
ရခိုင်အမျိုးသားပါတီ အရေးပေါ်အစည်းအဝေးကိ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာမှာ ဒီကနေ့ မတ် ၁၂ ရက်နေ့ စတင်ကျင်းပနေပါတယ်။
၂ ရက်ကြာ ဒီအရေးပေါ်အစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီကထုတ်ပြန်ခဲ့တဲ့ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆ ကြေညာချက်များကို ဆွေနွေးပြီးအတည်ပြုဖို့ ရန်ကုန် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ ပါတီစီအီးစီ ၆ ဦး သတင်းစာရှင်းပြပွဲနဲ့ ပတ်သက်ပြီး ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ အစီအရင်ခံစာတင်ပြဖို့နဲ့ ပါတီစည်းကမ်း၊ ကျင့်ဝတ်လုပ်ပိုင်ခွင့်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့ လုပ်ရပ်တွေ အရေးယူဖို့ သင့်မသင့် ဆွေးနွေးမယ်လို့ သိရပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “မြို့နယ်အသီးသီးက ပါတီဝင်တွေလည်း ဖိတ်ထားပါတယ်။ ပါတီအတွင်းမှာ အခြေအနေတွေက ရှုပ်ထွေးနေတာကြောင့် ဒီအရေးအပေါ်အစည်းမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ လောလောဆယ်တော့ မီဒီယာတွေ တက်ရောက်ခွင့်ပေးမှာမဟုတ်ပါဘူး။ အစည်းအဝေးတွေပြီးရင်တော့ ကြေညာချက်ထုတ်ပြန်ဖို့ ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မတ် ၆ ရက်နေ့က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီမှ ဗဟိုအမှုဆောင် ၆ ဦးကို ပါတီဌာနချုပ်ကို ပါတီရဲ့ စည်းမျဉ်းဥပဒေအရ လာရောက်စစ်ဆေးခံဖို့ ဆင့်ခေါ်ထားပေမယ့် လာရောက်ခြင်းမရှိခဲ့ပါဘူး။
သတင်းဓာတ်ပုံ - ဇော်ခ











