
ဒီကနေ့ မတ်လ ၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ရုတ်တရက် ရွှေ့ဆိုင်းလိုက်ပါတယ်။
မနေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ၉ ရက်နေ့အတွက် အစီအစဉ်တွေ ဖတ်ကြားခဲ့ပေမယ့် ညနေ ၃ နာရီမှာ အစီအစဉ်ပြောင်းကြောင်း စာရွက်တွေ လိုက်ဝေတာဖြစ်တယ်လို့ မြစ်ကြီနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်က ပြောပါတယ်။
“ဒီနေ့လုပ်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်ဆိုတာပဲ သိတယ်။ သူတို့ ရွှေ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကတော့ ကျနော်တို့ ဘာမှ မသိရဘူး။ မနေ့ညနေ ၃ နာရီနောက်ပိုင်း အစီအစဉ် ပြောင်းလိုက်တယ် ဆိုတဲ့ဟာ စာရွက်တွေ ပေးသွားတယ်။ စာရွက်မှာ အစီအစဉ်ပြောင်းတဲ့အကြောင်းပဲ ရေးထားတယ်။ ကျန်တာ ဘာတခုမှ မပါဘူး။”
ဘာကြောင့် ဒီလိုရွှေ့ဆိုင်းလိုက်တယ် ဆိုတာကိုတော့ ထည့်သွင်းဖော်ပြခြင်း မရှိပေမယ့် ဒီကနေ့ နေ့လယ် ၁ နာရီကနေ ၅ နာရီအထိ လွှတ်တော်ကိုယ်စားလှယ်တွေကို အင်္ဂလိပ်စာ စစ်ဆေးတဲ့ အစီအစဉ် ရှိတယ်လို့ ပြောပါတယ်။
ဒီကနေ့ မတ်လ ၉ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော် အစည်းအဝေးပါ မရှိဘူးလို့ သိရပါတယ်။
မနက်ဖြန် မတ်လ ၁၀ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ ၃ ခုက ဒု-သမ္မတလောင်းတဦးစီ ရွေးချယ် အမည်စာရင်း တင်သွင်းရမယ့် အစည်းအဝေး ရှိနေပါတယ်။











