းဆက်တွေဖြတ်တော့ အထပ်သားထည့်ထည့်ပြီးမှ ဖြတ်လို့ရတာ။ သူ့အကန့်နဲ့ သူ့အကန့်နဲ့ အဲဒါ ကွန်ကရစ်လောင်းလိုက်တော့ ကြားထဲမှာ ညပ်နေတော့ ပြန်ဆွဲထုတ်တော့ သူတို့က ထုတ်လို့မရတော့ ဆို့တွေ၊ တူတွေနဲ့ လျှောက်ထွင်းလိုက်တော့ ပက်ကြားအက်သလို ဖြစ်တာ။ မနေ့ကလည်း ကျနော်တွေ့တယ် အဲဒါတွေ။"

အဲဒါ ဘာကြောင့်ဖြစ်တာလဲ။

"အထပ်သွားထွင်းလို့ ကွာပြီး ကပ်ပါသွားတာ။ အထဲထဲမှာ အထပ်သားထည့်ထားတယ်။ သူတို့က ထွင်းထုတ်လိုက်တော့ ဘေးတွေပါ ပိုထွင်းလိုက်တော့ ပက်ကြားအက်သလို ဖြစ်သွားတာ။ အမှန်မဟုတ်ဘူး၊ ကျနော် ညတုန်းက အကုန်လိုက်ကြည့်ပြီးပြီ။"

အစ်ကို ဒီဟာက ဘယ်နှနေရာလောက် ဖြစ်သွားလဲ။

"ဒီဘက်မှာ တနေရာပဲရှိတယ်။ ဒီဘက်ထဲမှာ တနေရာတည်း။ ပက်ကြားအက်တာမဟုတ်ဘူး။ ထွင်းတာများသွားတော့ အောက်ကနေပင့်ပြီး ရိုက်လိုက်တော့ ပက်ကြားအပ်သလိုကြီး ဟက်ပဲ့ကြီး။ အမှန်မှာတော့ အဲလိုပုံစံမျိုးတွေက အများကြီးရှိတယ်။ ကျနော်တို့ အကန့်လေးတွေ အကန့်လေးတွေ ဖြတ်ဖြတ်သွားတာ။ ဒါတွေက ဒါရိုက်တွဲလောင်းလို့မရဘူး။ သူကတံတားဆိုတော့လေ။"

အဲဒါဆို အစ်ကို ပြည်သူတွေမစိုးရိမ်ရအောင် ဘေးအန္တရာယ်ရှိ/မရှိဆိုတဲ့ဟာလေး၊ မရှိတဲ့ အကြောင်းလေးလည်း ပြောပေးပါဦး။

ဘာမှတော့ ပြဿနာမရှိဘူး။ အဲဒါတွေပဲ ခုကျနော်တို့ လိုက်ဖာပေးနေတာ။ အထပ်သားတွေကို အဲဒီထဲက အခုပြန်ထုတ်။ ပထမလူတွေက အဲလိုပေါ့ ပရမ်းပတာ ထုတ်သွားတော့ ဒီကနေဖုန်းနဲ့ရိုက်ပြီး တင်လိုက်တော့ ပက်ကြားအက်ကြီးဖြစ်နေတာ။ ကျနော်တောင်လန့်သွားတယ် သွားတက်ကြည့်တော့ မဟုတ်ဘူး။ အထပ်သားစတွေ အထဲထဲမှာ။"

အစ်ကိုတို့ ဘယ်လိုစသိလဲ အဲဒါကို။

"ဘယ်လိုစသိလဲဆိုတော့ ဒီဖုန်းထဲမှာပေါ်လာတာပေါ့။ ဖေ့စ်ဘွတ်ခ်လိုင်းမှာ ပေါ်လာတော့ ပက်ကြားအက်တယ်တဲ့၊ အင်ဂျင်နီယာတွေက ကျနော့်ကိုပြောတော့ အစ်ကိုမဟုတ်ဘူး သေချာတက်ကြည့်ဆိုတော့ သွားတက်ကြည့်တော့ အထဲထဲမှာ အထပ်သားစတွေ သူတို့က ကုန်အောင်မှမထုတ်တာ။ အပေါ်ယံကို ထွင်းထွင်းပြီးတော့ ကုန်ပြီဆိုပြီးတော့ ပစ်ထားခဲ့တယ်။ တည့်တည့်ထွင်းရင်ရတယ်၊ သူတို့က ဘေးတွေပါ လျှောက်ထွင်းလိုက်တော့ မြန်မြန်ထွက်အောင်ဆိုပြီး လျှောက်လုပ်လိုက်တော့ အောက်ကလှမ်းကြည့်လိုက်ရင် ပက်ကြားအက်ကြီးတွေလို။"

အစ်ကို ဒီတံတားကျတော့ ဘယ်လောက်ကြာသွားပြီလဲ ဆောက်တာ။

"ကျနော်က ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်။"

အစ်ကိုတို့ သိထားတာ အားလုံးဘယ်လောက်ကြာသွားပြီလဲ။ ဒီတံတား အစအဆုံးဆိုရင်။

"မပြောတတ်ဘူး။"

၈ မိုင်ခုံးကျော်တံတားဟာ လာမယ့် ၂၃ ရက်နေ့မှာ တံတားဖွင့်ပွဲပြုလုပ်မှာဖြစ်ပေမယ့် ၁၅ ရက်စောပြီး တံတားပေါ်ကို ကားတွေဖြတ်သန်းခွင့် ပြုလိုက်တာဖြစ်ပါတယ်။

လက်ရှိခုံးကျော်တံတား ၃ ခုဖြစ်တဲ့ ကုက္ကိုင်းခုံးကျော်တံတား၊ ၈ မိုင်ခုံးကျော်တံတားနဲ့ တာမွေခုံးကျော်တံတားတို့ဖြစ်ပြီး ၈ မိုင်ခုံးကျော်တံတားက ၆ စင်းမြောက်ဖွင့်လှစ်မယ့် တံတားလည်း ဖြစ်ပါတယ်။

ဒီတံတားကို ၂၀၁၅ စက်တင်ဘာ ၉ ရက်နေ့က လေလံအောင်ခဲ့တဲ့ Crown ကုမ္ပဏီက ပြည်တွင်း အကြီးတန်း၊ အငယ်တန်း အင်ဂျင်နီယာ အယောက် ၃၀ နဲ့ စတင်ဆောက်လုပ်ခဲ့တာပါ။

တံတားအရှည် စုစုပေါင်း ၆၅၁ မီတာရှိပြီး ၇၅ တန်အထိ ဖြတ်သန်းလို့ရအောင် တည်ဆောက်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013