DVB Logo
Home
Lead Story
ရတနာပုံမန္တလေးကို… အသက်ကလေးရယ်တဲ့ ရှည်စေလိုရင်ဖြင့် (၂)
DVB
·
March 9, 2016
ရတနာပုံမန္တလေးကို… အသက်ကလေးရယ်တဲ့ ရှည်စေလိုရင်ဖြင့် (၂)
Donate to DVB

ဒီဆောင်းပါးရဲ့အပိုင်း (၁) မှာ အမျှော်အမြင်နည်းပါးတဲ့စီမံအုပ်ချုပ်မှုတွေအောက် နှစ်ရှည်လများ အသွေးအသား တွေခမ်းခြောက် အပျိုရည်ပျောက်ခဲ့ရတဲ့ မန္တလေးမြို့ကြီးရင်ဆိုင်ခံစားနေရတဲ့ ဘေးဆိုး (၇)မျိုးအနက်က ရေဘေး၊ မီးဘေး၊ ခြင်ဘေးတွေအကြောင်း ရေးခဲ့ပါတယ်။ ဒီအပိုင်း (၂) မှာတော့ ပူလောင်ခြောက်သွေ့မှုဘေးအကြောင်း ရေးပါ့မယ်။

ပူလောင်တယ် ခြောက်သွေ့တယ်ဆိုတာနဲ့လူတချို့က ပြောကြလိမ့်မယ် ဥတုရာသီဆိုတာ သဘာဝတရားဘဲ၊ ကံတရားအတိုင်းပေါ့လို့ ပြောခြင်ကြလိမ့်မယ်။ စာရေးသူယုံကြည်တာကတော့ လူသားတွေဟာ ဥတုရာသီကို အတိုင်းအတာတခုထိ ပြုပြင်လွှမ်းမိုးနိုင်ပါတယ်။ ပူပြင်းခြောက်သွေ့ တဲ့ သဲကန္တာရတွေဖုံးလွှမ်းနေတဲ့ ယူအေအီး၊ ကူဝိတ်အစရှိတဲ့အာရပ်နိုင်ငံတွေမှာ လူလုပ်အိုအေစစ်ကြီးတွေ အလျှိုအလျှိုပေါ်လာအောင်တည်ဆောက်ပြီး အေးမြတဲ့ဝန်းကျင်ကို ဖန်တီးယူကြပါတယ်။

တချိန်ထဲမှာဘဲ လူ့ပရောဂကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များ၊ မီသိန်း၊ အိုဇုန်းအစရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) တွေ တိုးပွားသိပ်သည်းလာတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာခြင်း (Global Warming)ကို ဖြစ်ပေါ်လာစေသလို ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု (Climate Change) ကိုဖြစ်စေခဲ့တာ မဟုတ်လား။

(၄) ပူလောင်ခြောက်သွေ့မှုဘေး

မန္တလေးဟာ မိုးနည်းရေရှားရပ်ဝန်းဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းမှာတည်ရှိတယ်ဆိုပေမဲ့ ပတ်ဝန်းကျင်တခိုဟာ စိမ်းစိမ်းစိုစိုရှိပါတယ်။ အရှေ့ဖက်မှာ အောင်ပင်လယ်ကန်လယ်ကွင်းတွေ ရံထားပြီး ငရံ့မင်းတောင်နဲ့ရှမ်းရိုးမကြီး ကပ်လျှက်အုပ်မိုးတည်ရှိနေတာပါ။ အနောက်ဖက်မှာ စစ်ကိုင်း၊ မင်းဝံတောင်ရိုးနဲ့ ရစ်ခွေစီးဆင်းနေတဲ့ မြစ်မင်းဧရာဝတီရယ်၊ မြောက်ဖက်မှာ မန္တလေးတောင်၊ သခင်မတောင်ရယ် ကွမ်းခြံ ဥယျာဉ်ခြံတွေနဲ့စိမ်းစိုနေတဲ့ မတ္တရာနယ်၊ တောင်ဖက်မှာ ဒုဌ၀တီ၊ ဇော်ဂျီပန်းလောင်မြစ်နဲ့ သရက်ဥယျာဉ်ခြံတွေအပြင် စပါးအထွက်ကောင်း တဲ့ ကျောက်ဆည်လယ်တွင်း ကိုးခရိုင်စတဲ့ အိုအေစစ်တွေ ၀ိုင်းပတ်ရံနေတာပါ။

