DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတများ အရည်အချင်းပြည်မီမှုရှိမရှိ အစီရင်ခံတင်သွင်းမည်
DVB
·
March 13, 2016
ဒုသမ္မတများ အရည်အချင်းပြည်မီမှုရှိမရှိ အစီရင်ခံတင်သွင်းမည်
Donate to DVB

လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက ရွေးချယ်ထားတဲ့ ဒုသမ္မတတွေကို ဖွဲ့စည်းပုံပါ သမ္မတအရည်အချင်းတွေနဲ့  ပြည့်စုံမှုရှိမရှိ စိစစ်ရေးအဖွဲ့က မတ် ၁၄ ရက် လွှတ်တော်မှာ အစီရင်ခံသွားမယ်လို့ စိစစ်ရေးအဖွဲ့ဝင် ဦးဘမျိုးသိန်းက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒုသမ္မတတွေအဖြစ် ပြည်သူ့လွှတ်တော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်က ချင်းတိုင်းရင်းသားအမတ် ဦးဟင်နရီဗန်ထီးယူနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ရန်ကုန်တိုင်းဝန်ကြီးချုပ်  ဦးမြင့်ဆွေတို့ကို ရွေးချယ်တင်မြှောက်ထားတာပါ။

အဆိုပါ ဒုသမ္မတ ၃ ဦးဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၅၉ ပါ  နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတ အရည်အချင်းသတ်မှတ်ချက်တွေဖြစ်တဲ့  နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ်သစ္စာရှိသူ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ စစ်ရေး အမြင်တွေရှိသူ၊ အနှစ် ၂၀ နိုင်ငံတွင်းမှာ အခြေချနေထိုင်ခဲ့သူ၊  ကိုယ်တိုင်နဲ့  မိဘ၊ ဇနီးခင်ပွန်း၊ သားသမီး သမက်နဲ့ချွေးမတွေ မြန်မာနိုင်ငံသား ဖြစ်မဖြစ်စတာတွေနဲ့ ကိုက်ညီမှုရှိမရှိ စိစစ်ရေးအဖွဲ့က ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံရမှာဖြစ်ပါတယ်။

လက်ရှိ ရွေးချယ်ထားတဲ့  ဒုသမ္မတ လောင်း ၃ ဦးထဲမှာ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူတို့ဟာ တပ်မတော် အရာရှိဟောင်းတွေဖြစ်ပြီး ပြည်သူ့လွှတ်တော်က ရွေးချယ်ထားတဲ့  ဦးထင်ကျော်ကတော့ အရပ်သားပညာရှင်တဦး ဖြစ်ပါတယ်။

သမ္မတအရည်အချင်းအကဲဖြတ်ပုံနဲ့ ပတ်သက်ပြီး စိစစ်ရေးအဖွဲ့ဝင် ဦးဘမျိုးသိန်းက “စစ်ရေးအမြင်တို့၊ နိုင်ငံရေးအမြင်တို့၊ စီးပွားရေးအမြင်တို့ ဘယ်လိုတိုင်းမလဲ။ ဒါကတော့ တကယ့်တိုင်းပြည်အုပ်ချုပ်မယ့် လူမှာတော့ ဉာဏ်အမြော်မြင်ရှိရမယ်။ နောက် ဦးဆောင်နိုင်တဲ့ စွမ်းရည်ရှိရမယ်ပေါ့။ နောက်နိုင်ငံသူနိုင်ငံသားတွေရဲ့ ကောင်းကျိုးကို လိုလိုလားလားဆောင်ရွက်တဲ့ စိတ်ဓာတ်ရှိရမယ်၊ ဒီအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံရေး အမြင်ကော စစ်ရေးအမြင်ကော လွှမ်းခြုံသွားမယ်လို့ ထင်ပါတယ်။ စစ်ရေးအမြင်က ကာကွယ်ရေးအမြင်လို့ ပြောင်းထားတာရှိတယ်ဆိုတော့  နိုင်ငံတော်ကာကွယ်ရေး အမြင်ကတော့ ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးကိုတော့ တိုင်းပြည်အတွက်ကို  အမြော်မြင်ရှိရှိနဲ့ ကာကွယ်နိုင်ဖို့ပေါ့။ တကယ်အရေးကြီးတာက ကိုယ့်တိုင်းပြည်ကို ကာကွယ်နိုင်ဖို့ အတွက်က ဉာဏ်အမြော်မြင်ရှိဖို့က အရေးအကြီးဆုံး၊ ဦးဆောင်နိုင်စွမ်းရှိဖို့ အရေးအကြီးဆုံးပဲ။ ကျနော်တို့နိုင်ငံမှာ တကယ် အရေးအကြီးဆုံး တန်ဖိုး အထားရဆုံးကတော့ နိုင်ငံသားတွေပဲ။ ကိုယ့်နိုင်ငံသားတွေအပေါ် တန်ဖိုးအကြီးဆုံးထားမယ်ဆိုရင် သူတို့ကို ကာကွယ်ပေးနိုင်မယ့်ကိစ္စတွေ ဆောင်ရွက်ပေးနိုင်မှာပါပေါ့၊ ဒါအဓိက ကျပါတယ်”လို့ပြောပါတယ်။

