
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ခံရမှု ၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို လက်ပံတန်းမြို့နယ် အောင်မြေဗိမာန်ကျောင်းတိုက်မှာ ဒီနေ့ မနက် ၁၀ နာရီ ၁၀ မိနစ် အချိန်က ကျင်းပပြုလုပ်နေပါတယ်။
၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ဒီမိုကရေစီပညာရေးသပိတ်စစ်ကျောင်း လက်ပံတန်းမြို့မှ ရန်ကုန်မြို့ကို ဆက်လက်ချီတက်စဉ်မှာ ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ကျောင်းသားနဲ့ ဝိုင်းရံပြည်သူ ၁၀၀ ကျော် သာယာဝတီထောင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီနေ့ဟာ အကြမ်းဖက်ဖြိုခွဲခံရတာ ၁ နှစ်တင်းတင်ပြည့်တဲ့ အခမ်းအနားကို ကျောင်းသားတွေ နောက်ဆုံးစခန်းချခဲ့ပြီး အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ လက်ပံတန်းမြို့က အောင်မြေဗိမာန် ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ကျောင်းသားတွေ အရိုက်နှက်ခံရစဉ်တုန်းက သွေးစွန်းနေတဲ့ ခမောက်တွေ၊ ဖိနပ်တွေ၊ အင်္ကျီတွေနဲ့ သူတို့ရိုက်ခံရတဲ့ မိုင်တိုင်အမှတ်တွေ ပါပြသထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် သတင်းထောက်တွေရဲ့ ဓာတ်ပုံတွေ၊ ပန်းချီပုံတွေပါ ပြသထားပါတယ်။
ဒီပွဲမှာ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းဆိုတဲ့ စာအုပ်တမျိုးကိုလည်း ပြသထားပြီး အလှူငွေထည့်ပြီး ယူနိုင်ပါတယ်။
အခုချိန်ထိ တဖွဲဖွဲ အခမ်းအနားတက်ရောက်ဖို့ ရောက်လာနေဆဲဖြစ်ပြီး အခမ်းအနားကို ၁၀ နာရီ၊ ၁၀ မိနစ်တိတိမှာ အစပြုမှာဖြစ်ပါတယ်။
အခမ်းအနားပတ်ဝန်းကျင်မှာတော့ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အရိပ်အရောင်ကိုတော့ မတွေ့ရဘဲ ဒီအချိန်ထိ ဘုန်းကြီးကျောင်းကို အာဏာပိုင်အဖွဲ့အစည်းက လာရောက်ပိတ်ပင်တားစီးတာမျိုးလည်း မရှိပါဘူး။
သတင်းဓာတ်ပုံ - မင်းညို










