DVB Logo
Home
Lead Story
တိုင်းရင်းသားရေးရာဝန်ကြီးဟာ တကယ်လုပ်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုပါတယ် - ဦးစောစေးဝါး
DVB
·
March 17, 2016
တိုင်းရင်းသားရေးရာဝန်ကြီးဟာ တကယ်လုပ်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုပါတယ် - ဦးစောစေးဝါး
Donate to DVB

သမ္မတသစ် ဦးထင်ကျော်က အစိုးရ၀န်ကြီးအဖွဲ့အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့တင်သွင်းရာမှာ ‘တိုင်းရင်းသားရေးရာဝန်ကြီးဌာန’ ကို တိုးချဲ့ ဖွဲ့စည်းဖို့ ထည့်သွင်းခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်နဲ့ပတ်သက်လို့ ကရင်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး စောစေးဝါးကို ဆက်သွယ်မေးမြန်းပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ဖို့ သမ္မတသစ် ဦးထင်ကျော်က အဆိုပြုတယ်။ ဒီဆောင်ရွက်ချက်အပေါ် ဘယ်လိုအမြင်ရှိပါသလဲခင်ဗျ။

“ဒီကိစ္စက ရှင်းရှင်းပြောရရင် ကျနော်တို့ပါတီက ကျနော်အပါအ၀င်ပေါ့ဗျာ ကျနော်တို့ခေါင်းဆောင်တွေ ၀န်ကြီးဌာနတခုရအောင် ကြိုးစားတာပါ။ ၀န်ကြီးဌာန တခုရမှာသာလျှင် ကျနော်တို့ အဲဒီ သူ့ရဲ့အုပ်ချုပ်မှုယန္တရားပေါ့ဗျာ၊ ဘတ်ဂျက်တို့ ရန်ပုံငွေတို့၊ ဌာနဆိုင်ရာတို့၊ ၀န်ထမ်းတို့ အပြည့်အစုံရှိမှသာလျှင် ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေရဲ့ လိုလားတဲ့ စာပေယဉ်ကျေးမှုတို့၊ ဓလေ့ထုံးစံတို့ ဖော်ထုတ်တဲ့ကိစ္စမှာ ပီပီပြင်ပြင်ဖြစ်မယ်လေ။ အဲဒါကြောင့် အဲဒီဝန်ကြီးဌာနတခုကို ရှိစေချင်တယ်။ အဲဒါ ကျနော်တို့ရဲ့ ကြိုးပမ်းချက်ပါ။ အဲဒါ ကျနော်တို့ပါတီက တော်တော်လေးကို အဓိကထားလုပ်နေတယ်။ အဲဒါက ၁ ပေါ့၊ ၂ ကတော့ အဲဒီဝန်ကြီးဌာနမှာရှိတဲ့ ၀န်ကြီးကတော့ အလွန်အရည်အချင်းမီတဲ့ ပုဂ္ဂိုလ်ဖြစ်ရပါမယ်။ သာမန်ပေါ့ဗျာ အိမ်ဖြည့်ဝင်လာတဲ့ ၀င်ပြိုင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေဆိုရင်တော့ ဒါ သိပ်အဆင်မပြေဘူး။ အခုက အန်အယ်လ်ဒီက ကိုယ်စားလှယ်တွေက များသောအားဖြင့် အိမ်ဖြည့်တွေဖြစ်တယ်ဗျာ။ ဘာဖြစ်လို့ အိမ်ဖြည့်တွေဖြစ်သလဲဆိုတော့ ကျနော်တို့တိုင်းရင်းသားတွေ ရွေးချတဲ့အထဲက ကျန်တဲ့ပုဂ္ဂိုလ်တွေဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းရင်းသားအရေးကို ပီပီပြင်ပြင် ပြည့်ပြည့်စုံစုံ လုပ်နိုင်တဲ့အနေအထား မရှိဘူးလေ သူတို့ရဲ့အရည်အချင်းက။ တိုင်းရင်းသားအရေးကို အထူးစိတ်ဝင်စားခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း မဟုတ်တဲ့အတွက် လုပ်တဲ့ကိုင်တဲ့အခါမှာ အခက်အခဲရှိမယ်လေ။ အဲဒါကြောင့် ကျနော်တို့ကတော့ တိုင်းရင်းသားထဲမှာ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်၊ အရည်အချင်းမီတဲ့ပုဂ္ဂိုလ်၊ တိုင်းရင်းသားအရေးကို စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်၊ နောက်ပြီး အမှန်တကယ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ကိုတော့ ကျနော်တို့ လိုချင်တယ်ဗျာ။ အဲဒါကတော့ ကျနော်တို့ရဲ့ သဘောထားပါပဲ။”

