DVB Logo
Home
မြန်မာသတင်း
ခန့်အပ်ခံ ၀န်ကြီးများ တာဝန်ကြီးလာမည်ဟု ၈၈ မျိုးဆက်ပြော
DVB
·
March 18, 2016
ခန့်အပ်ခံ ၀န်ကြီးများ တာဝန်ကြီးလာမည်ဟု ၈၈ မျိုးဆက်ပြော
Donate to DVB

ဝန်ကြီးဌာနအရေအတွက် လျှော့ချပြီး တချို့ကို ပေါင်းလိုက်တာကြောင့် အစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာမှာဖြစ်ပေမယ့် ခန့်အပ်ခံရတဲ့ ဝန်ကြီးတွေ အနေနဲ့တော့ အရင်အစိုးရဝန်ကြီးတွေထက် တာဝန်ပိုကြီးလာမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောဆိုပါတယ်။

အထူးသဖြင့် သစ်တောဝန်ကြီးဌာနကို ပယ်ဖျက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ကို ထည့်သွင်းခဲ့တဲ့အပေါ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီက အခုလို သုံးသပ်ပါတယ်။

“ဒီသစ်တောလိုကဏ္ဍမျိုးက ဘာပဲဖြစ်ဖြစ် ကျယ်ပြန့်တာပေါ့။ အဲဒါကို တွင်းထွက်တွေ၊ သယံဇာတတွေ၊ စသဖြင့်ပေါ့၊ အဲ့ဒါတွေနဲ့ ပေါင်းလိုက်တယ်ဆိုရင် အဲ့ဒီခွင်ကြီးက တော်တော်ကျယ်တယ်ဗျ။ အဲ့ဒါကို ၀န်ကြီးတယောက်တည်းနဲ့ ဘယ်လိုထိန်းချုပ်မလဲ ဆိုတာကတော့၊ အဲ့ဒါကတော့ တော်တော်လေးကို capacity (စွမ်းရည်) ကောင်းတဲ့ ၀န်ကြီးမျိုးမှ ဖြစ်မယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆိုတော့ သူက သိပ်ကျယ်ပြန့်သွားပြီ။ မြေပေါ်၊ မြေအောက် သယံဇာတတွေ အကုန်ပါသွားတယ်။ အဲ့ဒါကျတော့ သိပ်ကျယ်ပြန့်သွားတယ်လို့ ကျနော်မြင်တယ်ပေါ့။”

အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက ဝန်ကြီးဌာနနဲ့၊ ဝန်ကြီးအရေအတွက်ဟာ အလွန်များပြားနေတာဖြစ်ပြီး အခုလို ပေါင်းစပ်ဝန်ကြီးဌာနတွေ ဖွဲ့စည်းလိုက်တာကို ကြိုဆိုတယ်လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်မိုရ်ဆွေက ပြောပါတယ်။

“အရင် အစိုးရလက်ထက်မှာ ၀န်ကြီးဌာနတွေက များလွန်းတယ်။ အဲ့တော့ ၃၆ ရယ်၊ ဒု-၀န်ကြီးက ၆၀ ရယ်ဆိုတော့၊ ၉၆ ဦးတောင်ရှိတယ်။ အဲ့တော့ ဒီ အိမ်နီးနားချင်းနိုင်ငံ တနိုင်ငံဖြစ်တဲ့၊ ဒီမိုကရေစီကျင့်သုံးတဲ့၊ အိန္ဒိယနိုင်ငံကြီးတောင်မှ အားလုံးပေါင်း ၅၀ လောက်ပဲရှိတာ။ ဒီပြည်ထောင်စုအစိုးရရဲ့ ၀န်ကြီးတွေက ခုနကပြောသလို အရမ်းများနေတယ်။”

ဝန်ကြီးဌာနတွေ ပေါင်းစည်းလိုက်တဲ့ အခြေအနေအပေါ် အခြေခံဝန်ထမ်းတွေက စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေကြတာကိုလည်း တွေ့ရပါတယ်။

အဲဒီစိုးရိမ်စိတ်ဟာ ဦးသိန်းစိန်အစိုးရလက်ထက် စက်မှု (၁) ဝန်ကြီးဌာနနဲ့၊ စက်မှု (၂) ဝန်ကြီးဌာန ပေါင်းခဲ့စဉ်က ဝန်ထမ်းအများအပြား လျှော့ချခဲ့တဲ့ ဖြစ်ရပ်အပေါ် အခြေခံတာလို့  သူက ဆက်ပြောပါတယ်။

“သတ္တုဆိုလို့ရင်လည်း ခုနက သယံဇာတမှာ သူကသွားပါမှာပေါ့။ သဘောပြောပြတာ သတ္တုတွင်းဝန်ကြီးဌာနပေါ့။ နောက်တခုက သမ၀ါယမ ပေါ့နော်၊ နည်းပညာပေါ့။ နောက်တခုက သစ်တောလည်း ထိုနည်းလည်းကောင်းပေါ့။ သယံဇာတမှာပဲပေါ့။ ဆိုတော့ ဖျက်ပစ်လို့မှ မရဘဲ။ ဖျက်ပစ်လို့ မရတဲ့အတွက်ကြောင့် ၀န်ထမ်းတွေကလည်းပဲ စိုးရိမ်စရာတော့ မရှိဘူး။ ၀န်ထမ်းတွေ တကယ်လို့ လျှော့ရမယ်၊ ပြုရမယ်ဆိုရင်လည်း၊ ချဲ့မယ့်ဌာနကို၊ ဒီဘက်ဌာနကလူကို၊ ဟိုဘက်ဌာနကို ပြောင်းပေးတဲ့နည်းနဲ့လည်း လုပ်လို့ရတယ်။ အဲ့တော့ ၀န်ထမ်းကိုတော့ ဖြုတ်ပစ်မယ်လို့ အန်ကယ် မယုံကြည်ဘူး။ ဖြုတ်လည်း မဖြုတ်သင့်ဘူးပေါ့။”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနတွေ လျှော့ချမယ်လို့ သတင်းစထွက်စဉ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဝန်ထမ်းတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013