DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တွင် လူငယ်တဦး ကားလမ်းပေါ် သေဆုံးလျှက်တွေ့ရှိ
DVB
·
March 16, 2016
တောင်ကုတ်တွင် လူငယ်တဦး ကားလမ်းပေါ် သေဆုံးလျှက်တွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မာလာမြိုင်လမ်းနေထိုင်သူ အသက် ၂၂ နှစ်အရွယ် လူငယ်တဦး မတ်လ ၁၄ ရက်နေ့ ညနေ ၉ နာရီ အချိန် ကားလမ်းပေါ်မှာ မှောက်လျှက်သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ တောင်ကုတ်ရဲစခန်းက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တောင်ကုတ်မြို့နယ်မှူး ဦးကိုကိုဦးက “ရပ်ကွက်က သတင်းပေးလို့ ကျနော်တို့ သွားကြည့်တဲ့အခါ၊ ညနေ ၉ နာရီကျော်ပြီ။ ကန်ဒိုင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးမှာ မှောက်လျှက် သေဆုံးနေတာကို တွေ့တယ်။ လူသတ်မှု မဟုတ်ပါဘူး။ ရိုးရိုးသေဆုံးမှုပါပဲ။ ဒဏ်ရာ ဒဏ်ချက်တွေလည်း မရှိဘူး။ ပါးစပ်က အမြုပ်တွေ ထွက်နေတယ်။ အရက်သောက်ထားတယ်လို့ ပြောပါတယ်။ အခုဓာတ်ခွဲခန်းကို ပို့ထားပြီးပါပြီ။ အဖြေတခုတော့ ထွက်ပါလိမ့်မယ်၊ လူသေမှုအဖြစ်အမှုဖွင့် ထားပြီးပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမယ့် အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ မျက်မြင်သက်သေတဦးက “ညနေ ၇ နာရီ ၁၅ မိနစ်မှာဖြစ်တာပါ။ ကားလမ်းမရဲ့ ဘေးလယ်ကွင်းမှာ သေဆုံးသွားတဲ့ ကောင်လေးကို ခြေထောက်နဲ့ လည်ပင်းကိုတက်နင်းတယ်။ သတ်တာက နှစ်ယောက်။ ကျနော်ကိုယ်တိုင်မျက်လုံးနဲ့ တပ်အပ်မြင်လိုက်တယ်။ နောက်ပြီး သတ်သွားတဲ့ ကောင်လေးတွေ ဖိနပ်ကအဲ့ဒီအခင်းဖြစ်ပွားတဲ့နေရာမှာ ကျန်ခဲ့တယ်။ ပြီးတော့ ထွက်ပြေးသွားကြပါတယ်။ ဒါပေမယ့် ကျနော်မပြောရဲ့ဘူး။ ကျနော်တို့မိသားစုဘက်ကို အမှုပတ်လာမှာကို ကြောက်တယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံးသူမှာ ရန်ငြိုးရန်စမရှိကြောင့် အဲ့ဒီနေ့ညနေပိုင်း သူငယ်ချင်းတွေနဲ့ ထမင်းစားပြီးလို့ အပြင်ထွက်သွားကြောင်း၊ အဲ့ဒီနေ့က သေဆုံး နေတဲ့အချိန်မှာ လည်း အရက်သေစာသောက်ထားခြင်း မရှိဘူးလို့ သိရပြီး၊ အရက်သောက်ပြီး တက်တဲ့ရောဂါ တွေ မရှိဘူးလို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ဦးလေးဖြစ်သူ ဦးညီညီက “ကျနော်ကဘာမှမသိသေးဘူး။ ဆေးစစ်ချက်ဘာမှ မရသေးဘူး။ ကျနော်ပြောနိုင်တာ တချက်တော့ ရန်ဖြစ်လို့သတ်သွားတာ ကတော့ သေချာနိုင်ပါတယ်။ ကျနော်တို့ကတော့ အဲ့လို့ မြင်ထားပါတယ်။ ဒဏ်ရာကတော့ မတွေ့ဘူး။ ဒါပေမယ့် တခုက လည်ပင်း လည်စေ့(ဇလုတ်) အဲ့ဒီနေရာဟာ ကျိုးသွားတယ်လို့ပြောပါတယ်။ အဲ့လိုမျိုးတော့ ဆရာဝန်တွေပြောပါတယ်” လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ အမည်မှာ ကိုမောင်မျိုးမြင့်အောင် ခေါ် ကိုနောင်နောင် အသက် ၂၂နှစ် ဘ-ဦးကိုဝင်းအောင် တောင်ကုတ်မြို့၊ မာလာမြိုင်လမ်းမှာ နေထိုင်သူဖြစ်ကြောင်းသိရပါတယ်။ အလားတူ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကိုင်းရှည်တံတားအောက်မှာ အသက် ၂၄ နှစ် အရွယ်လူငယ်တဦး အသတ်ခံခဲ့ရပါတယ်။

သတင်းဓာတ်ပုံ - ဇော်ခ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013