ဒါပေမဲ့လည်း မန္တလေးဟာ အစိမ်းတွေကြားကအ၀ါ၊ အစိုတွေကြားကအခြောက်လိုဖြစ်စေခဲ့ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပူပြင်းခြောက်သွေ့တဲ့ သဘာဝရာသီဥတုကိုဖယ်လိုက်ရင် လူ့ ပရောဂ အကြောင်းသုံးရပ်ကြောင့် အထက်ပူအောက်ပူ၊ ဖုန်ထူထူ မြို့ပူကြီးဖြစ်ခဲ့ရတာပါ။

ပထမအကြောင်းအရင်းကတော့ ဒုတိယကမ္ဘာစစ်ဘေးဒါဏ်ပါ။ စစ်အတွင်းမှာ အင်္ဂလိပ် မဟာမိတ်တပ်တွေ သာမက ဖက်ဆစ်ဂျပန်တွေကပါ လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် မန္တလေးရဲ့သစ်ပင် တော်တော်များများပျက်ဆီးဆုံးရှုံးခဲ့ရတယ်။

ဒုတိယအကြောင်းအရင်းကတော့ မီးဘေးသင့်မှုပါ။ မန္တလေးဟာ မြို့လယ်ခေါင်ဧရိယာ ပြောင်တလင်းခါအောင် အကြီးအကျယ် မီးဘေးနှစ်ကြိမ်သင့်ခဲ့ဘူးပါတယ်။ အဲ့ဒီတုံးကလည်း မန္တလေးရဲ့သစ်ပင်ကြီးများစွာ မီးလောင်ကျွမ်းခံရပြီး ဆုံးရှုံးခဲ့ရပြန်ပါတယ်။

တတိယအကြောင်းအရင်းကတော့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုဒါဏ်ခံခဲ့ရလို့ပါဘဲ။ စစ်အာဏာရှင်ခေတ် တလျှောက်လုံး လမ်းတိုးချဲ့မှု မြို့သစ်တိုးချဲ့မှုတွေဆောင်ရွက်တဲ့အခါတိုင်း စနစ်တကျ လေ့လာတွက်ချက် တိုင်းတာမှုတွေမလုပ်တာကြောင့်အပြင်၊ အာဏာပိုင်တွေ တွက်ခြေကိုက်စေမဲ့ ဗရမ်းပတာစီမံကိန်းတွေကြောင့် မခုတ်သင့်ဘဲခုတ်ရလို့ အဖိုးတန်သစ်ပင်ကြီးပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။

(၈၈) အာဏာသိမ်းစစ်အစိုးရလက်ထက်မှာ သစ်ပင်တွေမစိုက်ဘူးလို့မပြောပါဘူး။ ကြီးမြန်သစ်ပင်စိုက်ပျိုးလျှင်   စွမ်းအင်လည်းရ ပြည်လည်းလှဆိုတဲ့ဆောင်ပုဒ်နဲ့ မလေးရှားပိတောက် မယ်ဇလီစတဲ့ အပင်တွေစိုက်ပျိုးခဲ့တာ သတိပြုမိပါတယ်။ ဒါပေမဲ့ထုံးစံအတိုင်း ရှေ့ကစိုက်ပြီးနောက်ကလိုက် ထိထိရောက်ရောက် မပြုစုမစောင့်ရှောက် တော့ သစ်ပင်တွေရှင်သင့်သလောက်မရှင်ခဲ့ပါဘူး။

သစ်ပင်စိုက်ပျိုးမှုနဲ့ပတ်သက်လို့မန္တလေးရဲ့သမိုင်းမှာ တစ်ကိုယ်တော်ပရဟိတသမား အာဂဗမာကြီးတဦး ပေါ်ထွန်းခဲ့ဘူးပါတယ်။ ထိုသူကအခြားမဟုတ်အခြားမဟုတ်။ စစ်ပြီးခေတ်မန္တလေးမြို့မှာ သစ်ပင်တွေကို ဆိုက်ကားတစ်စီးနဲ့လှည့်လည် စိုက်ပျိုးခဲ့သူ ဆိုက်ကားသမားကြီးဦးငွေဘဲ ဖြစ်ပါတယ်။