ဦးစောစေးဝါးတို့ ဒီတိုင်းရင်းသားရေးရာဝန်ကြီး ပေါ်ထွက်လာဖို့ လုံးပန်းနေတာ ဘယ်လောက်ကြာပြီလဲ။

“ကျနော်တို့ လွန်ခဲ့တဲ့ ငါးနှစ်ကာလအတွင်းမှာ လုံးပန်းခဲ့တာပါ။ ကျနော်တို့ရမယ်ဆိုတာ သိတာ တနှစ်ခွဲ၊ နှစ်နှစ်နီးပါးပေါ့ဗျာ သိတယ်။ ဒါပေမယ့် အခု ၀န်ကြီးဌာနတွေ လျှော့မယ်ဆိုတော့ ဘယ်လိုလုပ်မလဲဆိုတာတော့ ကျနော်တို့လည်း တွေးနေတာပေါ့ဗျာ။ ၀န်ကြီးဌာန ၃၀ ကျော်ရှိတဲ့အထဲမှာ ၂၀ ကျော်ထိ လျော့ချမယ်ဆိုတော့ အဲဒီဌာနကို ခွင့်ပြုမလား၊ မပြုဘူးလားမသိဘူး။ မူလ လွှတ်တော်မှာတော့ ခွင့်ပြုပြီးသားလေ။ အဲဒါကို ကျနော်တို့က စိုးရိမ်တယ်ဗျာ။ ခင်ဗျားပြောလို့သာ သိတာ ကျနော်မကြားသေးဘူးဗျ။"

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ် ဦးကျော်ထင်က အဆိုတင်တာခင်ဗျ။ ဦးသိန်းစိန်လက်ထက်က ၀န်ကြီးဌာန ၃၆ ခုကို ၂၀ အထိ လျော့ချပေါင်းစည်းပစ်ပြီး ၂၁ ခုမြောက်အဖြစ် တိုင်းရင်းသားရေးရာဝန်ကြီးကို အသစ်ထပ်တိုးဖို့တင်ပြတာလေ။

“အဲဒီ ၂၁ ခုထဲမှာ တိုင်းရင်းသားရေးရာဝန်ကြီး ပါတယ်ဆို အထူးဝမ်းသာတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအရေးက တော်တော်လေးအရေးကြီးနေပြီဗျာ၊ တကယ်အရည်အချင်းမီပြီးတော့ သဘောထားပြည့်ဝတဲ့ပုဂ္ဂိုလ်ဗျာ။ နောက်တခါ ကျနော်တို့ပြည်ထောင်စုကြီးကို ညီညီညွတ်ညွတ်နဲ့၊ စည်းစည်းလုံးလုံးနဲ့ ဦးဆောင်နိုင်မယ့်ခေါင်းဆောင်တော့ ဖြစ်သင့်တယ်ဗျာ။ သာမန်ပုဂ္ဂိုလ်ကတော့ မရဘူးဗျာ။ အဲဒီဟာကို ဦးဆောင်နိုင်တဲ့အနေအထားမရှိပါဘူး။”

ပြည်ထောင်စုအစိုးရရဲ့ ၀န်ကြီးအဖွဲ့မှာ တိုင်းရင်းသားရေးရာဝန်ကြီးက ဘယ်လောက်အရေးကြီးသလဲ။

