DVB Logo
Home
Lead Story
တပ်ရဲ့ချုပ်ကိုင်မှုသိပ်ကြီးတော့ တိုင်းရင်းသားအခွင့်အရေးက သဘောလောက်ပဲရနိုင်တယ် - နိုင်ငွေသိန်း
DVB
·
March 17, 2016
တပ်ရဲ့ချုပ်ကိုင်မှုသိပ်ကြီးတော့ တိုင်းရင်းသားအခွင့်အရေးက သဘောလောက်ပဲရနိုင်တယ် - နိုင်ငွေသိန်း
Donate to DVB

သမ္မတသစ်ဦးထင်ကျော်က အစိုးရ၀န်ကြီးအဖွဲ့ ၂၁ ဖွဲ့ရဲ့ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့တင်သွင်းရာမှာ ‘တိုင်းရင်းသားရေးရာဝန်ကြီးဌာန’ကို တိုးချဲ့ဖွဲ့စည်းဖို့ ထည့်သွင်းခဲ့ပါတယ်။ ဒီဆောင်ချက်နဲ့ပတ်သက်လို့ မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ၂ နိုင်ငွေသိန်းကို ဆက်သွယ်မေးမြန်းပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဖွဲ့စည်းဆောင်ရွက်ဖို့ သမ္မတသစ် ဦးထင်ကျော်က အဆိုပြုတယ်။ ဒီဆောင်ရွက်ချက်အပေါ် ဘယ်လိုအမြင်ရှိပါသလဲ ခင်ဗျ။

“ကျနော်တို့ရဲ့ ပါတီသဘောထားပေါ့နော် ပြောရမယ်ဆိုလို့ရှိရင်တော့ အခု တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနတခု ပေါ်ထွက်လာတာကို ကျနော်တို့က ကြိုဆိုပါတယ်။ နံပတ် ၂ က ဘာပြော ချင်သလဲဆိုတော့ တိုင်းရင်းသားရေးရာဝန်ကြီးကတော့ ဘာလူမျိုးပဲဖြစ်ဖြစ် အဓိကကတော့ တိုင်းရင်းသားဖြစ်ဖို့တော့ လိုတာပေါ့လေ။ တဆက်တည်းမှာပဲ တိုင်းရင်းသားရေးရာဝန်ကြီး ကတော့ တိုင်းရင်းသားတွေရဲ့ ဒီနေ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အစရှိသဖြင့် အဲဒီက နစ်နာချက်တွေ သို့မဟုတ် တန်းတူညီမျှမှုမရှိတဲ့ဟာတွေ နဲ့ပတ်သက်ပြီးတော့ ကိုယ်တိုင်ခံစားတဲ့ လူတယောက်ဖြစ်ရမယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကိုယ်တိုင်ခံစားသူလို့ ပြောတာ ထက်ကို ကိုယ်ချင်းစာတတ်တဲ့လူတယောက် ဖြစ်စေချင်ပါတယ်။ အဓိကကတော့ ပြောချင်တာက တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသားတွေအတွက် ဒီနေ့ နှစ်ပေါင်း ၆၀၊ ၇၀ လောက် ပြသနာ မပြေလည်ခဲ့တဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်မှာ တန်းတူရေး Equality and Self Determination အပေါ်မှာ မူတည်ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်တဲ့ အနေအထားရှိတဲ့အထိ တည်ထောင်ဖို့အတွက် ကြိုးစားနိုင်တဲ့ ၀န်ကြီး တယောက်ကိုတော့ လိုချင်တာပေါ့သားရယ်။ အဲဒါကတော့ အဓိကတော်တော်ကျပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကနေ့ တိုင်းရင်းသားနဲ့ပတ်သက်တာက  အားလုံးက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘက်ပေါင်းစုံက ချွတ်ခြုံကျနေတဲ့အနေအထားမှာ ရှိပါတယ်။”

အခုကိုပဲ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေရှိနေပါတယ်။ အခုဟာက ပြည်ထောင်စုအဆင့်ဆိုတော့ ဒီဝန်ကြီးဌာနအနေနဲ့  ဘာတွေကို အရင်ဆုံး လုပ်သင့်တယ်လို့ထင်သလဲ။