အပင်နံပါတ်နဲ့စာတချို့ရေးထိုးပြီး သံပြားကပ်ကမ္ဗည်းထိုးနိုင်ခဲ့တဲ့ အပင် (၅၀၀) အပါအ၀င် ဦးငွေစိုက်ပျိုးခဲ့တဲ့ ကုက္ကို၊ တမာ၊ ထနောင်း၊ဗာဒံ၊ ခရေ၊ တည်ပင်၊ ညောင်ပင် ပန်းသပြေ၊ စိန်ပန်း၊ သရက်၊ မဲဇလီ၊ သစ်ဆိမ့် စတဲ့အပင်ပေါင်း ၁၀၀၀ ခန့်ရှိပြီး နှောင်းလူတွေကို အေးမြတဲ့ အရိပ်အာဝါသပေး အကျိုးပြုနေတာထင်ထင်ရှားရှားမြင်နိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ အယ်လ်နီညို(El Niño)လို့ခေါ်တဲ့ အပူလွန် ခြောက်သယောင်းတဲ့ ရာသီဥတုဖြစ်စဉ်ကြောင့်အပူလွန်ကဲခြင်း၊ မိုးသည်းထန်ခြင်းနဲ့ မိုးခေါင်ခြင်း စတဲ့ ဖောက်ပြန်တဲ့ရာသီဥတု ကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဆရာဦးထွန်းလွင်က ခန့်မှန်းပြောခဲ့သလို ၂၀၁၅ ခုနှစ် စက်တင်ဘာလလောက်ကစတင်ပြီး မြန်မာနိုင်ငံဟာ အယ်လ်နီညို ဖြစ်စဉ်ကိုအခုစတင်ခံစားနေရပါပြီ။ နှစ် ၅၀ အတွင်း အဆိုးရွားဆုံး အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ပျမ်းမျှအပူချိန်ထက်မြင့်မားမှုများဆက်လက် ဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားပါတယ်။ အီကွေတာရပ်ဝန်းက လေထုအပူချိန်ပြောင်းလဲမှုကြောင့် ပစ္စိဖိတ်သမုဒ္ဒရာရဲ့ ရေမျက်နှာပြင် ပူနွေးလာမှုကြောင့်ဖြစ်လာတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ဖြစ်ပေါ်တတ်ပြီး တစ်ခါ ဖြစ်ရင် ၉ လကနေ ၁၈ လ အထိကြာမြင့်တတ်ပါတယ်။

လူသားတွေရဲ့ ပရောဂနဲ့လူနေမှုဘ၀တွေကြောင့် ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်း (Global Warming) နဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု (Climate Change) တွေကြောင့် ရှေ့လာမဲ့နှစ်တွေမှာ ပိုမိုပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုတွေ ကြုံလာမှာအသေအခြာပါဘဲ။

ဒီအန္တရာယ်ကြီးကို ထိထိရောက်ရောက်ရင်ဆိုင်နိုင်ဖို့အတွက် ပြည်သူပူးပေါင်းပါဝင်တဲ့ ကြိုတင် ပြင်ဆင်မှုတွေ၊ တနိုင်ငံလုံးအတွက်စနစ်ကျတဲ့ နှစ်ရှည်စီမံကိန်းတွေ၊ မှန်ကန်ပြီးအမျှော်အမြင်ရှိတဲ့ အုပ်ချုပ်ပုံစနစ်တွေ၊ အရည်အချင်းရှိပြီး စေတနာမှန်တဲ့သူတွေ နေရာမှန်လူမှန်ရှိနေဖို့ အလွန် အရေးကြီးပါတယ်။

သစ်ပင်ပန်းမာန်မြက်ခင်းတွေအပါအ၀င် သစ်ပင်ကြီးတွေရှိနေခြင်းဟာ ၀န်းကျင်ကို စိမ်းလန်းစိုပြေ လှပစေယုံ တင်မကပါဘူး၊ မိုးရေ သဘာဝရေတွေကိုသန့်စင်ပေးတဲ့အလုပ် (filtration task) ကိုလည်း လုပ်ပေးပါတယ်။ အဲ့ဒါအပြင် အပေါ်ယံမြေဆီလွှာတွေတိုင် စားမသွားအောင် ကုပ်ထိန်းပေးထားတာပါ။

မန္တလေးမှာတင်မက မြန်မာတပြည်လုံးက မြို့တိုင်းမြို့တိုင်းမှာရှိတဲ့ မြောင်းတွေပိတ်ဆို့စေတဲ့ အကြောင်းအရင်း တွေထဲမှာ မြေကိုကုပ်ထားနိုင်တဲ့ သစ်ပင်မြက်ခင်းတွေမရှိခြင်း (သို့) နည်းပါးမှု တွေကြောင့် မိုးရွာတဲ့အခါ မြေတိုက်စားပို့ ချမှုတွေ (Erosion) ဖြစ်ပွားတာကြောင့်ဖြစ်ပါတယ်။

