DVB Logo
Home
Lead Story
အက်စ်အန်အယ်လ်ဒီနဲ့ အန်အယ်လ်ဒီကြား မဟာမိတ်ဆက်ဆံရေးခိုင်မြဲနေတယ် -ဦးစိုင်းလိတ်
DVB
·
March 16, 2016
အက်စ်အန်အယ်လ်ဒီနဲ့ အန်အယ်လ်ဒီကြား မဟာမိတ်ဆက်ဆံရေးခိုင်မြဲနေတယ် -ဦးစိုင်းလိတ်
Donate to DVB

မတ်လ ၁၇ ရက်နေ့ကျရင် ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရေးကို စတင်ဆောင်ရွက်ဖို့ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြည်ထောင်စုအစိုးရအဖွဲ့မှာ ၄၀ ရာခိုင်နှုန်းနီးပါးသာ ပါဝင်ဖို့ရှိပြီး ပါတီပြင်ပက တတ်သိပညာရှင်တွေ၊ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေနဲ့ စုဖွဲ့သွားမယ်လို့ ထုတ်ပြောထားပါတယ်။ ရွေးကောက်ပွဲပြီးစကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကို ပြည်ထောင်စုနဲ့ပြည်နယ်အဆင့်အစိုးရအဖွဲ့တွေမှာပါဖို့ ကမ်းလှမ်းချက်တွေ ရှိခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးစိုင်း လိတ်ကို ဒီဗွီဘီက  ဆက်သွယ်မေးမြန်းထားပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း အန်အယ်လ်ဒီအစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့ အမည်စာ ရင်းတွေ ကြေညာဖို့ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးထဲမှာ ပါဝင်ဖို့  အန်အယ်လ်ဒီဘက်က ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။ ဘယ်သူ့ကို ဘယ်နေရာဌာနရဲ့ ၀န်ကြီးအနေနဲ့ အဆိုပြုကမ်းလှမ်းထားသလဲဆိုတာ သိပါရစေ။

“ဘယ်သူ့ကို ဘယ်နေရာဆိုတာ အတိအကျမသိပါဘူးခင်ဗျ။ ပြီးခဲ့တဲ့ ၂ လ လောက်ကတည်းက အက်စ်အန်အယ်လ်ဒီအနေနဲ့ ပြည်ထောင်စုအဆင့်မှာရော ရှမ်းပြည်နယ်အဆင့်မှာရောပေါ့နော် အစိုးရအဖွဲ့ ၂ ခုလုံးမှာ ပါဖို့လိုအပ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ပြောထားတာရှိပါတယ်။ ကျနော်တို့ဘက်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတိကျတဲ့ ဆွေးနွေးဆုံးဖြတ်ချက်ချတာမျိုး ဘာမှမရှိပါဘူး။”

ရက်ကလည်း အတော်နီးနေပြီဆိုတော့ ဘာကြောင့်မို့ မဆွေးနွေး၊ မဆုံးဖြတ်သေးတာလဲ။

“အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ သီးခြားဖြေစရာအကြောင်းလည်း မရှိသေးပါဘူး။ ကျနော်တို့ တိတိကျကျပြောနိုင်တာက အက်စ်အန်အယ်လ်ဒီနဲ့ အန်အယ်လ်ဒီကြားထဲမှာ မဟာမိတ်ဆက်ဆံရေးတွေ ဆက်လက်ခိုင်မြဲနေတယ်၊ အဲဒီအခြေအနေပါပဲ၊ တခြားထူးခြားတဲ့ အခြေအနေတစုံတရာ ကျနော်တို့ဘက်က ဖြေဆိုနိုင်ခြင်း မရှိသေးပါဘူး။”

ဟုတ်ကဲ့၊ အက်စ်အန်အယ်လ်ဒီအနေနဲ့ အစိုးရအဖွဲ့ထဲပါဝင်ဖို့ ရှမ်းပြည်သူ တော်တော်များကလည်း မျှော်လင့်နေကြပါတယ်၊ အဲဒီအပေါ်မှာ ဘာပြောလိုပါသလဲ။

