DVB Logo
Home
Lead Story
လွှတ်တော်ရေးရာကော်မတီများ ထိရောက်စွာ အလုပ်လုပ်နိုင်ရေး
DVB
·
March 15, 2016
လွှတ်တော်ရေးရာကော်မတီများ ထိရောက်စွာ အလုပ်လုပ်နိုင်ရေး
Donate to DVB

ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်ကာလက လွှတ်တော်ရေးရာ ကော်မတီများမှာ ထိထိရောက်ရောက် အလုပ်လုပ်နိုင်သော ကော်မတီများရှိသလို ထိထိရောက်ရောက် မလုပ်နိုင်ကြသော ကော်မတီများလည်း ရှိပေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော အမြဲတမ်းကော်မတီ (၄) ရပ်ဖြစ်သည့် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့မှာကား အလုပ်အများဆုံး ဖြစ်လေသည်။

ထိုအမြဲတမ်းကော်မတီ (၄) ရပ်အပြင် အခြားသော ရေးရာကော်မတီများမှာ ပြည်သူ့လွှတ်တော်တွင် (၂၀) ခုနှင့် အမျိုးသားလွှတ်တော်တွင် (၁၇) ခု ရှိသေးသည်။ သို့ဖြစ်လေရာ ပြည်သူ့လွှတ်တော်တွင် ကော်မတီစုစုပေါင်း (၂၄) ခုနှင့် အမျိုးသားလွှတ်တော်တွင် ကော်မတီစုစုပေါင်း (၂၁) ခုရှိပြီး ကော်မတီတခုလျှင် အဖွဲ့ဝင် (၁၅) ဦးနှုန်းဖြင့်တွက်လျှင် လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါးသည် ကော်မတီတခုမဟုတ်တခု၏ အဖွဲ့ဝင်များ ဖြစ်ကြလေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅(ဂ) အရနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများအရဆိုလျှင် အမြဲတမ်းကော်မတီ (၄) ရပ်မှအပ ကျန်သောရေးရာကော်မတီများကို လိုအပ်မှသာ ကာလသတ်မှတ်၍ ဖွဲ့စည်းရန်ဖြစ်သည်။ သို့ဖြစ်လေရာ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ထိုရေးရာကော်မတီများ ဖွဲ့စည်းသည့်အခါ သက်တမ်းကို တနှစ်သတ်မှတ်၍ သက်တမ်းကုန်ဆုံးသည့်အခါတိုင်း သက်တမ်းတိုးရလေ့ ရှိပေသည်။

လွှတ်တော်သည် လွှတ်တော်ကော်မတီများ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရသည်ဖြစ်ရာ လွှတ်တော်တကြိမ်နှင့်တကြိမ် တာဝန်ဝတ္တရားများ ကွဲပြားခြားနားနိုင်လေသည်။

ပထမအကြိမ်လွှတ်တော်ကာလက အမြဲတမ်းကော်မတီမဟုတ်သော ထိုရေးရာကော်မတီများ ထမ်းဆောင်ရသော အဓိကတာဝန်များမှာ ဝန်ကြီးဌာနဆိုင်ရာအလိုက် ဘတ်ဂျက်များကို စစ်ဆေးပြီး လိုအပ်သလို ဖြတ်တောက် လျှော့ချခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ခေတ်စနစ်နှင့် မလျော်ညီသော ဥပဒေအဟောင်းများကို ခေတ်စနစ်နှင့် လျော်ညီအောင် ပြင်ဆင်-ပယ်ဖျက်ရေး၊ အသစ်ရေးဆွဲပြဋ္ဌာန်းရေးတို့ ဖြစ်သည်။

