
၁၉၈၈ မတ်လ အရေးခင်းမှာ ကျဆုံးခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့ ၂၈ နှစ်မြောက် နှစ်ပတ်လည်အထိမ်းမှတ်နေ့ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း ဗြူးကုန်းတောရစာသင်တိုက်မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး သံဃာတွေကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
၁၉၈၈ မတ်လ ၁၃ ရက်နေ့က အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်နေ လူငယ်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့ ကိစ္စက အစပြုပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေကို လုံထိန်းတပ်ဖွဲ့တွေက ပစ်ခတ်မှုကြောင့် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာစေဖို့ အကြောင်းရင်းတွေထဲက တခုဖြစ်ခဲ့တာပါ။
ကျောင်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ၁၉၈၉ ခုနှစ်ကစပြီး မတ်လ ၁၃ ရက်နေ့ကို မြန်မာ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အောင်သူ











