DVB Logo
Home
မြန်မာသတင်း
ချင်းလူမျိုးကို ဒုတိယသမ္မတအဖြစ် ပထမဆုံး အဆိုတင်သွင်း
DVB
·
March 10, 2016
ချင်းလူမျိုးကို ဒုတိယသမ္မတအဖြစ် ပထမဆုံး အဆိုတင်သွင်း
Donate to DVB

ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးက လာမယ့်အစိုးရသစ်ကို ဦးဆောင်ဖို့ နိုင်ငံသမိုင်းတလျောက် ပထမဆုံးအကြိမ်အဖြစ် ချင်းအမျိုးသားတဦးကို ဒုတိယ သမ္မတလောင်း တဦးအဖြစ် အဆိုတင်သွင်းလိုက်ပါတယ်။

ဒီဆောင်ရွက်ချက်ဟာ  ကချင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်း သား လူမျိုးစုကြီး ၈ ခုထဲက ချင်းလူမျိုးက နိုင်ငံအကြီးအကဲထိပ်တန်းနေရာကို ပထမဆုံး တင်မြှောက်ခံ ခဲ့ရတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် အမှတ် ၃ မဲဆန္ဒနယ်မြေမှ ဦးဟင်နရီဗန်ထီးယူကို ဒေါက်တာအောင်သူက အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ယခင် ပြည်ထောင်စုလွှတ်တော်နာယကတာဝန်ထမ်းဖူးတဲ့ ဦးခင်အောင်မြင့်ကို အဆိုတင်သွင်း ခဲ့ပါတယ်။

ဦးဟန်နရီဗန်ထူးက “မထင်မှတ်ပဲနဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရတဲ့အခါမှာ ကျနော့်အနေနဲ့ အလွန့်အလွန်ကိုပဲ ကျနော် ၀မ်းသာမိပါတယ်။ ကျနော်တို့ ချင်းတိုင်းရင်းသားများအနေနဲ့ နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ဒုတိယသမ္မတ ဆိုတာ ဒါဟာ ပထမဆုံး အဆင့်အမြင့်ဆုံးပေါ့နော် ရာထူးတာဝန်ကို ပေးအပ်တဲ့အတွက်ကြောင့် ကျနော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက် ၀မ်သာဖြစ်ရသလိုပဲ ကျနော့် ကျန်တဲ့ညီအစ်ကို တိုင်းရင်းသားတွေအားလုံးကလည်း ကျနော်နဲ့ထပ်တူထပ်မျှ ၀မ်းသာပီတိဖြစ်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းသူက လွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေတ၀က်ကျော် ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို အဆိုပြု ခံရသူကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဖြစ်တာကြောင့် ဒုတိယသမ္မတဖြစ်လာဖို့ သေချာလုနီးပါးရှိပါတယ်။

ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ပူးနိုထမ်ဘဲလ် (ခ) နိုထမ်ကပ်က “ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ ဒီပုံစံအတိုင်း အန်အယ်လ်ဒီက တိုင်းရင်းသား လူမျိုးစုကြီး ၈ ခုကို အခြေအနေအရ သုံးသပ်ပြီးတော့ ခြေလှမ်းလှမ်းမယ်ဆိုရင်တော့ ကျနော်တို့အားလုံးက ပီတိဖြစ်နေတာပေါ့။ ကျနော်တို့တင်မကဘူး ချင်းပြည်သူတွေလည်း ကျနော်သိသလောက် ၀မ်းသာအားရဖြစ်တယ်။”

“လာမယ့်နိုင်ငံရေးဆွေးနွေးပွဲတွေကို အထောက်အကူပြုမှာပေါ့ အခု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို လက်တွေ့ အကောင်အထည်ဖော်နေသလိုဖြစ်နေပြီလေ။ ကျနော်တို့ လက်နက်ကိုင်တွေကဖြစ်ဖြစ်၊ တိုင်းရင်းသားပါတီတွေကဖြစ်ဖြစ် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ဆိုတာ လက်တွေ့ကိုပဲ မြင်ချင်တာလေ။ တန်းတူညီမျှမှုဆိုတာ ဒါပါပဲ။” လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထင်ကျော်ကို အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လက်ရှိ ဒုတိယသမ္မတ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ စိုင်းမောက်ခမ်းကို အဆိုပြုခဲ့ပါတယ်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသား လွှတ်တော်မှာရော၊ ပြည်သူ့လွှတ်တော်မှာပါ အပြတ်အသတ်အနိုင်ရရှိထားတဲ့အတွက် အခုအဆိုတင်သွင်းတဲ့ ဦးဟင်နရီဗန်ထီးယူဟာ ဒုတိယသမ္မတတဦးဖြစ်ဖို့ ကျိန်းသေသလောက် သေချာပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အဆိုတွေကို မဲခွဲပြီး လွှတ်တော်တခုစီက ဒုတိယ သမ္မတလောင်းတဦးစီနဲ့ တပ်မတော်အစုအဖွဲ့က တင်သွင်းလာမယ့် ဒုတိယ သမ္မတလောင်းတဦး စုစုပေါင်း သုံးဦးကို နောက်ရက်တွေမှာ စိစစ်အတည်ပြုမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ် တော်အစည်းအဝေးမှာ ဒီသုံးဦးထဲက သမ္မတဦးကို မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံမှန်လုပ်ထုံးလုပ်နည်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်တွေ အဆိုပြုတင်မြှောက်တဲ့ ဒုတိယသမ္မတ ၂ ဦးထဲက သမ္မတ တဦးဖြစ်လာမှာဖြစ်ပါတယ်။ သမ္မတက အစိုးရဖွဲ့ပြီးနောက် ဧပြီ ၁ ရက်နေ့မှာ လက်ရှိအစိုးရထံကနေ တာဝန်လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေက နိုင်ငံတော်အကြီးအကဲတာဝန်ထမ်းစေချင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်ကြောင့် သမ္မတ တာဝန်ထမ်းရွက်ခွင့်မရှိပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသားတွေကို ဦးစားပေးမယ်လို့ ပြောကြားခဲ့တဲ့အတိုင်း ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဦးဝင်းမြင့် (ဗမာ)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမန်းဝင်းခိုင်သန်း (ကရင်)၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ် (ကချင်)၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးသာအောင် (ရခိုင်)၊ အမျိုးသားလွှတ်တော် ဒုတိယသမ္မတလောင်းအဖြစ် ဦးဟင်နရီဗန်ထီးယူ (ချင်း)၊ ပြည်သူ့လွှတ်တော် ဒုတိယ သမ္မတလောင်းအဖြစ် ဦးထင်ကျော်တို့ကို ရွေးချယ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013