ထိုသို့သောတာဝန်များကို ထမ်းဆောင်သည့်အခါ အတွေ့အကြုံမရှိသော လွှတ်တော်ကိုယ်စားလှယ်များအဖို့ အခက်အခဲများ ရင်ဆိုင်ရလေ့ရှိရာ အဓိကအားဖြင့် ဘတ်ဂျက်၏ သဘောသဘာဝကို နားမလည်ခြင်း၊ ဥပဒေပြုရေး အတွေ့အကြုံမရှိခြင်းနှင့် အနိုင်ရပါတီ၏ ပေါ်လစီ၊ မူဝါဒများကို ဥပဒေများ ပြဋ္ဌာန်းခြင်းဖြင့် ရွေးကောက်ပွဲ ကတိကဝတ်များ မည်သို့ အကောင်အထည် ဖော်ဆောင်လာနိုင်မည်ဆိုသည့် အဆက်အစပ်ကို နားမလည်ခြင်းတို့မှာ အဆိုးဆုံး ဖြစ်လေသည်။ ဥပမာအားဖြင့် ပထအအကြိမ် လွှတ်တော်အစပိုင်း ကာလကတည်းက လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းပေးခြင်းအားဖြင့် တောင်သူလယ်သမားများမှာ မိမိပိုင် လယ်ယာမြေကို ပေးကမ်း၊ ရောင်းချ၊ ပေါင်နှံနိုင်ခွင့် ရှိလာပြီဖြစ်သော်လည်း အစိုးရသတ်မှတ်သော သက်သာသည့်အတိုးနှုန်းဖြင့် နီးစပ်ရာ ကုန်သည်ပွဲစားများထံ ပေါင်နှံချေးငှား၍ အရင်းအနှီးလုပ်ခွင့် မရနိုင်သေးဘဲ ရှိနေဆဲဖြစ်ရာ တောင်သူများမှာ အတိုးကြီးဒဏ်ကို ယနေ့ထက်တိုင် ခံနေရဆဲ ဖြစ်ပေသည်။ အခြားဥပမာတခုမှာ အနိုင်ရ ပြည်ခိုင်ဖြိုးပါတီနှင့် အခြေခံဥပဒေက ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရမည်ဟု ဆိုထားသော်လည်း ကျွဲ၊ နွား ရောင်းဝယ်ရေးမှာ လုံးဝ  လွတ်လပ်မှုမရှိဘဲ ဈေးကွက်စီးပွားရေးစနစ်ကို ဆန့်ကျင်နေသဖြင့် မွေးမြူသူများမှာ တွက်ခြေမကိုက်ကြသလို ကျွဲနွားမွေးမြူ ရေးလုပ်ငန်းလည်း ဖြစ်ထွန်းတိုးတက်ခြင်း မရှိချေ။

အထက်တွင်ဆိုခဲ့သည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် လွှတ်တော်မှ ဖွဲ့စည်းပေးထားသော ကော်မရှင်အဖွဲ့ကို အားကိုးနိုင်သော်လည်း လုံလောက်မည် မဟုတ်ချေ။ NGO များ၊ INGO များနှင့် NDI (National Democratic Institute) ကဲ့သို့သော အဖွဲ့အစည်းများသို့ အကူအညီတောင်းကာ တတ်ကျွမ်းနားလည်သူများကို ဖိတ်ကြားလျက် သက်ဆိုင်ရာကော်မတီများနှင့် စိတ်ပါဝင်စားသည့် လွှတ်တော်ကိုယ်စားလှယ်များကို သင်တန်းပေးခြင်း၊ ဆွေးနွေးအဖြေရှာခြင်းများ ပြုလုပ်သင့်သည်။

ပထအအကြိမ် လွှတ်တော်သက်တမ်းကာလက ထိုကဲ့သို့ နိုင်ငံတကာမှ တတ်ကျွမ်းနားလည်သူများက လာရောက်ဟောပြော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း လွှတ်တော်နှင့် ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခဲ့သည်။ NDI ကဲ့သို့ ပြင်ပအဖွဲ့အစည်းက လက်လှမ်းမီသည့် စိတ်ပါဝင်စားသူများကိုသာ ဖိတ်ကြားဆွေးနွေးခြင်းမျိုးဖြစ်ပြီး သက်ဆိုင်ရာကော်မတီ တခုချင်းအလိုက် အထူးအာရုံစိုက် လေ့လာစေခြင်းမျိုး နည်းပါးသည်။ ထို့ပြင် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက လွှတ်တော်ကိုယ်စားလှယ်များ လိုအပ်နေသည့် အချိန်တွင် (ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းပြဋ္ဌာန်းရန် လွှတ်တော်တွင်း ဆွေးနွေးနေချိန်တွင် သက်ဆိုင်ရာပညာရှင်က ရောက်မလာဘဲ) အချိန်အခါကျော်မှ (ဥပဒေပြဋ္ဌာန်းပြီးသည့်အချိန်မှ) လာရောက်ခြင်း စသည်တို့ အမြဲဖြစ်ပွားလေ့ရှိသည်။

