DVB Logo
Home
မြန်မာသတင်း
သေဒဏ်ကျမြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေး ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာပေးပို့
DVB
·
March 10, 2016
သေဒဏ်ကျမြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေး ထိုင်းဘုရင်မင်းမြတ်ထံ  အသနားခံစာပေးပို့
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂ ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ဖို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ ပေးပို့ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်သားဖြစ်တဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက သေဒဏ်အမိန့်ချမှတ်လိုက်တဲ့အမှုမှာ သံသယဖြစ်ဘွယ်တွေ အများကြီးနဲ့ လက်ခံနိုင်စရာ မရှိတာကြောင့် လူမှုအခြေပြုအဖွဲ့ပေါင်း ၆ ဖွဲ့က ပြည်သူပေါင်း ၁ သိန်းနီးပါးရဲ့ လက်မှတ်တွေ ကောက်ခံပြီး အသနားခံစာ ပေးပို့ခဲ့တယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ ကိုခိုင်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။

“လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး အမှုသွားအမှုလာတွေကို ကျနော်တို့က ပြန်သုံးသပ်တဲ့အခါမှာ သံသယဖြစ်စရာတွေ အများကြီးဖြစ်နေတယ်၊ အဲဒီလို စီရင်ချက်ချလိုက်တဲ့ အပေါ်မှာ ကျနော်တို့ရခိုင်ပြည်သူတရပ်လုံးအနေနဲ့ လက်ခံယုံကြည်လို့မရဘူး၊ ကျနော်တို့ လက်မ ခံနိုင်ဘူး၊ မယုံကြည်ဘူး။ ဒါကြောင့် သူတို့ ၂ ဦး အလုံးစုံလွတ်မြောက်ဖို့အတွက် ရခိုင်ပြည်နယ် ၁၅ မြို့နယ်နဲ့ ရန်ကုန်ရောက် ရခိုင်ပြည်သူတွေဆီကနေ လက်မှတ်ကောက်ခံတာ မနှစ် ဒီဇင်ဘာလကုန်ကနေ ဒီနှစ်ဇန်န၀ါရီ လကုန်ထိ ၁ လအတွင်း  ၉ သောင်း ၇ ထောင်ကျော်ရ တယ်။ အဲဒါကို မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကနေ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာပို့ခဲ့ပါတယ်။ မိတ္တူကို ထိုင်းဝန်ကြီးချုပ်၊  မြန်မာနိုင်ငံသမ္မတရုံးနဲ့  ဗြိတိန်နိုင်ငံ သံရုံးကို ပေးပို့ခဲ့တယ်။”

ထိုင်းဘုရင်မင်းမြတ်ထံကို  မတ်လ ၄ ရက်နေ့နဲ့ ဗြိတိန်သံရုံးကို မတ်လ ၇ ရက်နေ့တွေမှာ အသီးသီးပေးပို့ခဲ့ပြီး ထိုင်းဘက်က အကြောင်းပြန်ကြားချက် မရရှိသေးပေမယ့်လည်း  လူငယ် ၂ ဦး ထိုင်းတရားရုံးမှာ အယူခံဝင်မယ့်အပေါ် တစုံတရာ အကျိုးသက်ရောက်မှုရှိမယ်လို့ မျှော်လငိ့ကြောင်း သူကဆက်ပြောပါတယ်။

ပြည်သူများလက်မှတ်ကောက်ခံပြီး ထိုင်းဘုရင်ထံအသနားခံစာတင်တဲ့ လှုပ်ရှားမှုမှာ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး  AASYC၊ ရခိုင်အမျိုးသမီး သမဂ္ဂ-RWU၊ ရခိုင်အမျိုးသမီးများကွန်ရက် – RWN၊ ရခိုင်မျိုးဆက်သစ်အဖွဲ့- ARG၊ တက္ကသိုလ်ရ ခိုင်လူငယ်များအသင်း – AYAOU၊ ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်-ရန်ကုန်) စတဲ့ အဖွဲ့ပေါင်း ၆ ဖွဲ့ပါဝင်ပါတယ်။

အလားတူ ရခိုင်သံယာတော်များ ထောင်ချီပါဝင်တဲ့ ရခိုင်သံဃာ့နိကာယအသင်းကလည်း ရခိုင်လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် ထိုင်းဘုရင်ကြီးထံအသနားခံစာတစ်စောင် ထပ်မံပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013