DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကတင်မြှောက်တဲ့ ဒုသမ္မတကို မကန့်ကွက်ဘဲ ထောက်ခံတဲ့ပေါ် နားလည်ဖို့ ဒေါ်စု ပြော
DVB
·
March 14, 2016
စစ်တပ်ကတင်မြှောက်တဲ့ ဒုသမ္မတကို မကန့်ကွက်ဘဲ ထောက်ခံတဲ့ပေါ် နားလည်ဖို့ ဒေါ်စု ပြော
Donate to DVB

စစ်တပ်က တင်မြှောက်တဲ့ ဒု-သမ္မတ ဦးမြင့်ဆွေကို မကန့်ကွက်ဘဲ ထောက်ခံတဲ့အပေါ်မှာ နားလည်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီ ကိုယ်စားလှယ် တွေရှိရာ လွှတ်တော်စည်ပင်ဧည့်ရိပ်သာအဆောင် ၄ ကို ဒီနေ့ ညနေပိုင်းက လာရောက် တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ အတွက် ဒါကို နားလည်ပေးဖို့ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့တာလို့လည်း ပြောပါတယ်။

ဒီကနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်တဲ့ ဦးထင်ကျော်၊ ရွေးကောက်ခံအမျိုးသား လွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့က တင်မြှောက်တဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ တပ်မတော်သား ကိုယ်စားလှယ်အစု အစုအဖွဲ့ကတင်မြှောက်တဲ့ ဦးမြင့်ဆွေတို့ကို အတည်ပြုခဲ့ပါတယ်။

အတည်မပြုခင်မှာ စိစစ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ စိစစ်ရေးအဖွဲ့ဝင် ဗိုလ်ချုပ်သန်းစိုးက ဦးထင်ကျော်နဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့အတွက် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းလည်း မလုပ်ကြောင်းရပ်တည်ခဲ့ပြီး မဲခွဲရာမှာ ခြောက်မဲတမဲနဲ့ အတည်ဖြစ်ခဲ့ပါ တယ်။

ဒါ့အပြင် ဦးဟင်နရီဗန်ထီးယူနဲ့ပတ်သက်လို့လည်း ဗိုလ်ချုပ်သန်းစိုးက မိသားစုနဲ့အတူ နိုင်ငံခြားမှာ နေထိုင်တာကို ထောက်ပြပြီး ကန့်ကွက်ခဲ့ပြီး ပြန်လည်စိစစ်ပေးဖို့တောင်းဆိုပါတယ်။ ဒါပေမယ့် မဲခွဲရာမှာ ခြောက်မဲ တမဲနဲ့ အတည်ဖြစ်ခဲ့ပါတယ်။

သမ္မတ၊ ဒုတိယသမ္မတများအရည်အချင်းစိစစ်ရေး ၇ ဦးအဖွဲ့မှာ ပြည်သူလွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသောအောင်၊ အန်အယ်လ်ဒီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊  အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ တပ်မတော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုး တို့ စုစုပေါင်း ၇ ဦးဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်တဲ့ ဦးမြင့်ဆွေဟာ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေပြီး မိသားစုဝင်တွေ နိုင်ငံခြားသားမဖြစ်ရဆိုတဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ) နဲ့ ငြိစွန်း နိုင်တယ်လို့ ထင်ကြေးတွေထွက်နေသလို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို ကိုင်တွယ်မှု၊ ရန်ကုန်မြို့က စီမံကိန်းတွေနဲ့ပတ်သက်လို့လည်း ဝေဖန်ခံနေရသူဖြစ်ပါတယ်။

ဒ့ါအပြင် မနက်ဖြန် သမ္မတရွေးပွဲမှာ မဲတွေကို သေချာ လုပ်ဆောင်ဖို့နဲ့ ပယ်မဲမဖြစ်အောင် သေချာ လုပ်ဆောင်ဖို့လည်း မှာကြားခဲ့တယ်လို့လည်း ပြောပါတယ်။

တိုင်းနှင့် ပြည်နယ်အလိုက် အန်အယ်လ်ဒီကိုယ်စားလှယ်တွေက သမ္မတ ရွေးချယ်ရေးအတွက် ဒီညနေက မဲပေးနည်းတွေ လေ့ကျင့်ခဲ့ကြပါတယ်။

မနက်ဖြန် ပြည်ထောင်စုလွှတ်တော်က သမ္မတရွေးချယ်ပွဲပြီးမြောက်တဲ့အခါ ဆယ်စုနှစ်ပေါင်း များစွာ အရပ်သားသမ္မတဦးဖြစ်လာမှာဖြစ်ပြီး တွက်ချက်မှုတွေအရ ဦးထင်ကျော်ကို သမ္မတ တင်မြှောက်မယ်လို့ ရေပန်းစားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013