DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီအများစုကို အငှားယာဉ်တင်သွင်းခွင့် ပိတ်ပင်
DVB
·
March 17, 2016
ကုမ္ပဏီအများစုကို အငှားယာဉ်တင်သွင်းခွင့် ပိတ်ပင်
Donate to DVB

ကုမ္ပဏီအများစုက အမှန်တကယ်ပြေးဆွဲတဲ့ ၀န်ဆောင်မှုလုပ်ငန်းကို မလုပ်ဘဲ ပြန်လည် ရောင်းချတာတွေရှိလို့ အငှားယာဉ်တင်သွင်းခွင့်ကို မတ် ၁၄ ရက်နေ့က ပိတ်ပင်လိုက်တယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က မိမိတို့ဒေသမှာ အငှားယာဉ် တွေပြေးဆွဲနိုင်ဖို့အတွက် ကုမ္ပဏီတွေကို အငှားယာဉ်တင်သွင်းခွင့်တွေထုတ်ပေးနေတာပါ။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “တက္ကစီလိုင်စင်ပေးတယ်ဆိုတာလည်း သက်ဆိုင်ရာ ကုမ္ပဏီတွေကို အဲဒီ ပြည်နယ်နဲ့ တိုင်းမှာ ကုမ္ပဏီကိုယ်တိုင်ကနေ ပြေးဆွဲဖို့အတွက် ပေးတာ။ အများစုက ရောင်းစားတယ်။ ရောင်းစားခွင့်မရှိဘူးဆိုပေမယ့် တရားမ၀င်ရောင်းတယ်။ ၀ယ်တဲ့လူတွေက ဘာပြဿနာရှိလဲဆိုတော့ တကယ်တမ်း လိုင်စင်ဝင်တဲ့နေရာမှာ အခက်အခဲတွေ ကြုံ တွေ့မယ်။ အရင် ကုမ္ပဏီထောက်ခံချက် ရှိတယ်။ ကုမ္ပဏီက ဘယ်ရောက်သွားမှန်းမသိဘူး။ အဲလိုမျိုး တက္ကစီ ကုမ္ပဏီ လိုက်လျှောက်ပြီး လျှောက်စားတဲ့လူ သက်သက်ပေါ်လာတယ်။ ကုမ္ပဏီထောင်ပြီး တိုင်းနဲ့ပြည်နယ် အစိုးရတွေဆီမှာ လျှောက်ပြီး တက္ကစီချည်းပဲ လျှောက်စားတဲ့အဖွဲ့ရှိတယ်။ အဲလိုလူတွေကလည်း ဒီလိုပဲ လိုင်စင်လျှောက် ပြီးရောင်းစားတဲ့ အဖွဲ့ပေါ်လာတယ်။ ပေါ်လာတဲ့အတွက်ကြောင့်မို့ တကယ်တမ်း အစိုးရသွားချင်တဲ့လမ်းစဉ်က တကယ်ကို မှန်မှန်ကန်ကန် တက္ကစီဆွဲရင်တော့လည်း ကောင်းတာပေါ့နော်။ သို့သော်လည်း အဲလိုပြေးဆွဲခြင်းမရှိဘဲနဲ့ ရောင်းစားတဲ့ဟာမျိုး လိုက်ပြီးတော့မှ လျှောက်ပြီး ရောင်းတဲ့လူတွေ ဖြစ်နေတဲ့အတွက် ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီက အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။"

အငှားယာဉ်တင်သွင်းခွင့်ကို အခုလိုပိတ်ပင်လိုက်တဲ့ အကျိုးဆက်ကြောင့် ပြည်တွင်းကားဝယ်ရောင်းဈေးကွက်မှာ အငှားယာဉ်ဈေးနှုန်းတွေက အထိုက်အလျှောက် မြင့်တက်မှုရှိနိုင်တယ်ဆိုပေမယ့် အဆမတန်ဈေးမြင့်သွား တာမျိုးတော့ မရှိနိုင်ဘူးလို့ ဒေါက်တာစိုးထွန်းက သုံးသပ်ထားပါတယ်။

"လက်ရှိမှာတော့ တက္ကစီစီးပွားရေးကလည်း ရန်ကုန်မှာ ကောင်းလာတာ မဟုတ်တဲ့ အတွက်ကြောင့်မို့ သွင်းထားပြီးသား ပမာဏကလည်း သုံးစွဲနိုင်တဲ့ပမာဏထက် ကျော်လွန်နေတဲ့ အတွက်ကြောင့်မို့ ချက်ချင်းကြီးမတက်နိုင်ဘူး။ လုံးဝ ပိတ်တာမဟုတ်ဘူး။ ယာဉ်အိုယာဉ်ဟောင်းတက္ကစီ စလစ်နဲ့ ကပ်ရင်လည်း ထွက်တဲ့အတွက်ကြောင့်မို့ သူ့ကို level တခုပဲပေါ့။ ဆိုပါတော့ ယာဉ်အိုယာဉ်ဟောင်းစလစ်နဲ့ ကပ်တဲ့ ကားတစီးက၊  ပရိုဘောက်ကားတစ်စီးဟာ သိန်း ၁၃၀၊ ၁၄၀ ကျမယ်လို့ပြောတယ်။ ခုနလက်ရှိကျနော်တို့က တိုင်းဒေသကြီး လိုင်စင်နဲ့ သိန်း ၁၀၀ နဲ့ရောင်းတဲ့ကားက အလွန်ဆုံးထပ်တက် နောက်ထပ် ၁၀ သိန်း ၁၅ သိန်းပေါ့၊ သိန်း ၁၂၀ ပေါ့။ ၁၃၀၊ ၁၄၀ ဖြစ်မှတော့ သူတို့ဟာ သူတို့ နာမည်ပေါက် တက္ကစီစလစ်ဝယ်ကပ်မယ်။ အဲဒီထက် မကျော်နိုင်ဘူး။ သိန်း ၁၀၀ တန်ကားဟာ သိန်း ၂၀၀ မဖြစ်နိုင်ဘူး။ ကျနော်တို့ မြင်တာတော့ အများကြီးပြောင်းလဲသွားတယ်။ လုံးဝကြီးပိတ်တာမဟုတ်ဘူး။ ယာဉ်အိုယာဉ်ဟောင်းစလစ်နဲ့ တက္ကစီကပ်လို့ရသေးတဲ့ အတွက်ကြောင့်မို့ ထွက်ပေါက်ရှိသေးတယ်။"

လက်ရှိရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံစလစ်တန်ဖိုးက တစ်စောင်ကို ကျပ်သိန်း ၆၀ ရှိပြီး အငှားယာဉ်တန်ဖိုးကတော့ မော်ဒယ်ပေါ်မူတည်ပြီး ကျပ်သိန်း ၁၂၀ ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013