ပထအအကြိမ်လွှတ်တော်ကာလက ကြုံတွေ့ရသော အခက်အခဲတခုမှာ ကော်မတီဝင်များ နေရာချထားရာတွင် မိမိစိတ်ဝင်စား ဝါသနာပါရာ ဘာသာရပ်ဆိုင်ရာ ကော်မတီ၊ မိမိတတ်သိကျွမ်းကျင်ရာ လုပ်ငန်းနှင့် ဆက်စပ်သည့် ကော်မတီများတွင် တာဝန်အပေးမခံရခြင်းဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ကော်မတီဝင်ဦးရေ အနည်းဆုံး ၁၅ ဦးရှိသော်လည်း ကော်မတီလုပ်ငန်းတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်သူမှာ ၄-၅ ဦးခန့်သာ ရှိပေသည်။ အဆိုးဆုံးမှာ စိတ်ပါဝင်စားမှု မရှိသော ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ ရှိနေသည့် ကော်မတီများပင်ဖြစ်ပြီး ငါးနှစ်တာပတ်လုံး ကော်မတီအစည်းအဝေး ကျင်းပသည့်ရက်ကိုပင် လက်ချိုးရေတွက်ရနိုင်ပေသည်။ အထူးသဖြင့် ထိုသို့သော ကော်မတီများမှာ ခေတ်စနစ်နှင့် မလျော်ညီသော ဥပဒေများကို ပြင်ဆင်ရေးတွင် တက်တက်ကြွကြွ မရှိလှပေ။ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ အာဏာတည်ဆဲ ဥပဒေများကိုလည်း အင်္ဂလိပ်လို ပြင်ဆင်ချက်တင်မှ လက်ခံမည်ဟု လွှတ်တော်က သတ်မှတ်လိုက်သည့်အခါ အခြေအနေမှာ ပိုဆိုးရွားသွားလေတော့သည်။

အမှန်မှာ ပြင်ဆင်ချက်တင်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်လိုသည့် မူရင်းအပိုဒ်ကို မြန်မာလိုဘာသာပြန်၊ မိမိပြင်ဆင်လိုသည့် ပြင်ဆင်ချက်ကိုလည်း မြန်မာဘာသာဖြင့် ရေးတင်၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဝိုင်းဆွေးနွေးကြကာ ပြည်ထောင်စုလွှတ်တော်က သဘောတူပြီးသည့်အချိန်မှ သက်ဆိုင်ရာကော်မတီက မှန်ကန်အောင် ဘာသာပြန်ပြီး သမ္မတထံပေးပို့လျှင် အလွယ်တကူ လုပ်ကိုင်ဆောင်ရွက်နိုင်သည့်ကိစ္စ ဖြစ်ပါသည်။ သို့သော် အင်္ဂလိပ်လို ပြဋ္ဌာန်းထားသည့် မူရင်းဥပဒေကို အင်္ဂလိပ်လိုသာ ပြင်ဆင်ချက်တင်ရမည်ဟု အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေတို့ဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားချက် မရှိပါဘဲ မြန်မာဘာသာဖြင့် ပြင်ဆင်ချက်တင်ခွင့် မရခြင်းမှာ ပထမအကြိမ်လွှတ်တော်၏ အားနည်းချက် ဖြစ်ပေသည်။

တက်တက်ကြွကြွ ဦးဆောင်မှုမပေးနိုင်သော၊ အလုပ်မတွင်ကျယ်သော ကော်မတီများနှင့် ပတ်သက်၍ …

ထိုအခက်အခဲကို ကျော်နင်းနိုင်ရန်မှာ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို အမြဲမပြတ် လေ့လာစောင့်ကြည့်ကာ သက်တမ်းတနှစ် ပြည့်မြောက်သည့် အချိန်တွင် အစွမ်းအစရှိသူများကို သင့်တော်သည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တာဝန် အရွှေ့အပြောင်းလုပ်ကာ ကော်မတီသက်တမ်းတိုးခြင်းကို ဆောင်ရွက်သင့်ပေသည်။ ဤသို့အားဖြင့် ကော်မတီများကို အမြဲတမ်း တက်ကြွလှုပ်ရှားနေအောင် ဆောင်ရွက်သင့်သည်။