“ကျနော်တို့ရဲ့ အန္တိမရည်မှန်းချက်က ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးပေါ့နော်၊ ဒီကိစ္စတွေကိုပဲ အဓိက ဦးစားပေးလုပ်မယ်ဆိုတော့ အဲဒီကိစ္စ ၂ ရပ်အတွက် အကျိုးရှိမယ်ဆိုရင်တော့လည်း စဉ်းစားစရာတွေရှိပါတယ်။ တကယ်လို့ အဲဒါနဲ့ တိုက်ရိုက်ဆက်စပ်ခြင်းမျိုး မရှိတဲ့ ကိစ္စမျိုးဆိုရင်တော့လည်း ကျနော်တို့အချိန်ပေးနိုင်ကောင်းမှ ပေးနိုင်ပါလိမ့်မယ်။ အဲဒါကိုတော့ ပြည်သူလူထုက နားလည်လက်သင့်ခံမယ်လို့  ယုံကြည်ပါတယ်။”

ယူအန်အေ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့) အဖွဲ့ဝင်ပါတီတွေထဲမှာရော အလားတူ အစိုးရအဖွဲ့ထဲမှာပါဝင်ဖို့ ကမ်းလှမ်းတာတွေ ရှိပါသလား။

“အဲဒါလည်း ကျေန်ာမသိပါဘူးခင်ဗျ။ ယူအန်အေတဖွဲ့လုံးကိုလည်း လာပြီးဆွေးနွေးတယ်လို့ ကျနော်တို့တခါမှ မကြားဖူးပါဘူး။”

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်တင်မြှောက်လိုက်တဲ့ နိုင်ငံတော်အကြီးအကဲနေရာတွေမှာရော ဘာများပြောကြားလိုပါသလဲ။

“သမ္မတကြီး ဦးထင်ကျော်ကို အားလုံးဝိုင်းပြီး မဲပေးလိုက်ကြတဲ့အပေါ်မှာတော့ ကျနော်တို့လည်း ထောက်ခံပါတယ်။ ဦးထင်ကျော်လို ရိုးသားပြီး အရည်အချင်းရှိတဲ့ လူတယောက်ပေါ့နော်။ သူ့ကို သမ္မတအဖြစ် ရွေးချယ်လိုက်တာ မှန်ကန်သင့်လျော်တဲ့လုပ်ရပ်လို့ မြင်ပါတယ်။”

ကျန်တဲ့ ဒုသမ္မတတွေအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

“သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေတော့ အွန်လိုင်းပေါ်မှာသတင်း မီဒီယာတွေမှာ ရေးကြ ဖော်ပြကြသလောက်ပဲ ကျနော်တို့  သိရတာလေ။ အဲဒီအတွက်တော့ ဘာမှမှတ်ချက်ပေး စရာမရှိပါဘူး။”

လာမယ့် အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားပြဿ     နာတွေ ပြေလည်မယ်လို့ မျှော်လင့်ရပါသလား။

“အဲဒါတော့ လုပ်ကြည့်မှပဲ သိမှာပေါ့နော်၊ အထူးအားဖြင့်တော့ စစ်တပ်အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဘယ်လောက်ထိ စိတ်အားထက်သန်စွာလိုက်ပါ လုပ်ဆောင်နိုင်မလဲ၊ ဘယ်လောက်ထိ သဘောထားပျော့ပြောင်းမလဲပေါ့နော်၊ အဲဒါကို စောင့်ကြည့်ရမှာပေါ့။ အခုအချိန်မှာကိုပဲ သမ္မတရွေးချယ်တဲ့ကာလမှာပဲ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ဒီအခြေအနေမျိုးအတိုင်း ဆက်သွားမယ်ဆိုရင်တော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေဦးမှာပါ။ ဒါပေမယ့် တိုင်းရင်းသားပြည်သူတရပ်လုံးက တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုရင်လည်း တပ်မတော်ဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတာမို့လို့ သူတို့လည်း သဘောထား ပြောင်းကောင်းပြောင်းလာနိုင်ပါတယ်။ တပ်မတော်ရဲ့ သဘောထား ပြောင်းမပြောင်းအပေါ် မူတည်ပြီးတော့မှ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရဲ့ ရေချိန်အနိမ့်အမြင့်ကို တွက်ရမှာပါ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013