
တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ မတ်လ နောက်ဆုံးအပတ်မှာ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ရှိနေပါတယ်။
လက်ရှိအစိုးရ အပြောင်းအလဲမှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးမှာဖြစ်လို မှတ်ထိုးပြီးတဲ့အဖွဲ့ဖြစ်တဲ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ တပ်ပေါင်းစုထဲက တအောင်းပလောင်တို့ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေအတွက် ဆွေးနွေးညှိနှိုင်းဖို့ရှိတယ်လို့ ပအို့ဝ် အမျိုးသားအဖွဲ့ချုပ် နာယက ဦးခွန်ဥက္ကာက ပြောပါတယ်။
“အခြေခံကတော့ အရေးကြီး ၂ ခုရှိတယ်လေ။ အရင်ကျတော်တို့ လက်မှတ်ထိုးပြီးတာနဲ့ ချထားတာ။ ၁ က အန်စီအေကို အကောင်အထည်ဖော်နိုင်ဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွား ဖို့ဆိုတဲ့ဟာက ကျနော်တို့ ဒါက အရေးကြီးတဲ့ ဒီ ၈ ဖွဲ့ရဲ့ လုပ်ငန်းတာဝန်တခုပေါ့။ နောက်လုပ်ငန်း တာဝန်တခုကတော့ လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ ဘ၀တူ ညီနောင်အဖွဲ့အစည်းတွေနဲ့ မျက်ခြေ မပြတ်ဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိအောင်၊ ညီညွှတ်ရေးကို ဆက်ထိန်းနိုင်အောင်နဲ့ ဖြစ်နိုင်လို့ရှိရင် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်အောင် ဦးစားပေးရမယ်ဆိုတဲ့အချက်ပေါ့။ ဒီအရေးကြီးတဲ့ အချက် ၂ ခုစလုံးက ဆက်လက်လုပ်နေတဲ့အခါကျတော့ အန်စီအေ အကောင်အထည်ဖော်ရေး လုပ်ငန်းတွေကတော့ တော်လောလေးတော့လုပ်ခဲ့ပြီး ဒါပေမယ့် အစိုးရ အပြောင်းအလဲမှာ ခဏစောင့်ရတဲ့သဘောပေါ့။ ကျန်တဲ့အဖွဲ့အစည်းတွေကိစ္စကတော့ ပိုရှုတ်လာတာက လက်မှတ်ထိုးတဲ့ ၈ ဖွဲ့ထဲက အဖွဲ့တဖွဲ့နဲ့ တပ်ပေါင်းစုထဲမှာပါတဲ့ အဖွဲ့တဖွဲ့က နယ်မြေကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားပြီး အကြမ်းဖက်ပဋိပက္ခ ဖြစ်လာတဲ့အခါကျတော့ ဒီလိုကိစ္စမျိုးတွေကို ၀ိုင်းဝန်းဖြေရှင်ဖို့ ကျနော်တို့ ထိပ်သီးစည်းဝေးပွဲမှာ စဉ်းစားရမယ့်ကိစ္စဖြစ်လာတာပေါ့။”
အန်စီအေ လက်မှတ်ထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးပွဲ ကို ကေအန်ယူထိမ်းချုပ်နယ်မြေ သို့မဟုတ် ချင်းမိုင်မြို့မှာ ကျင်းပမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဆယ်စုနှစ်တွေနဲ့ချီ လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အန်စီအေ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ ချင်းအမျိုးသားတပ်ဦး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ ၈ ဖွဲ့ ဖြစ်ပါတယ်။