လူမှုကွန်ရက်တွေမှာ အငြင်းပွားနေတဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ ပြည်ပမှာ နှစ်နဲ့ချီ နေထိုင်ခဲ့ခြင်း ရှိမရှိနဲ့ပတ်သက်ပြီးလည်း စိစစ်ထားပြီးဖြစ်တယ်လို့ပြောပါတယ်။

“သူတရားဝင်ထွက်တဲ့ ကိစ္စတွေဖြစ်တယ်၊ တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ သွားတယ် လာတယ်။ သင်တန်းတက်တာတို့၊ ကျောင်းတက်တာတို့ အပါအ၀င် အကုန်လုံးက တရားဝင် သွားလာခြင်းဖြစ်ပါတယ်။ ဒီကိစ္စလွှတ်တော် ကိုယ်စားလှယ်လောင်း စစ်ဆေးကတည်းက ဒီကိစ္စတွေ အများကြီး သေချာစိစစ်တာပါ။ ရှင်းရှင်းလင်းလင်းရှိပါတယ်။”

အမျိုးသားလွှတ်တော်ဝက်ဆိုက်မှာ တင်ထားတဲ့ ဦးဟင်နရီဗန်ထီးယူရဲ့ ကိုယ်ရေး မှတ်တမ်း အကျဉ်းမှာတော့  ပြည်ပခရီးစဉ်မှတ်တမ်းမရှိပါ ဆိုပြီး ရေးထားတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားကို တရားဝင်သွားရောက်တဲ့ ကာလတွေကို နိုင်ငံတော်မှာ အခြေချနေထိုင်ခဲ့တဲ့ ကာလအဖြစ် ထည့်သွင်း ရေတွက်ရမယ်လို့ ခြွင်းချက် အနေနဲ့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် တပ်မတော်က ရွေးချယ်ထားတဲ့ ဒုသမ္မတ ဦးမြင့်ဆွေရဲ့ သားသမီးနဲ့ ချွေးမသားမက်တွေ နိုင်ငံသားဖြစ်မဖြစ် ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ)နဲ့ ကိုက်ညီမှုရှိမရှိကိစ္စနဲ့ ပတ်သက်ပြီးလည်း ခိုင်လုံတဲ့ အထောက်အထားစာရွက်စာတမ်းတွေကို ကြည့်ရှုစစ်ဆေးကာ စည်းကမ်းဘောင်အတွင်းက ဆောင်ရွက်သွားမယ်လို့လည်း ဦးဘမျိုးသိန်းက ပြောပါတယ်။

သမ္မတ အရည်အချင်းနဲ့ ကိုက်ညီမှုရှိမရှိ စိစစ်ရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေ အပါအ၀င် အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013