မန္တလေးနဲ့ မန္တလေးအနီးဝန်းကျင်က သစ်ပင်တွေရဲ့ ကျေးဇူးအကြောင်းထည့်ရေးချင်ပါတယ်။ စာရေးသူတို့ ငယ်စဉ်က ကျောင်းအားလပ်ရက်တွေဆိုရင် အဖေအမေတို့ဦးဆောင်ပြီး တအိမ်သား လုံး မနက်စောစောပိုင်း ဆွမ်းလောင်းပြီးတာနဲ့ အိုးခွက်ပလုံး ဖျာစတာတွေနဲ့ စားစရာသောက်စရာတွေထည့် မြင်းလှည်းတစီးစင်းလုံးငှားလို့ မန္တလေးတောင်ခြေကို ချီတက်ကြတာပါ။

မြင်းခွာသံတခွပ်ခွပ်အသံရယ်၊ မြင်းလှည်းမှာတတ်ထားတဲ့ခြူလေးတွေရဲ့စည်းချက်ညီသံနာခံရင်း မန္တလေးကျုံး ဘေးတလျှောက် ထနှောင်းပင်ဝါ၀ါတန်း၊ မြို့ရိုးနီကျင့်ကျင့်ကိုငေးမောရင်း မြင်းလှည်း စီးရတဲ့ အရသာကို ခုထက်ထိ မမေ့သေးပါဘူး။ တခါတလေ ကမ္ဘာ့အကြီးဆုံး စာအုပ်လို့ တင်စားခံရတဲ့ ပိဋကတ်ကျောက်စာချပ်ကြီး များတည်ရှိရာ ကုသိုလ်တော်ဘုရားမှာစတည်းချ၊ တခါတရံ ကျောက်တော်ကြီးဘုရား၊ ရံဖန်ရံခါ စန္ဒာမုနိဘုရားဝင်းထဲသွားပြီး တနေကုန်နားနားနေနေ အပမ်းဖြေခဲ့ကြတာ။

စာရေးသူအနှစ်သက်ဆုံးကတော့ ကုသိုလ်တော်ဘုရားကြီးပါ။ ဘုရားရိပ်တရားရိပ်က အေးမြယုံတင်မက ဘုရား ရင်ပြင်နဲ့ဝန်းကျင်မှာ သေနတ်ဗိုလ်မင်းကြီး မင်းလှမဟာမင်းခေါင် သီဟသူဘွဲ့ခံ မိုးဗြဲစစ်ကဲတော်ကြီး စိုက်ပျိုးခဲ့တယ်ဆိုတဲ့ ခရေပင်ကြီးတွေရဲ့ အရိပ်အာဝါသဟာ ပူပြင်းတဲ့နေရောင်ဒါဏ်ကို ကောင်းကောင်းကာကွယ်ပေးနိုင် ပါတယ်။ အရွက်တွေကစိတ်နေပြီး နေပြောက်တောင်မထိုးတော့ အနားယူချွေးသိပ်ဖို့အလွန်ကောင်းတာပေါ့။ ပါလာတဲ့ပစ္စည်းတွေချ ဘုရားရှစ်ခိုးပြီးတာနဲ့အဖေနဲ အမေပုတီးစိတ်တာနဲ့ကလေးတွေက ကျောက်စာချပ်တွေ အကြား ပြေးလွှား၊ ခရေပင်တွေအောက်မှာကစားရတာမမောနိုင်ပါဘူး။

နေ့လယ်စာ ၀ိုင်းဖွဲ့စားသောက်ပြီးတာနဲ့ ခရေပင်အောက်က ဇရပ်တွေထဲမှာ လေတဖြူးဖြူးနဲ့ တရေးတမောအိပ် ရတာကလည်း အလွန်ဇိမ်ကျလှတယ်။ ညနေစောင်းလို့ အိမ်မပြန်ခင် အမေ အဖေခိုင်းတဲ့အတိုင်း ဘုရားရင်ပြင် ခရေပင်အောက်တွေအောက် တံပျက်စည်းလှဲ အမှိုက် ကောက်ပြီးမှ ပြန်ကြတာ။

