
ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ် ဦးထင်ကျော်က ပြည်တောင်စု ၀န်ကြီးဌာန ၂၁ ခုကို ဒီကနေ့ အဆိုပြုတင်သွင်းခဲ့ပါတယ်။
အဲဒီထဲမှာ အစိုးရရဲ့ ၀ါဒဖြန့်ချိရေးအာဘော်တွေကို ထုတ်ပြန်ပေးတယ်ဆိုပြီး ဝေဖန်ခံနေရသလို ဆက်လက်မထားရှိသင့်ဘူးဆိုတဲ့ အမြင်သဘောထားရှိနေတဲ့ ပြန်ကြားရေး ၀န်ကြီးဌာနလည်း အဆိုပြုတဲ့အထဲမှာ ပါဝင်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်လက်ထားရှိတာနဲ့ပတ်သက်ပြီး မီဒီယာသမားတွေရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ပြထားပါတယ်။
ဦးဇော်သက်ထွေး (မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဦးဆောင်အဖွဲ့ဝင်)
“ကျနော်လည်း အမြဲတမ်း ပြောခဲ့ပြီးပါပြီ။ ဒီမိုကရေစီနိုင်ငံမှာ ပြန်ကြားရေးဝန်ကြီးဌာန မရှိသင့်ဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာန မရှိသင့်တဲ့အတွက်ကြောင့် အစိုးရအသစ် လွှဲပြောင်းတော့မယ့်အခြေအနေမှာ အဲဒါတွေဖျက်၊ အကုန်လုံးလုပ်ဆိုပြီး ရုတ်တရက် အဲလိုလုပ်လို့ လွယ်ဦးမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာက တော်လှန်ရေးအစိုးရ လက်ထက်ကတည်းက စဖွဲ့ပြီးတော့ ၀ါဒဖြန့်ချိရေးတွေ ဆောင်ရွက်ခဲ့တဲ့ အခါကျတော့ ပြည်သူပိုင်အဆောက်အဦတွေရှိတယ်။ နောက်ပြီးတော့ သူတိုရဲ့ ယန္တရားလည်ပတ်မယ့်စက်တွေ၊ ပုံနှိပ်စက်တွေ၊ အဆောက်အဦတွေ၊ ရုံးတွေ၊ ၀န်ထမ်းတွေ ရှိတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေရှိတယ်။ တချို့လည်း အရင်သတင်းစာခေတ်က သတင်းစာ ဆရာကြီးတွေ ဆိုရင်လည်း ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာထုတ်တဲ့ အင်္ဂလိပ်ဗာရှင်း ရော မြန်မာဗားရှင်းမှာ ထွက်တဲ့ဟာတွေလည်း ၀င်ရောက်လုပ်ကိုင်ထားတာတွေ ရှိတယ်။ အဲဒါအားလုံးကို နေ့ချင်းညချင်း ဖျက်လိုက်ပြီးတော့ ချက်ချင်းဒီလိုမျိုး ၀န်ထမ်းတွေက ဘယ်သွားလို့ သွားရမှန်းမသိ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိ အနေအထားကို ကျနော်တို့ မီဒီယာသမားတယောက် အနေနဲ့ မြင်ယောင်ကြည့်ရမှာပေါ့။ ကျနော်တို့ ပေတံတွေနဲ့ လိုက်တိုင်းမယ်ဆိုရင်တော့ ဒီမိုကရေစီစံနှုန်းအနေနဲ့ မပြည့်ဝတာတွေ အများကြီးတွေ့ရဦးမှာပါ။ သို့သော် ဒါကို