“တိုင်းရင်းသားရေးရာဝန်ကြီးသည် ပြည်နယ်မှာရှိနေတဲ့ အစိုးရအဖွဲ့မှာလည်းပဲ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ဝန်ကြီး အခုလက်ရှိအစိုးရမှာ  ရှိတော့ရှိတယ် ပြည်နယ်မှာ။ သို့သော် ထိရောက်မှု သိပ်မရှိဘူးသားရဲ့ ဘာဖြစ်လို့လဲဆိုတော့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အလိုကျဖြစ်နေရတဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာမှ အကျိုးသိပ်မရှိဘူး။ မွန်မှာလည်း ဒီလိုပါပဲ၊ ကရင်မှာလည်း ဒီလိုပါပဲ။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ ဟိုကနေ ယဉ်ကျေးမှု နည်းနည်း လုပ်လိုက်၊ ဒီကနေ စာပေလေး နည်းနည်းလုပ်လိုက် ဒီလောက်ပါပဲ သိပ်ပြီးတော့ တိုင်းရင်းသားတွေ မျှော်ကိုးနေတဲ့၊ မျှော်လင့်ချက်ထားတဲ့ တကယ့်အဓိက ခုနပြောတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ပတ်သက်တာ ဘာမှ ပါမလာဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခု ပြည်ထောင်စုမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနပေါ်လာမယ်၊ အဲဒီဌာန လက်အောက်မှာ ခုနပြောတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ရေးရာဝန်ကြီးတွေ ပေါ်လာမယ်၊ တကယ့်အပေါ်က ခုနပြောတဲ့အတိုင်း ချုပ်ပြောမယ်ဆိုရင် တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အပေါ်မှာ မူတည်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ထောင်နိုင်ဖို့အတွက် အောက်မှာလည်းပဲ ဒီအခွင့်အရေးနဲ့ပတ်သက်တာ လိုက်ပြီးကိုင်ဆောင်နိုင်မယ် ဒါမှမဟုတ်ရင်လည်း ပြည်သူတွေကို အသိဥာဏ်ပေးနိုင်မယ်၊ ပြည်သူတွေရဲ့ အမှန်တရားကိုပေးနိုင်တဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးတွေ လိုချင်ပါတယ်၊ ဖြစ်စေချင်ပါတယ်။”

နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ တိုင်းရင်းသားရေးရာဝန်ကြီးသစ် ပေါ်လာတော့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာခမံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုက ဒီနှစ်ပိုင်းအတွင်းမှာ မြေစမ်းခရမ်းပျိုး စသွားနိုင်လိမ့်မယ်လို့ မြင်ပြီလား။

“ကာချုပ်ဖြစ်တဲ့ မင်းအောင်လှိုင်ကိုင်ထားတဲ့အာဏာက သိပ်များအားကြီးလွန်းတယ်။ ဆိုလို ချင်တာက ၂၀၀၈ ဥပဒေဟာ စစ်တပ်ရဲ့ သက်ဆိုးရှည်အောင်၊ အာဏာပိုင်များ ဖြစ်လာအောင်၊ ကာလတာရှည်စွာ အာဏာကိုင်နိုင်အောင်ဆိုတဲ့ ၂၀၀၈ ဥပဒေကို ပြင်ဖို့တော့လိုမယ်။ ဒါပြင်ပြီးမှပဲ ခုနကပြောတဲ့ တိုင်းရင်းသားနဲ့ ပတ်သက်တာက ပြသနာတွေရှင်းလို့ရမယ်၊ သူတို့ရဲ့အခွင့်အရေးတွေကို ပေးလို့ရမယ်။ အခု မင်းအောင်လှိုင်က ပြောမယ်ဆိုရင် တို့အရေး ၃ ပါးတို့၊ ၂၀၀၈ ဥပဒေကို အသက်ပေးကာကွယ်ရမှာတို့ အစရှိသဖြင့်ပေါ့။ ဒါတွေကတော့ ခေတ်မမီတော့ဘူး။ တိုင်းရင်းသားတွေအားလုံးရဲ့ဆန္ဒနဲ့က တအားဆန့်ကျင်နေတဲ့ အနေအထား မှာရှိပါတယ်။ ဒါကြောင့်မို့လို့ တပ်က ပြောမယ်ဆိုလို့ရှိရင် ဒီလောက်အထိလည်းပဲ တင်းထားဖို့ တော့ မကောင်းတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းအရာအားလုံး မသိချင်ဟန် ဆောင် နေကြတာ၊ တကယ့်တကယ် တိုင်းပြည်တပြည်လုံးရဲ့ ဒုက္ခရောက်နေတဲ့အနေအထားမှာ ဘာလဲဆိုတာက သိပြီးသားဖြစ်နေတယ်လေ တပ်ကနေပြီးတော့။ နောက်ဆုံးအနေနဲ့ ဒီ ၅ နှစ်လောက်အတွင်းမှာ ခုနပြောသလို အရိပ်အမြွက်လောက်ပဲ ရမလားလို့ အဲဒီလိုပဲ သဘောပေါက်တယ်လေ။ လူတွေက စိတ်ထဲမှာတော့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိ တယ်ထားဦးတော့၊ ဗမာတွေကိုယ်တိုင် ရှိတယ်ထားဦးတော့ ဒါကတော့ ဒီ တပ်ရဲ့ ချုပ်ကိုင်မှုက သိပ်များတဲ့အတွက်ကြောင့်မို့လို့ သဘောလောက်ပဲရ၊ အခြေခံလောက်ပဲရမယ့် အနေအထား တော့ရှိတာပေါ့။ ဒီလောက်ပဲ ထင်တယ်လေ။”

