DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းမြို့နယ်က ကျေးရွာအချို့ ရေရှားပါးလာ
DVB
·
March 17, 2016
ပန်းတောင်းမြို့နယ်က ကျေးရွာအချို့ ရေရှားပါးလာ
Donate to DVB

ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်က ကျေးရွာအချို့မှာရှိတဲ့  ကိုယ်ထူကိုယ်ထကန်လေးတွေ ရေခန်းခြောက်လာပြီး ရေရှားပါးလာတာကို ဖြေရှင်းပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်ထဲက ကြီးပင်အုပ်စု၊ တောင်ပို့ကြီးအုပ်စု၊ တလုပ္ပင်အုပ်စုများမှာ ခါတိုင်းနှစ်တွေထက်စောပြီး သောက်သုံးရေ ရှားပါးမှုတွေ ဖြစ်နေကာ တနေကုန် အလုပ်မလုပ်ရဘဲ ရေရဖို့ကို ကြိုးစားနေရပါတယ်။

လက်ရှိမှာ အစိုးရနဲ့ ရပ်ရွာက တူးထားတဲ့ ကန်လေးတွေကိုပဲ သုံးနေရပြီး နှစ်စဉ်ဆိုသလို နွေရောက်တာနဲ့ ရေပြတ်မှုကို ခံစားနေရတာကြောင့် အဲဒီကိစ္စကို ဖြေရှင်းပေးစေလိုတယ်လို့ ပန်းတောင်းမြို့နယ် တဲကုန်းကျေးရွာနေ ကိုအောင်အောင်က ပြောပါတယ်။

“ဒါ နိုင်ငံတော်ကနေပြီးတော့ အဲ့ဒီရှိနေတဲ့ ကန်တွေကို ကျနော်တို့ တူးဖော်ဖို့ပေါ့နော်၊ ရေများများရှိအောင်၊ ကန်တွေကလည်း ကောကုန်ပြီ၊ ဟိုတုန်းကလုပ်ထားတဲ့ ကန်တွေက ကျနော်တို့ ကိုယ်ထူကိုယ်ထစနစ်နဲ့ တအိမ်ကို တကျင်းနှစ်ကျင်းပေါ့၊ အဲ့လိုမျိုးပေါက်ပြီးတော့ လုပ်ထားတဲ့ကန်တွေ။ နိုင်ငံတော်အစိုးရက ဘက်ဖိုးတွေ၊ တူးတဲ့စက်တွေနဲ့ အဲ့လိုမျိုးဖော်ပြီး လုပ်ပေးစေချင်တဲ့ဆန္ဒ ကျနော့်မှာရှိတယ်။ ရေလာလှူမယ့် အလှူရှင်တွေကိုပဲ မျှော်နေရတဲ့ အပိုင်းပေါ့နော်။ အဲ့လိုကားတွေနဲ့ လာပြီးတာ့ လှူတဲ့အချိန်မှာ တချို့ အလုပ်တွေဘာတွေ သွားတဲ့သူတွေဆို ရေက မရလိုက်ဘူး။"

ရွာသားတွေအနေနဲ့ ရေရရှိဖို့ကို အချိန်ပြည့်နီးပါး စောင့်ဆိုင်းနေရတာကြောင့် ပြင်ပစီးပွားရေးတွေ လုပ်လို့မရတော့ဘဲ ဝင်ငွေတွေလည်း ထိခိုက်လာတယ်လို့ ပန်းတောင်းမြို့နယ် ရေတွင်းလှကျေးရွာနေ ကိုကြည်တင်က ပြောပါတယ်။

"အခု ဘာမှမရှိတော့ပါဘူး၊ အလွန်ဆုံးရှိရင် လေးငါးခြောက်ပေလောက်ပဲ အနက်ရှိတော့မယ်။ တပေါင်းလကုန်၊ တန်ခူးလဆန်းဆိုရင်တော့ ရေက တော်တော်လေး ဒုက္ခရောက်မယ်ပေါ့။ မနှစ်ကတော့ တန်ခူးလဆန်းမှာ ခန်းတာပေါ့၊ ရေပြတ်သွားမှာ စိုးရိမ်တာတော့၊ ဒီရေကိုပဲ ဦးစားပေးနေရတာ၊ ကျနော်တို့ ပြင်ပစီးပွားရေးကို လုပ်လို့မရဘူးပေါ့၊ ပြင်ပစီးပွားရေးကို မရောက်တော့ ဒီစီးပွားရေးတွေက နည်းနည်းနှောင့်နှေးတာပေါ့။"

ရေတွင်းလှကျေးရွာသား ဦးခင်ဦးက “ရေကိုပဲဦးစားပေးပြီးတော့ အလုပ်မလုပ်ရဘူးပေါ့။ ရေကလည်း ရပ်ရွာတွေထဲမှာလည်း ရေမရှိလို့ မဖြစ်ဘူးလေ။ မီးရေး ထင်းရေးနဲ့၊ အိမ်က ကျောက်စည်တို့ ရှိသမျှဟာလေးတွေကို အပြည့်ခပ်ထားရတာပေါ့။ ရေက ကိုယ်လိုချင်တဲ့အချိန် ခပ်လို့မရတဲ့အတွက်ကြောင့် ရေတွေကို အကုန်လုံး လုပ်နေရတာပေါ့။ ဘေးအလုပ် မလုပ်ရဘူးပေါ့။ ညဆိုလည်း ဒီလိုပဲ တညလုံးပေါ့ ရေပဲစစ်၊ ခပ်၊ ဘာလို့လဲဆို ဒီရေပဲ ဦးစားပေးပြီး ကျနော်တို့ လုပ်နေရတာ” လို့ ပြောပါတယ်။

ဒီိကိစ္စနဲ့ပတ်သက်ပြီး ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်မေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူ မရှိလို့ဆိုပြီး ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

အခုရေပြတ်တဲ့နေရာတွေက တဲကုန်း၊ ကြီးပင်၊ ပေပင်၊ သပြေကုန်း၊ တောင်ပို့ကြီး၊ မြေရွာကုန်း၊ မှန်ကုန်း၊ ရွာသစ်ကုန်း၊ ရေတွင်းလှကျေးရွာ စတဲ့ရွာတွေ ဖြစ်ပါတယ်။

အဲဒီရွာတွေထဲက ရေတွင်းလှကျေးရွာမှာတော့ ၂၀၁၄ ခုနှစ်တုန်းက မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာနက ရေသိုလောင်ကန်တခု တည်ဆောက်ပေးခဲ့ပေမယ့် အဲဒီရေကန်ကလည်း ရေမရှိတော့သလို တချို့ရွာတွေမှာလည်း ရေငုတ်တွေ တပ်ဆင်ပေးထားခဲ့ပေမယ့် ရေမရှိကြောင်း၊ တချို့တွင်းတွေမှာ ရေက ၂ ပေလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းတန်းစီစနစ်နဲ့ ညဘက်တွေမှာ အများဆုံး စောင့်ခပ်နေရပြီး သူတို့အနေနဲ့ ရေအလှူရှင်တွေကို မျှော်လင့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013