အကောင်းမြင်စိတ်နဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ဟာ ဒီဝန်ကြီးဌာန ၃၆ ခုကနေ ၂၁ ခုပဲ ရှိတော့တဲ့အတွက် ကျစ်ကျစ်လစ်လစ်ဖြစ်လာမယ်။ အဲဒီကျစ်ကျစ်လျစ်လျစ်ကို တာဝန်ခံမယ့် ၀န်ကြီးတွေ၊ နိုင်ငံတော်က လစာပေးရယူခံစားမယ့် ၀န်ကြီးတွေ ဗျူရိုကရေစီယန္တရားလည်း ကျုံ့သွားမယ်။ ဒုတိယ၀န်ကြီးတွေ မရှိတော့ဘူး၊ ၀န်ကြီးဌာနတချို့ကို ပေါင်းလိုက်တဲ့အတွက် တိုင်းပြည်ရဲ့ဘဏ္ဍငွေတွေ အများအပြား ကုန်ကျခံစရာမလိုတော့ဘဲ အစိုးရတရပ် လည်ပတ်နိုင်မယ့် အနေအထားရှိပါတယ်။ အခုမှ ၀န်ကြီးဌာနတွေပဲ ထွက်သေးတယ်။ ၀န်ကြီးတွေလည်း မထွက်သေးတဲ့အခါမှာ ကျနော်တို့က ဒါတွေက ဒီမိုကရေစီစံညွှန်းနဲ့ညီတယ်၊ မညီဘူးတို့ ကြိုပြီးကောက်ချက်ပေးဖို့ အခက်အခဲရှိပါတယ်။”
ဦးဇေယျာလှိုင် (မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ)
“အရင်တုန်းက ပြန်ကြားဝန်ကြီးဌာန မထားဖို့ ကျနော့်မဂ္ဂဇင်းအနေနဲ့ ပြောခဲ့ဖူးတယ်။ ရေးခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ အရင် ပြန်ကြားရေးဌာနက ကျနော်တို့ကို အရမ်းနှိပ်ကွပ်တယ်။ မျိုးစုံပေါ့လေ။ စိစစ်ရေးနဲ့ နှိပ်ကွပ်လိုက်၊ ဥပဒေနဲ့နှိပ်ကွပ်လိုက် အမျိုးစုံနှိပ်ကွပ်တာပေါ့လေ။ ကျနော်တို့ ပြန်ကြည့်တော့လည်း ကျနော်တို့ မီဒီယာတိုးတက်ဖို့ လုပ်ခဲ့တာ သိပ်ဘာမှ မတွေ့ရဘူး၊ အဲဒါကြောင့်မို့ ကျနော်တို့က ဖျက်ပစ်ဖို့ ပြောတယ်ပေါ့နော်။ အခုပြန်ပါလာတယ်ပေါ့။ ပြန်ပါလာတယ်ဆိုတော့ ၀န်ကြီးကလည်း အရင်ဝန်ကြီးမဟုတ်တော့ဘူး။ ကျနော်ထင်တယ် ပုံစံတွေနဲ့ ပြောင်းကောင်းပြောင်းမယ်။ ဘယ်လိုပုံစံလာဦးမှာလဲပေါ့။ အဲဒီဝန်ကြီးဌာနက လည်း ထပ်ပြီး အသုံးမကျဘူးဆိုရင်တော့ ကျနော်တို့က ဖျက်ဖို့ ပြောမှာပဲ။ အဓိကကတော့ ကျနော်တို့ မီဒီယာလောကအတွက် အကျိုးမပြုလို့ ဖျက်ဖို့ ပြောတာပေါ့နော်။ အစိုးရသတင်းတွေကိုပဲ လော်ဘီလုပ်မယ်ဆိုရင် ကျနော်တို့အတွက် ဘာမှအကျိုးမရှိဘူး။ ဖျက်ဖို့ပြောတာပေါ့လေ။ နောက်တခုရှိတာက ချက်ချင်းဖျက်မယ်ဆိုလို့ရှိရင် တချို့ဥပဒေတွေထဲမှာ ပြန်ကြားရေးအခန်း ကဏ္ဍက ပါလို့ရအောင် ၀င်ခေါင်းစွပ်ထားတာအများကြီးရှိတယ်။ ဥပဒေတွေဘာတွေ ပြန်ပြင်ဖို့လိုတယ်ဆိုတာ တွေ့ရတာပေါ့နော်။ တကယ်လို့ ဖျက်မယ်ဆိုရင်တောင်နည်းနည်း အချိန်ယူရမယ့်အနေအထားမှာ ရှိတယ်ဗျာ။”