တချက်သတိပြုရန်ရှိသည်မှာ လွှတ်တော်ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည့်တာဝန်များကို လွှတ်တော်တွင်း အစွမ်းအစရှိသည့် မည်သည့်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ကိုမဆို ပေးအပ်နိုင်သော်လည်း အရေးကြီးသည့် လမ်းစဉ် ပေါ်လစီ ကွဲလွဲမှုများ ရှိနေနိုင်သည့် ကိစ္စရပ်များဆိုင်ရာ ကော်မတီများကို တာဝန်ပေးသည့်အခါ အထူးသတိထားသင့်သည်။ အကြောင်းမှာ ပါတီတခုနှင့်တခု မူဝါဒကွဲလွဲသဖြင့် ပြဿနာကို ရှုမြင်ပုံ၊ သုံးသပ်ပုံတို့မှာလည်း မတူညီနိုင်သဖြင့် ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ အခက်အခဲများ တွေ့ရနိုင်ပြီး လုပ်ငန်းမတွင် ဖြစ်ရလေ့ရှိသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း အလုပ်အများဆုံး ကော်မတီမှာ ဥပဒေကြမ်းကော်မတီဖြစ်ပြီး လွှတ်တော်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ တင်လာသမျှ ဥပဒေကြမ်းများမှာ ထိုကော်မတီကပင် ဒိုင်ခံလေ့လာသုံးသပ် လွှတ်တော်တွင်း တင်ပြရခြင်းဖြစ်ရာ အလုပ်မနိုင်မနင်း ဖြစ်ကြသည်။ ပြဋ္ဌာန်းပြီး မကြာမီမှာပင် ပထမအကြိမ် ပြင်ဆင်ချက်၊ ဒုတိယအကြိမ် ပြင်ဆင်ချက်များ လုပ်ဆောင်ကြရသည်ကို သတိထားမိသည်။ အခြေခံဥပဒေက ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ဈေးကွက်စီးပွားရေးနှင့် မညီညွတ်သည့် ပြဋ္ဌာန်းချက်မျိုးကို ပြဋ္ဌာန်းရန် ထောက်ခံလိုက်ခြင်းမျိုး “အောင်ဘာလေထီ” ဥပဒေပြဋ္ဌာန်းစဉ်က ကြုံရဖူးသည်။ နောက်ပိုင်းတွင် အမျိုးသားလွှတ်တော်က ထိုကိစ္စကို ထောက်ပြပြီး အကျယ်ဆွေးနွေးရန် လိုအပ်ခြင်း၊  အချိန်မရတော့ခြင်းတို့ကြောင့် ရပ်ဆိုင်းထားလိုက်ရသည်။

ဤသည်မှာ ဥပဒေပြုခြင်းကို နားလည်သော်လည်း ဘာသာရပ်ဆိုင်ရာ မကျွမ်းကျင်ခြင်း၊ အချိန်မလုံလောက်ခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ယူဆပါသည်။

အမှန်မှာ ဥပဒေကြမ်းများ လွှတ်တော်သို့ တင်လာသည့်အခါ လွှတ်တော်ဥက္ကဋ္ဌက သက်ဆိုင်ရာ ဘာသာရပ်ကော်မတီသို့ လေ့လာသုံးသပ် အကြံပြုရန် ခွဲဝေချထားပေးသင့်သည်။ သို့မှသာ လွှတ်တော်ကော်မတီ အသီးသီးက တာဝန်ကိုယ်စီ ခွဲဝေထမ်းခြင်းဖြင့် အမှားနည်းပါးစွာဖြင့် သက်တောင့်သက်သာ အလုပ်ပြီးစီးမည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များလည်း အရည်အချင်းများ မြင့်တက်လာမည်ဖြစ်သည်။

ဤကဲ့သို့ ဆောင်ရွက်နိုင်ရန် လုံလောက်သော လွှတ်တော်ကိုယ်စားလှယ် အရင်းအမြစ်ရှိရန်နှင့် လွှတ်တော်ဥပဒေ၊ နည်းပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရန် လိုအပ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ….

ပထအအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ် အတွေ့အကြုံများစွာ ရရှိပြီးဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ခေါင်းဆောင်သော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ရာ ထိုကော်မရှင်က ဒုတိယအကြိမ်လွှတ်တော်အတွက် အကြံဉာဏ်ကောင်းများ ပေးသွားခြင်းဖြင့် မလုံလောက်သော်လည်း များစွာ အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ရပေသည်။

ရဲထွန်း (သီပေါ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013