
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာ မျိုးအောင်နဲ့ ဦးဘမျိုးသိန်းတို့ကို အဖွဲ့ဝင် ၇ ဦးပါ နိုင်ငံတော်သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့ဝင်တွေအဖြစ် ဒီကနေ့ လွှတ်တော်က အတည်ပြုရွေးချယ် တာဝန်ပေးအပ် လိုက်ပါတယ်။
နိုင်ငံတော်သမ္မတအရည်အချင်းနဲ့ ပြည့်စုံခြင်းရှိမရှိ စိစစ်နိုင်ဖို့ စိစစ်ရေးအဖွဲ့ဝင်တွေအဖြစ် ပြည်သူ့လွှတ်တော်က ဒဂုံမြို့သစ်အရှေ့ပိုင်း မဲဆန္ဒနယ်မှ ဒေါက်တာမျိုးအောင်ကို ရွေးချယ်ခဲ့ပြီး အမျိုးသားလွှတ်တော်က ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဘမျိုးသိန်းကို ရွေးချယ်ခဲ့တာပါ။
ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတလောင်းစိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းထား တာဖြစ်ပြီး ဒီအထဲမှာ ပြည်သူ့လွှတ်တော်အကြီးအကဲ ၂ ဦး အမျိုးသားလွှတ်တော် အကြီးအကဲ ၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ ဦးနဲ့ တပ်ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၇ ဦး ပါဝင်တာပါ။
ဒီကနေ့ လွှတ်တော် ၂ ခုက အမည်စာရင်းတင်သွင်းအဆိုပြုလိုက်တဲ့ ဒုသမ္မတလောင်း ဦးထင်ကျော်၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးခင်အောင်မြင့်တို့ကို နိုင်ငံတော်သမ္မတ အရည်အချင်းများပြည့်စုံခြင်းရှိမရှိ စိစစ် ဆောင်ရွက်သွားဖို့ရှိနေပါတယ်။











