DVB Logo
Home
မြန်မာသတင်း
ဘာသာရေးပဋိပက္ခများ မဖြစ်အောင် ဆောင်ရွက်မည်ဟု အန်အယ်လ်ဒီ နာယက ပြော
DVB
·
March 14, 2016
ဘာသာရေးပဋိပက္ခများ မဖြစ်အောင် ဆောင်ရွက်မည်ဟု အန်အယ်လ်ဒီ နာယက ပြော
Donate to DVB

အန်အယ်လ်ဒီရဲ့ အခြေခံမူက လူ့အခွင့်အရေးဖြစ်တဲ့အတွက် ဘာသာတရားတွေကြောင့် ပြဿနာမဖြစ်အောင် ကြိုးစားလုပ်ဆောင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြောပါတယ်။

ဘာသာရေးကို ခုတုံးလုပ်တဲ့ ပဋိပက္ခတွေမဖြစ်ဖို့အတွက် ဥပဒေအရ လုပ်လို့မရပဲ နားလည်မှုရှိအောင် လုပ်ရမယ်လို့ သူက ပြောတာပါ။

မတ်လ ၁၃ ရက်က ရန်ကုန်မှာ ကျင်းပတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနားကို တက်ရောက်လာတုန်းက ပြောခဲ့တာပါ။

“ဒီလိုပွဲတွေ အများကြီးကျင်းပပြီး ပြန်ရင်းနှီးအောင်လုပ်မယ်။ တဖြည်းဖြည်းနဲ့ အရင်ကလို ပြန်နေလို့ရအောင် လုပ်ရမှာပေါ့။ ရခိုင်က ဘူးသီးတောင်၊ မောင်တောမှာ ကျနော်နေခဲ့တာ အကြာကြီးပဲ။ အဲဒီအချိန်တုန်းက အတူတူနေခဲ့တာ ဘာမှ မဖြစ်ပါဘူး။ ခုမှ ဆန်းဆန်းပြားပြား ဖြစ်နေတယ်။ ဒါတွေက ဥပဒေနဲ့ လုပ်လို့ မရဘူး။ တယောက်နဲ့ တယောက် သဘောပေါက်အောင်၊ နားလည်မှုရှိအောင် လုပ်မှ ရမယ်။ ဥပဒေနဲ့ ဒါလုပ်၊ ဒါမလုပ်နဲ့ဆိုလို့ မရဘူး” လို့ သူရဦးတင်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ကာလတွေမှာတော့ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချခဲ့တာတွေ ရှိခဲ့တာပါ။ ပြီးတော့ ဘာသာရေးကို လိုသလို အသုံးချလို့ ရနေတာဟာ လူတွေရဲ့ ပညာအရည်အချင်း ကြောင့်လို့ ဘာသာရေး ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။

“ဘာသာရေး တခုနဲ့ တခု ပဋိပက္ခမဖြစ်အောင်ဆိုရင် ဒီတိုင်းပြည်က လူတွေက ပညာရေး ကောင်းအောင် လုပ်ရမယ်။ ကိုယ့်မှာ ပညာဆင်ခြင် ဥာဏ်ရှိရင် တခြားသူက လာအသုံးချလို့ မရဘူး”လို့ ပွဲကို တက်ရောက်လာတဲ့ ဆရာတော် အရှင်နန္ဒက က မိန့်ပါတယ်။

ဟိန္ဒူသာသနာကက အရှင်ရာမစန္ဒြာဒါစ်ကလည်း “ဘာသာတခုစီမှာ ကိုယ့်ဘာသာရဲ့ တရားဓမ္မကို သိဖို့၊ ကျင့်သုံးဖို့ လိုတယ်။ ကိုယ့်ဘာသာကို ကျယ်ကျယ်ပြန့်ပြန့် သိဖို့ လိုသလို တခြားဘာသာတွေမှာလည်း ကိုယ့်ဘာသာတရားလို ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတွေ ရှိမယ်လို့ မျှော်လင့်ချက်လေးနဲ့ လေ့လာလာရင် ဘာသာတစ်ခုနဲ့ တစ်ခုကြားမှာ ဖြစ်နေတဲ့ ပြဿနာလေးတွေ လျော့သွားမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စအတွက် ဘာသာ သာသနာ ကို အလွဲသုံးစားမလုပ်ဖို့၊ လူမျိုးရေး၊ ဘာသာရေးကြောင့် တဖက်နဲ့ တဖက် မုန်းတီးတာ၊ ရန်မူတာ စတာတွေအတွက်  ပြစ်ဒဏ်ပေးဖို့ ဥပဒေ ပြဋ္ဌာန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013