DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် တအာင်းတပ် တိုက်ပွဲကြောင့် ကွတ်ခိုင်ဒေသခံများ ရာနှင့်ချီ ထွက်ပြေး
DVB
·
March 11, 2016
အစိုးရနှင့် တအာင်းတပ် တိုက်ပွဲကြောင့် ကွတ်ခိုင်ဒေသခံများ ရာနှင့်ချီ ထွက်ပြေး
1 / 5
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အစိုးရတပ် နဲ့ တီအန်အယ်လ်အေ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

သူတို့နေတဲ့ ရွာထဲမှာ လက်နက်ကြီးကျတာကြောင့် သူ့အိမ်ရော တခြားအိမ်တွေပါ ပျက်စီးတဲ့အပြင် ရွာသားတွေလည်း လမ်းပြလိုက်ပေးရတာကြောင့် ပြီးခဲ့တဲ့ ၈ ရက်နေ့က ထွက်ပြေးလာခဲ့တယ်လို့  နမ့်ဖတ်ကာရွာကို ထွက်ပြေးလာတဲ့ ငေါ့ငါးရွာသား ဦးလွယ်ဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အရင်လ ၁၉ ရက် ညနေက ကျနော်တို့ရွာထဲကို လက်နက်ကြီးကျတယ်။ ကျနော်တို့ အိမ်ရော စံထွန်း၊ အိုက်ချည်၊ အိုက်မောင်အေးတို့အိမ်ရော ပျက်စီးတယ်။ ခေါင်မိုးတွေ အပေါက် ဖြစ်သွားတယ်။  အိမ်အသုံးအဆောင်၊ အိပ်ယာတွေ အိုးတွေပန်ကန်တွေလည်း ထိတယ်။ ဒီလ ၆ ရက်နေ့ခါ ကျတော့ အစိုးရတပ်က တအိမ်တယောက် အစည်းအဝေးခေါ်တယ်။ ပြီးတော့ အသက်ကြီးတဲ့လူတွေ ပြန်ခိုင်းပြီး လူရွယ် ၁၄ ယောက်ကို ခေါ်သွားတယ်။ လမ်းပြလုပ်ခိုင်း တယ်။ အခုထိ ၁၀ ယောက်ပဲ ပြန်လာတယ်။ နောက်ထပ် ၄ ယောက်က ဘယ်ပျောက်နေလဲ မသိဘူး။ သေနတ်သံတွေလည်း ကြားလို့ ကျနော်တို့ မနေရဲတော့ဘူး။”

သူတို့ရွာက လူတွေဟာ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတည်းက နမ့်ဖတ်ကာကို ရောက်လာကြတာဖြစ်ပြီး ခြံအလုပ်ကောင်းကောင်း မလုပ်ရတာလည်း ဆယ်ရက်ကျော်ပြီဖြစ်ကာ ရှေ့ဆက်နေရေးထိုင်ရေးအတွက် စိတ်ပူနေရတယ်လို့  သူကဆက်ပြောပါတယ်။

စစ်ပြေးရှောင်ရွာသားတွေကို အကူအညီပေးနေတဲ့ နမ့်ဖတ်ကာ တအာင်းစာပေနဲ့ ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးအောင်မြကလည်း လက်ရှိသူတို့ဆီကို ရောက်လာတဲ့ရွာသားပေါင်း ၆၀၃ ဦးရှိကြောင်း  ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီကို ရောက်လာတာ အိမ်ခြေပေါင်း ၁၆၀၊ အားလုံး ငေါ့ငါးရွာကချည်းပဲ။၊ လောလောဆယ်သူတို့ကို  အောင်သပြေဓမ္မာရုံမှာ နေရာချထားတယ်။ စားရေားသောက်ရေး တော့ ဘုန်းကြီးကျောင်း၊ တအာင်းစာပေယဉ်ကျေးမှုအဖွဲ့နဲ့ နမ့်ဖတ်ကာရွာသားတွေ လာကူကြ တယ်။ ရေရှည်အတွက်တော့ အကူအညီတွေလိုတာပေါ့။”

တအာင်းကျောင်းသားနဲ့ လူငယ်များအစည်းအရုံးမှ သတင်းနဲ့လူ့အခွင့်အရေးမှတ်တမ်း တာဝန်ခံ မိုင်သိန်းဇော်ကတော့ စစ်ပြေးရှောင်ရွာသားတွေဟာ နမ့်ဖတ်ကာရွာမှာတင် ရှိတာ မဟုတ်ဘဲ မိုင်းယုလေးရွာမှာရော တခြားနီးစပ်ရာဆွေမျိုးအိမ်တွေ လမ်းမှာပျောက်နေတဲ့ ရွာသားတွေ ရှိနေသေးတယ်လို့ ဒီဗွီဘီုကိုပြောပါတယ်။

ကျနော်တို့ သိရတာကတော့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ရွာတွေက ၅ ရွာလောက်ရှိတယ်။ ဟိုမုန်း၊ ငေါ့ငါး၊ လွယ်ကျရမ်း၊ ကျုံးနော့နဲ့ ကျုံးနန်း အဲဒီရွာတွေပေါ့။ မိုင်းယုလေးမှာ ၃၀၀ ကျော် ရှိတယ်။ လူဦးရေစာရင်း အတိအကျသိရဖို့တော့ ခက်ပါတယ်။ ဆွေမျိုးတွေဆီ သွားနေတာရှိတယ်။ တချို့လည်း လူမှုကူညီရေးအဖွဲ့က ကားနဲ့သွားကြိုနေတယ်။ မန်နိုင်းအွန်ဆိုတဲ့ ရွာကတော့ လူပေါင်း ၄၀၀ လောက် ရွာမှာမရှိတော့ဘူး။ ဘယ်ရောက်နေလဲ ဆိုတာ  မသိရသေးဘူး။”

အခုလိုဖြစ်ရတာဟာ အစိုးရတပ်က တီအန်အယ်လ်အေ တအာင်းတပ်မတော်ကို ထိုးစစ် ဆင်နေတာကြောင့် ဖြစ်ကြောင်း၊ အစိုးရတပ်ဟာ တီအန်အယ်လ်တွေနေတဲ့ တောင်ကုန်း တောင်တန်းတွေကို သိမ်းပိုက်နိုင်ဖို့ ရွာတွေကို ဖြတ်ကျော်သွားရမှာဖြစ်ပြီး သူတို့ရောက်မလာခင် အဝေးပစ် လက်နက်ကြီးတွေနဲ့ အရင်ပစ်ခတ်လမ်းကြောင်းရှင်းကြောင်း၊ ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိတဲ့ ခလရ ၁၂၃ တပ်သော်မှ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလို ပစ်ကူနေတာတွေရှိတယ်လို့ မိုင်သိန်းဇော်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013