
World Vision Myanmar က အမေရိကန်အစိုးရရဲ့ အထောက်ပံ့မှုအကူအညီနဲ့ ၃ နှစ်စီမံကိန်းဖြစ်တဲ့ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး စီမံကိန်း(JTIP) ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ထိ အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နဲ့ World Vision Myanmar တို့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့ လူကုန်ကူးခံရသူတွေ ကာကွယ် စောင့်ရှောက်မှုနဲ့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ကူညီထောက်ပံ့မှုပေးရာမှာ ပိုမို ကောင်းမွန် တိုးတက်လာစေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် လူကုန်ကူး ခံရသူတွေ လူမှုဘ၀ထဲကို ပြန်လည်ရောက်ရှိဖို့ ပံ့ပိုးကူညီပေးဖို့ အဓိကရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒီစီမံကိန်းအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၇ သိန်း ကူညီထောက်ပံ့ပေးထားတာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၁၀ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၃ မြို့နယ်၊ ရှမ်းပြည်နယ်အတွင်းမှာ ကျိုင်းတုံ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကော့သောင်းတို့မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။