ဒါဆိုရင် တိုင်းရင်းသားတွေလိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်က မြန်မာပြည်သူတွေ ပေါ်မှာ မူမတည်ဘဲ ကာချုပ်ပေါ်မှာ မူတည်နေတာပေါ့နော်။

“ဟုတ်တယ်၊ ကာချုပ်က၊ တပ်က လျှော့လိုက်မယ်ဆိုရင်၊ ၂၀၀၈ ဥပဒေကို ပြင်လိုက်မယ်ဆိုလို့ ရှိရင် အလိုလိုလာမှာပါ။ တိုင်းသူပြည်သားတွေအားလုံးက ဒီ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ပြည်ထောင်စုကို လူတိုင်းက စိတ်ပါတယ်။ တပ်ကတော့ ပြောတော့ ပြောတာပဲ ဒါပေမယ့် မင်းအောင်လှိုင်ပြောတဲ့စကားပြောမယ်ဆိုရင် တို့အရေး ၃ ပါးတို့၊ ၂၀၀၈ ဥပဒေကို အသက်ပေးကာကွယ်စောင့်ရှောက်မှာတို့၊ တို့တပ်က ပြည်ထောင်စုတပ်ပဲတို့ ဒါတွေဟာ လုံးဝ ခေတ်မမီတဲ့ဟာတွေပါ။ လူတိုင်းက သိတယ် ဒါတွေဟာ ဦးသန်းရွှေပြောတဲ့စကားပဲ၊ ဦးသန်းရွှေ လုပ်တဲ့အလုပ်ပဲ ဆက်လုပ်နေတဲ့အနေအထားမှာ ရှိတယ်လို့ ဒီလိုပဲ ပြည်သူပြည်သားတွေ တော်တော်သိပါတယ်။”

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနပေါ်လာမယ့်အပေါ် တခြားပြောစရာ။

“ခုနပြောသလိုပါပဲ တိုင်းရင်းသားရေးရာဝန်ကြီးသည် တိုင်းရင်းသားဖြစ်ဖို့ အထူးသဖြင့် တိုင်းရင်းသားပေါ့။ တနည်းအားဖြင့်ပြောမယ်ဆိုရင် ပြည်သူတွေရဲ့ ဒုက္ခ သုခကို ကိုယ်စားပြု နိုင်မယ်၊ ကိုယ်ချင်းစာတတ်တယ်၊ အခုပြောတဲ့ ငြိမ်းချမ်းရေးတို့ အပစ်အခတ်ရပ်စဲရေးတို့၊ စေ့စပ်ရေးတို့၊ ရင်ကြားစေ့ရေးတို့ ဒါတွေကတော့ သေသေချာချာလုပ်နိုင်တဲ့အနေအထား ရှိပါစေလို့ အဘတို့က ဆန္ဒပြုတယ်လေ။ ဒါမှမဟုတ်ရင်လည်း ပတ္ထနာပြုတယ်လို့ ပြောရမလား တောင် မပြောတတ်ဘူး။ နိုင်ငံရေးက အခုဟာ ပတ္ထနာပဲပြုရမလိုဖြစ်နေတယ်။ ဆုတောင်းရ မလိုလို ဖြစ်နေတယ် ဒါပဲ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013