“တခြားဝန်ကြီးဌာနလိုပေါ့ဗျာ။ ပိုတောင် အရေးကြီးသေးတယ်ဗျာ ပြောရမယ်ဆိုရင်။ ကျနော်တို့ တိုင်းရင်းသားတွေ ငြိမ်းချမ်းမှုကိစ္စတွေ၊ တိုင်းရင်းသားနဲ့ ကျနော်တို့ ဒီမှာ အင်အားရှိတဲ့ ဗမာအမျိုးသားတွေနဲ့ တော်တော်လေး ရင်းရင်းနှီးနှီး၊ ခင်ခင်မင်မင်နဲ့ အတူလက်တွဲလုပ်ရမယ်ဗျာ။ အဓိက အဲဒါကို နားလည်နိုင်မယ့်ပုဂ္ဂိုလ်ဖြစ်ရမယ်၊ ခေါင်းဆောင်က။”

တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးခန့်အပ်ဖို့က ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ ဆုံးဖြတ်ခဲ့ပြီးပြီလား။

“လွှတ်တော်က ဆုံးဖြတ်ထားပြီးသား၊ သဘောတူထားပြီးသားဗျ။ ၀န်ကြီးဌာနတခု ထပ်တိုးချဲ့မယ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအတွက်။ ဒီဝန်ကြီးဌာနမရှိတော့ ကျနော်တို့ ဘာမှ ဆက်လုပ်လို့မရဘူးဗျ။ ပီပီပြင်ပြင်လုပ်လို့မရဘူး။ အရင်တုန်းက နတလ (နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန) အောက်မှာ တွဲလုပ်တယ်ဗျာ။ ကျနော်တို့ ဘတ်ဂျက်လည်းမရှိဘူး၊ ရုံးလည်းမရှိဘူးဆိုတော့ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ အဲဒါအလုပ်မဖြစ်လို့ အဲဒါကို ကျနော်တို့ ကြိုးစားခဲ့တယ်ဗျာ။”

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပေါ်လာမယ်ဆိုရင် အရင်ဆုံး ဘာလုပ်စေချင်သလဲ။

“အဓိကကတော့ ပထမဆုံးကတော့ ငြိမ်းချမ်းရေးပဲဗျ။ ငြိမ်းချမ်းရေးလိုချင်တယ်ဗျာ။ နောက်တခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကိစ္စပေါ့ဗျာ။ ဖက်ဒရယ်ကိုလည်း အများလက်ခံနိုင်တဲ့ ဖက်ဒရယ်၊ အဲဒါလေးတွေက အဓိကကျတာပေါ့ဗျာ၊ အဓိကကတော့ ငြိမ်းချမ်းရေးပဲဗျာ။”

ဦးစောစေးဝါး ဘာပြောစရာရှိပါသေးသလဲခင်ဗျ။

“ကျနော်တို့ စောင့်နားထောင်နေပါတယ်ဗျာ။ ဒီကိစ္စကို တော်တော်အရေးတကြီးထားပါတယ်၊ ကျနော်တို့က တိုင်းရင်းသားပါတီတွေဆိုတော့ အထူးပဲ စိတ်ဝင်စားနေတယ်။ အရည်အချင်းမီတဲ့ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ အမှန်တကယ်ပဲ ၀န်ကြီးအရည်အချင်းရှိတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ။ ဘာဖြစ်လို့တုန်းဆိုတော့ တိုင်းရင်းသားအားလုံးနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ရမယ်။ ငြိမ်းချမ်းရေးမှာလည်း အဓိကကျမယ့်ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒါကြောင့် အဲဒီဌာနရှိမယ်ဆိုလည်း ၀မ်းသာတယ်။ ရွေးချယ်တဲ့အခါမှာလည်း ပါတီစိတ်ဓာတ်မမွေးပဲနဲ့ တကယ်အမှန်တကယ် အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်ကို ရွေးကြဖို့ ကျနော် အဲဒါပြောချင်ပါတယ်ဗျာ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013