DVB Logo
Home
မြန်မာသတင်း
မွန်လူမျိုးနှင့်ချင်းလူမျိုးတို့ ပထဆုံးအကြိမ် သမ္မတဖြစ်လာဖွယ်ရှိ
DVB
·
March 10, 2016
မွန်လူမျိုးနှင့်ချင်းလူမျိုးတို့ ပထဆုံးအကြိမ် သမ္မတဖြစ်လာဖွယ်ရှိ
Donate to DVB

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေက လာမယ့် အစိုးရသစ်ကို ဦးဆောင်ဖို့ နိုင်ငံသမိုင်းတလျောက် ပထမဆုံးအကြိမ်အဖြစ် မွန်အမျိုးသားတဦးနဲ့ ချင်းအမျိုးသားတဦးကို ဒုတိယသမ္မတလောင်းတွေအဖြစ် အဆိုတင်သွင်း လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆရာကြီးမင်းသုဝဏ်ရဲ့သား ဦးထင်ကျော်ကို ဒုတိယသမ္မတလောင်းအဖြစ်၊ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် အမှတ် ၃ မဲဆန္ဒနယ်မြေမှ ဦးဟင်နရီဗန်ထီးယူကို အသီးသီးအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီဆောင်ရွက်ချက်ဟာ  ကချင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးစုကြီး ၈ ခုထဲက မွန်လူမျိုးနဲ့ ချင်းလူမျိုးတို့ကို နိုင်ငံအကြီးအကဲထိပ်တန်းနေရာတွေမှာ ပထမဆုံးအကြိမ် တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ကစလို့ ရေတွက်ရင် တိုင်းပြည်ခေါင်းဆောင်တွေနေရာမှာ ဗမာ၊ ရှမ်းနဲ့၊ ကရင်တိုင်းရင်းသားတွေကို တင်မြှောက်ခဲ့ကြပါတယ်။ စာရင်းအရ သမ္မတတွေအဖြစ် စပ်ရွှေသိုက် (၁၉၄၈-၁၉၅၂)၊ ဦးဘဦး (၁၉၅၂-၁၉၅၇)၊ မန်းဝင်းမောင် (၁၉၅၇-၁၉၆၂)၊ ဦးနေ၀င်း (၁၉၆၂-၁၉၈၁)၊ ဦးစန်းယု (၁၉၈၁-၁၉၈၈)၊ ဦးစိန်လွင်၊ ဦးအေးကို၊ ဦးမောင်မောင် (၁၉၈၈ တွင် ၁၆ ရက်၊ ၇ ရက်၊ ရက် ၃၀ ကြာ)၊ ဦးစောမောင် (၁၉၈၈-၁၉၉၂)၊ ဦးသန်းရွှေ (၁၉၉၂-၂၀၁၁)၊ ဦးသိန်းစိန် (၂၀၁၁-၂၀၁၆) တို့ဖြစ်ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသားတွေကို ဦးစားပေးမယ်လို့ ပြောကြားခဲ့တဲ့အတိုင်း ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့် (ဗမာ)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမန်းဝင်းခိုင်သန်း (ကရင်)၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ် (ကချင်)၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးသာအောင် (ရခိုင်)၊ အမျိုးသားလွှတ်တော် ဒုတိယသမ္မတလောင်းအဖြစ် ဦးဟင်နရီဗန်ထီးယူ (ချင်း)၊ ပြည်သူ့လွှတ်တော် ဒုတိယသမ္မတလောင်းအဖြစ် ဦးထင်ကျော် (မွန်) တို့ကို ရွေးချယ်ထားပါတယ်။

ဦးထင်ကျော် အဆိုပြုခံရတဲ့အပေါ် မွန်အမျိုးသားပါတီ အတွင်းရေးမှူး - ၁ နိုင်စိုးမြင့် က

“ဦးထင်ကျော်က ဖြစ်သင့်တယ်။ သူ့အဖေ ဆရာကြီးမင်းသုဝဏ်ကျတော့ သူ့ကိုယ်သူ မွန်လူမျိုးလို့ ဖော်ထုတ်တယ်ပေါ့ဗျာ။ ဘယ်လိုမဆို တိုင်းပြည်တခုလုံးရဲ့အကျိုး၊ ပြည်သူတခုလုံးရဲ့အကျိုးက ပိုပြီးတော့အရေးကြီးပါတယ်။ ထိုနည်းတူ တိုင်းရင်းသားသွေးပါတဲ့ သမ္မတတယောက်အနေနဲ့ ဘယ်လိုမဆို မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပေါ့ဗျ၊ တိုင်းရင်းသားတွေနဲ့ အစိုးရ အဆက်ဆက် ပြဿနာဖြစ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ပိုပြီးတော့ အလေးထားနိုင်မှာပါ့နော်။ တိုင်းရင်းသားသွေး ပါတယ်ဆိုတော့ တိုင်းရင်းသားတွေရဲ့ ဒီနေ့ဖြစ်နေတဲ့ ပဋိပက္ခတွေလည်း ပိုပြီးတော့ သုံးသပ်နိုင်မယ်၊ အဖြေရှာနိုင်မယ်၊ ဆုံးဖြတ်နိုင်မယ်လို့တော့ ထင်ပါတယ်။ ” လို့ ပြောပါတယ်။

