Home
မြန်မာသတင်း
စာနယ်ဇင်းကောင်စီကို ငွေကျပ်သိန်း ၂၄၀၀ ကျော် သုံးစွဲခွင့်ပြု
ဇေယျာချမ်းအေး
·
March 16, 2016
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကို လွှတ်တော်က ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ် ငွေကျပ်သိန်း ၂၄၀၀ ကျော် အသုံးပြုခွင့် ပေးလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းမယ့် အစိုးရသစ် စတင်ချိန်မှာ ဒီဘတ်ဂျက်ကို စတင်သုံးစွဲခွင့်ရမှာဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတွေဆီကနေ တဆင့် ဒီငွေတွေကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ထုတ်ယူသုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။ အစိုးရဆီက ငွေကျပ်သိန်းပေါင်း ၂၄၀၀ ကျော် ထုတ်ယူသုံးစွဲခွင့်ရတာဖြစ်ပေမယ့် ဒီငွေတွေဟာ ပြည်သူ့ဘဏ္ဍာငွေတွေသာ ဖြစ်တဲ့အတွက် ပြည်သူ့အကျိုးစီးပွားကို ဦးတည်တဲ့ လုပ်ငန်းတွေကိုသာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက အလေးပေးဆောင်ရွက်သွားမယ်လို့ ကောင်စီတာဝန်ရှိသူတဦးက ပြောပါတယ်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးသီဟစောက “သတင်းမီဒီယာဥပဒေ ရေးပြီးတော့ နည်းဥပဒေရေးတဲ့အချိန်မှာ ငါတို့က တည်ငြိမ်တဲ့ ဘတ်ဂျက်တခုရှိရင် ကောင်းမယ်။ တခြားနိုင်ငံတွေ ဘယ်လိုလုပ်ကြလဲ စဉ်းစားတယ်။ စဉ်းစားတော့ အလွယ်ဆုံးကတော့ လွှတ်တော်ကနေ ငါတို့ကို ဘတ်ဂျက်လေးတခုချပေး။ ဥပမာ အခန်းခတို့ ဘာတို့ ညာတို့ စသည်ဖြင့် ကာဗာဖြစ်ရင် တော်ပြီ။ သတင်းမီဒီယာကောင်စီအဖွဲ့ အနေနဲ့ အစက လခမယူဘူး၊ အခုလည်းမယူဘူး။ ၀န်ထမ်းခန့်ရင်တော့ လခပေးရတာပေါ့။ ဥပမာ ရုံးအဖွဲ့မှူးရှိမယ်၊ စာရေးရှိမယ်၊ ကွန်ပျူတာသမား ဘာညာပေါ့။” ပြဋ္ဌာန်းထားတဲ့ စာနယ်ဇင်းကောင်စီ ဥပဒေ၊ နည်းဥပဒေတွေအရ စာနယ်ဇင်းကောင်စီ လုပ်ငန်းတွေဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆက်စပ်မှုတွေ ရှိပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ အဖွဲ့အစည်းတော့ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။ “ပြန်ကြားရေးနဲ့ အစကတည်းကလည်း မတည့်ဘူး၊ အခုလည်း မတည့်ဘူး၊ နောက်လည်း တည့်မယ်မထင်ဘူး။ မတည့်ဘူးဆိုတာက သူတို့က ပြန်ကြားရေးရဲ့ အလုပ် ဆိုတာက တကယ်တမ်းပြောလို့ရှိရင် အဓိက နှစ်ချက်ရှိတယ်၊ တချက်က အစိုးရသတင်းတွေ ပြန်ကြားဖို့၊ ဒါပေမယ့် အစိုးရသတင်းတွေ ပြန်ကြားဖို့ဆိုတာက တကယ်ဆိုလို့ရှိရင် ၀ါဒဖြန့်တာပေါ့ကွာ။ ရှိတဲ့အစိုးရ၊ တက်လာတဲ့အစိုးရကို ၀ါဒါဖြန့်ပြီးတော့ ဒီအစိုးရကောင်းသည်။ ငါတို့အစိုးရကောင်းသည်ပေါ့ ရှိတယ်။ သတင်းမီဒီယာကောင်စီဆိုတာ ငါတို့ သတင်းမီဒီယာ လောကထဲမှာရှိတဲ့ အယ်ဒီတာတွေရော၊ သတင်းထောက်တွေရော၊ ထုတ်ဝေသူတွေရော၊ ပုံနှိပ်သူတွေရော၊ အဲဒီကိုယ်စားလှယ်နဲ့ဖွဲ့တဲ့ ရွေးကောက်တင်မြှောက်ခံအဖွဲ့။ သူ့လက်အောက်ခံလည်း မဟုတ်ဘူး။ သူနဲ့ ဘာမှမဆိုင်ဘူး။” မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဟာ ရရှိလာတဲ့ ဘတ်ဂျက်ငွေတွေကို သတင်းမီဒီယာသမားတွေ ရပ်တည်ရေးအတွက် လိုအပ်ချက်တွေ၊ ကောင်စီအဖွဲ့ဝင်နဲ့ ဝန်ထမ်းလစာတွေ၊ အခန်းငှားရမ်းခတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ သတင်း၊ ဓာတ်ပုံ - ဇေယျာချမ်းအေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024