နောက်ထပ်ပြောခြင်တာက မန္တလေးအနီး အမရပူရမြို့နယ်မှာတည်ရှိတဲ့ တောင်သမန်အင်းစောင်း က မယ်ဇယ်ပင်တန်းတွေအကြောင်းပါ။ ဦးပိန်တံတားရဲ့ အနောက်ဖက်ခြမ်းက အင်းစပ် ကမ်းခြေ တလျှောက် သက်တော်ရှည်မယ်ဇယ်ပင်ကြီးတွေဟာ အကိုင်းချင်းယှက် အရိပ်ချင်းဆက်လို့ အလွန်လှပစွာပေါက်ရောက် နေကြတာပါ။ အဲဒီမယ်ဇယ်ပင်ကြီးတွေကို ၁၈၇၅ ခုနှစ်မှာ ရေချမ်းဒကာကြီး ဦးကြီး+ဒေါ်အို၊ သားဖြစ်သူ ဦးပိုင်+ဒေါ်ညွန့်၊ တူ ဦးရှင်၊ သား ဦးထွန်းတင် တို့မှ ၁၀၃ ပင်တိတိစိုက်ပျိုးခဲ့တယ်လို့ အင်တာနက်စာမျက်နှာ တခုမှာဖတ်လိုက်ရပါတယ်။ စိုက်ထားပုံကို ကြည့်ရတာ မိုးတွင်းရေကြီးလာရင် ရေလွှမ်းခံရမှုသက်သာအောင် ရည်ရွယ်စိုက်ပျိုးခဲ့ပုံရပါတယ်။

အခုတော့ အဲ့ဒီမယ်ဇယ်ပင်တန်းမှာ ဦးပိန်တံတားထိပ်ကစပြီး တောင်လေးလုံးကျောင်းတိုက်အထိ နံရံကပ် ဆိုင်ခန်းတွေဖြစ်ကုန်ပါပြီ။ အသက်ရာကျော်မယ်ဇယ်ပင်ကြီးတွေရဲ့ အလှကျက်သရေဟာ ဈေးဆိုင်ခန်းများ နောက်၊ အမှိုက်ပုံတွေအောက်မှာ ကွယ်ပျောက်အလှပျက်နေတာကြာပါပြီ။ ဆိုင်ခန်းတွေအရောင်းအ၀ယ် ကောင်းဖို့နေရာကျယ်အောင် တန်ဘိုးမဖြတ်နိုင်တဲ့အပင်ကြီးတွေကို တန်ဘိုးမသိဘဲ မိုက်မဲစွာအကိုင်းတွေဖြတ်၊ အမြစ်တွေတူးထုတ်လုပ်ခြင်သလိုလုပ်နေတာကို အုပ်ချုပ်သူအစိုးရမင်းများကလည်း မျက်နှာလွှဲခဲပစ်လုပ်ခဲ့ ကြတာမဟုတ်လား။

အဲ့ဒီဆိုင်ခန်းတွေကို သင့်တော်တဲ့နေရာပြောင်းပြီး အဖျက်အဆီးခံခဲ့ရတဲ့ မယ်ဇယ်ပင်ကြီးတွေကို ပြန်လည် ကယ်တင်ဖို့အရေးတကြီးလိုအပ်နေပါတယ်။ ပြည်တွင်းပြည်ပခရီးသည်များကို ဆွဲဆောင် နိုင်တဲ့ တောင်သမန်ရဲ့ ဒဏ္ဍာရီဆန်ဆန်အလှနဲ့ အနီးဝန်းကျင်က ရှေးဟောင်း အမွေအနှစ်တွေ၊ အဖိုးတန်သက်တော်ရှည် မယ်ဇယ်ပင်ကြီးတွေကို အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက်ဖို့ အချိန်တန်ပါပြီ။

ရှေးလူကြီးသူမတွေက အမျှော်အမြင်ရှိရှိနဲ့ သစ်ပင်တွေ စိုက်ပျိုးထိန်းသိမ်းလို့ နှောင်းလူတွေ အကျိုးခံစားရစေတဲ့ အစဉ်လာကောင်းကို ဆက်လက်ထိမ်းသိမ်းသယ်ဆောင်ဖို့ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်နဲ့ လက်တွဲပြီး မြန်မာ တပြည်လုံးကို ပူလောင်ခြောက်သွေ့မှုဘေးဆိုး ကြီးကလွတ်မြောက်စေဖို့ သစ်ပင်တွေ အမြောက်အများစိုက်ဖို့လိုပါတယ်။ ဆိုက်ကားသမားကြီးဦးငွေ တဦးထဲတောင် သစ်ပင်တစ်ထောင် စိုက်နိုင်ရင် ပြည်သူတရပ်လုံးနဲ့အစိုးရပေါင်းပြီး နိုင်ငံတော်တ၀ှမ်းလုံးမှာ သစ်ပင် စိုက်ပျိုးရေးနဲ့ စောင့်ရှောက်ထိမ်းသိမ်းရေးစီမံကိန်း (Campaign) တွေချမှတ် စိုကိပျိုးနိုင်ရင် သစ်ပင် ၁၀ သန်း ဆိုတာ အသာလေးစိုက်လို့ရပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013