ဦးထင်ကျော်ကို သမ္မတ အဆိုပြုတာနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက “သူ့မိဘမျိုးရိုး ကတော့ မွန်ဖြစ်ပေမယ့်လို့ သူကတော့ မွန်တွေအတွက်၊ မွန်အမျိုးသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ ကတော့ တခါမှမကြားမိသေးဘူး။ အန်အယ်လ်ဒီထဲမှာပဲ သူကတော့ ပါဝင်ခဲ့တာပေါ့နော်။ အဲဒီအနေအထားမျိုးမှာ တဖက်ကတော့ မွန်တွေအတွက်က သူက ဘယ်လောက်အထိ အလေးထားမလဲတော့ အန်ကယ်တို့လည်း မပြောနိုင်ဘူးပေါ့။ တဖက်က အန်အယ်ဒီမှာဆိုရင် ဒေါ်စုပြောနေသလိုပေါ့လေ အခုကတော့ ဒေါ်စုအနေနဲ့ သမ္မတဖြစ်ခွင့်မရှိတော့ သူတို့ကြိုးကိုင်နိုင်တဲ့ တယောက်ယောက်ကို တင်ပေးလိုက်တာပေါ့လေ။ အဲဒီတော့ သိပ်အထူးခြားကြီးတော့ ရှိမှာမဟုတ်ဘူးလို့ ထင်ပါတယ်။” လို့ ပြောပါတယ်။

အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ မိလယိုင်မွန် (ခ) ဒေါ်သန်းရှင်ကလည်း “သူသမ္မတဖြစ်လာပြီဆိုရင်တော့ နိုင်ငံအကျိုးအတွက် သူလုပ်ရမှာပဲ။ မွန်အတွက်ချည်းပဲတော့ မဟုတ်ဘူးပေါ့။ အကုန်ုလုံးအတွက် သူလုပ်ပေးရမှာပဲ။ ဒါက သမ္မတ တဦးရဲ့ လုပ်ရမယ့်လုပ်ငန်း လို့ ကျမတို့မြင်တယ်။ အဲဒီထဲမှာဆိုရင် သူက တရားမျှတစွာလုပ်မယ်ဆိုရင် ကျမတို့ မွန်လူမျိုးအတွက် ဂုဏ်ရှိတာပေါ့။ ကျမတို့ မွန်အမျိုးသားတွေ သမ္မတဖြစ်လာမယ်၊ တရားမျှတတဲ့မင်းဖြစ်လာမယ်၊ တရားမျှတတဲ့ သမ္မတတဦးဖြစ်လာမယ်၊ သူ့အတွက်နဲ့ နိုင်ငံအေးချမ်း လာမယ်ဆိုလို့ရှိရင် ကျမတို့ မွန်လူထုအတွက် ဒါက ဂုဏ်ယူစရာ၊ ၀မ်းသာစရာဖြစ်မှာပေါ့နော်။ ” လို့ပြောပါတယ်။

ဦးဟန်နရီဗန်ထီးယူက သူ့ကို အဆိုပြုခဲ့တဲ့အပေါ် “မထင်မှတ်ပဲနဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့အခါမှာ ကျနော့်အနေနဲ့ အလွန့်အလွန်ကိုပဲ ကျနော် ၀မ်းသာမိပါတယ်။ ကျနော်တို့ ချင်းတိုင်းရင်းသားများအနေနဲ့ နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ဒုတိယသမ္မတဆိုတာ ဒါဟာ ပထမဆုံး အဆင့်အမြင့်ဆုံးပေါ့နော် ရာထူးတာဝန်ကို ပေးအပ်တဲ့အတွက်ကြောင့် ကျနော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက် ၀မ်သာဖြစ်ရသလိုပဲ ကျနော့် ကျန်တဲ့ညီအစ်ကိုတိုင်းရင်းသားတွေအားလုံးကလည်း ကျနော်နဲ့ထပ်တူထပ်မျှ ၀မ်းသာပီတိဖြစ်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းသူက လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေတ၀က်ကျော် ရရှိထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို အဆိုပြုခံရသူကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဖြစ်တာကြောင့် ဒုတိယသမ္မတဖြစ်လာဖို့ သေချာလုနီးပါးရှိပါတယ်။

ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ပူးနိုထမ်ဘဲလ် (ခ) နိုထမ်ကပ်က “ကျနော်တို့ လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။ ဒီပုံစံအတိုင်း အန်အယ်လ်ဒီက တိုင်းရင်းသား လူမျိုးစုကြီး (၈) ခုကို အခြေအနေအရ သုံးသပ်ပြီးတော့ ခြေလှမ်းလှမ်းမယ်ဆိုရင်တော့ ကျနော်တို့အားလုံးက ပီတိဖြစ်နေတာပေါ့။ ကျနော်တို့တင်မကဘူး ချင်းပြည်သူတွေလည်း ကျနော်သိသလောက် ၀မ်းသာအားရဖြစ်တယ်။”

“လာမယ့်နိုင်ငံရေးဆွေးနွေးပွဲတွေကို အထောက်အကူပြုမှာပေါ့၊ အခု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လက်တွေ့ အကောင်အထည်ဖော်နေသလိုဖြစ်နေပြီလေ။ ကျနော်တို့ လက်နက်ကိုင်တွေကဖြစ်ဖြစ်၊ တိုင်းရင်းသားပါတီတွေကဖြစ်ဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ လက်တွေ့ကိုပဲ မြင်ချင်တာလေ။ တန်းတူညီမျှမှုဆိုတာ ဒါပါပဲ” လို့ ပြောပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က “အဲဒါ ဘာကြောင့်မှန်းမသိဘူးလေ၊ ကျနော်တို့ ဟိုဟာလုပ်ထားတဲ့ဟာ အခြေခံဥပဒေ ၅၉ (စ) က တားထားလို့ အဲဒါတွေ ရောက်သွားတာဖြစ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်းတားထားတယ်။ ကျနော့်လည်း တားထားတယ်ပေါ့ဗျာ။ သားသမီးတွေ နိုင်ငံခြားမှာရှိတယ်ဆိုရင်လို့ ပြောထားတာ။“

“ဒေါ်စုပြောတဲ့အထဲမှာတော့ ပါတာပဲ။ ဒါပေမယ်လို့ ကျနော်တို့အကြောင်း ဘယ်သူကမှ မသိလို့လားမသိဘူးလေ။ အဲလိုပဲပြောမိတာလား။ သူ စီအာရ်ပီပီတုန်းက ကျနော့်အဖွဲ့တွေ ကျမမမေ့ဘူး ဘာညာ သူပြောတယ်လေ။ အဲလိုဆိုလို့ရှိရင် အခုတော့ ကျနော်မဖြစ်နိုင်လည်း ကျနော့်အောက်ကလူတွေ ရှိသေးတာပဲ။ အဲဒါတွေ ဘယ်သူမှ ဘာမှ မဖြစ်သေးဘူးဗျ။” လို့ ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်မှာ လက်ရှိအစိုးရမှာ ဒုတိယသမ္မတတာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ စိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော်မှာ လွှတ်တော်နာယကဟောင်း ဦးခင်အောင်မြင့်ကို အဆိုပြုခဲ့ပါတယ်။ ဒါကြောင့် ဒုတိယသမ္မလောင်း စုစုပေါင်း လေဦး အဆိုပြုခဲ့ကြပါတယ်။ တပ်မတော်ကိုယ်စားလှယ်တွေဘက် အဆိုပြုမယ့် ဒုသမ္မတလောင်းအမည်တော့ မသိရသေးပါဘူး။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်မှာရော၊ ပြည်သူ့လွှတ်တော်မှာပါ ပြတ်ပြတ်သတ်သတ် အနိုင်ရရှိထားတဲ့အတွက် အခုအဆိုတင်သွင်းခဲ့ကြတဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့နှစ်ဦးဟာ ဒုတိယသမ္မတတွေဖြစ်ဖို့ ကျိန်းသေသလောက် သေချာပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အဆိုတွေကို မဲခွဲပြီး ကျန်ရှိတဲ့ လွှတ်တော်တခုစီက ဒုတိယသမ္မတလောင်းတဦးစီနဲ့ တပ်မတော်အစုအဖွဲ့က တင်သွင်းလာမယ့် ဒုတိယသမ္မတလောင်းတဦး စုစုပေါင်း သုံးဦးကို နောက်ရက်တွေမှာ စိစစ်အတည်ပြုပြီးတဲ့အခါ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒီသုံးဦးထဲက သမ္မတဦးကို မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒါကြောင့် ပုံမှန်လုပ်ထုံးလုပ်နည်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်တွေ အဆိုပြုတင်မြှောက်တဲ့ ဒုတိယသမ္မတ ၂ ဦးထဲက သမ္မတ တဦးဖြစ်လာမှာဖြစ်ပါတယ်။ သမ္မတက အစိုးရဖွဲ့ပြီးနောက် ဧပြီ ၁ ရက်နေ့မှာ လက်ရှိအစိုးရထံကနေ တာဝန်လွှဲပြောင်းရယူမှာဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေက နိုင်ငံတော်အကြီးအကဲတာဝန်ထမ်းစေချင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့် အသတ်ကြောင့် သမ္မတ တာဝန်ထမ်းရွက်ခွင့်မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013