DVB Logo
Home
Lead Story
ရတနာပုံမန္တလေးကို… အသက်ကလေးရယ်တဲ့ ရှည်စေလိုရင်ဖြင့် (၁)
DVB
·
March 8, 2016
ရတနာပုံမန္တလေးကို… အသက်ကလေးရယ်တဲ့ ရှည်စေလိုရင်ဖြင့် (၁)
Donate to DVB

မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်နန်းစိုက်ရာ ယဉ်ကျေးမှုမြို့တော် ရတနာပုံ မန္တလေးအကြောင်း ပြောကြပြီဆိုရင် လူတိုင်းလိုလို သိကြတာက “အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို” အဲ့သလိုမဟုတ်လား။ စစ်အစိုးရခေတ် အဆက်ဆက်တုန်းကတော့ လူသူအများဟာ ကိုယ့်အသက်ရှည်ရေး၊ ကိုယ်ကောင်းစားရေး၊ ကိုယ်အနေချောင်ရေးအတွက်သာ တွေးတောကြံစည် လုပ်ကိုင်ရင်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ အထင်အရှားဆုံး စုပုံကျန်ရစ်ရာ နေရာတနေရာဖြစ်တဲ့ ရတနာပုံ မန္တလေးရဲ့ အသက်ရှည်ရာ ရှည်ကြောင်းလေးကို မေ့လျော့သူကမေ့လျော့၊ မတတ်သာတော့ ခပ်ခွာခွာနေခဲ့သူကနေလို့၊ တနိုင်တပိုင် လုပ်ကိုင်သူတွေက အနည်းအကျဉ်းသာ ရှိခဲ့တာမဟုတ်လား။

အခုချိန်မှာတော့ ပြည်သူအများစုက တရားဝင်ပေးအပ်လိုက်တဲ့ အုပ်ချုပ်ခွင့်၊ လုပ်ပိုင်ခွင့် အာဏာတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းပြည်ကို မကြာခင်မှာ စီမံအုပ်ချုပ်ခွင့် ရတော့မှာပါ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရဲ့ ပုံမှန်အစည်းအဝေးတွေ ကိုလည်း နိုင်ငံနဲ့လူမျိုး အကျိုးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် အများစုနဲ့ ခေါ်ယူကျင်းပနေခဲ့ပါပြီ။

ဦးသိန်းစိန်တို့ရဲ့ အရင် စစ်တပိုင်းအစိုးရ လက်ထက်ကလို အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် မတိုက်ဖျက်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ထက်တော့ အများကြီးသာအောင် လုပ်နိုင်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲလောက်ပါဘူး။

ဒါပေမယ့် မျိုးဆက်နဲ့ချီပြီး နစ်နာဆုံးရှုံးခဲ့ရသူတွေ မျှော်လင့်သလောက်တော့ မြန်မြန်ဆန်ဆန် ပြောင်းလဲတိုးတက်နိုင်ဖို့ကတော့ အခက်အခဲ ကန့်သတ်မှုများစွာ ရှိနေပါသေးတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့ အပြောင်းအလဲကို ဖော်ဆောင်ရမယ့် အန်အယ်လ်ဒီအစိုးရဟာ သံခြေကျင်းတတ်ခံရတဲ့ လူတယောက်လို အပြောင်းအလဲကို မလိုက်ပါလိုတဲ့ စစ်အာဏာရှင် လက်ကျန်အသိုင်းအ၀ိုင်း တန်းလန်းနဲ့ မလွတ်မလပ် လုပ်ကိုင်ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်ပြောင်းလဲနေတဲ့ သမိုင်းရေစီးကြောင်းကြီးကတော့ အရှိန်အဟုန်နဲ့ ဆက်လက်စီးဆင်းနေမှာပါ။ မလိုက်ပါလိုသူတွေဟာ တနေရာရာ တချိန်ချိန် ရောက်တဲ့အခါ ကမ်းပေါ်မှာအမှိုက်တွေ၊ ဒိုက်တွေလို တင်ကျန်ရစ်ခဲ့မှာပါပဲ။

ရတနာပုံမန္တလေးရဲ့ အသက်ရှည်ရေးအကြောင်း ပြန်ကောက်ရရင် မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်တည်ရာ မင်းနေပြည်တော်ဟောင်း မန္တလေးမြို့ဟာ အောက်ပါဘေးကြီး (၇) မျိုးရဲ့ ခြိမ်းခြောက် အန္တရာယ်ပြုမှုကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးမျိုးလုံးမှာ ခံခဲ့ရ၊ ခံနေရ၊ ခံရဦးမှာ ဖြစ်ပါတယ်။

(၁) ရေဘေး

(၂) မီးဘေး

(၃) ခြင်ဘေး

(၄) ပူလောင်ခြောက်သွေ့မှုဘေး

(၅) ရှေးဟောင်းအမွေအနှစ်ပျက်စီးမှုဘေး

(၆) ယဉ်ကျေးမှုကွယ်ပတိမ်ကောခြင်းဘေး

(၇) အမျိုးသားရေးလက္ခဏာပျက်သုဉ်းခြင်းဘေး … စတာတွေပါပဲ။

အထက်ပါဘေးဆိုးကြီးတွေဟာ ပြန်အစားထိုးမရနိုင်တော့တဲ့ မန္တလေးရဲ့ အသွေးအသားတွေကို အရည်အသွေး ညံ့ဖျင်းရုံမက စေတနာချို့တဲ့ပြီး အမြော်အမြင်နည်းပါးတဲ့ အုပ်စိုးသူတွေ လက်အောက်မှာ တတိတိတအိအိ ဖျက်ဆီးဝါးမျိုပစ်နေတာပါ။

(၁) ရေဘေး

မန္တလေးမှာ မိုးတွင်းရောက်ရင် မိုးသည်းသည်းရွာလိုက်တာနဲ့ တချို့နေရာတွေမှာ လမ်းမတွေပေါ် ရေတွေ ဒူးဆစ်လောက်ထိ တက်လာပြီး ရေလွှမ်းတာ နှစ်စဉ်လိုလို ဖြစ်လာပြီ။ ဧရာဝတီမြစ်ရေကြီးလို့ ရေလွှမ်းခံရတယ်ဆိုတာ မြန်မာဘုရင်တွေ လက်ထက်ကတည်းက ဖြစ်ခဲ့တာ ဆိုပေမယ့် အခုခေတ် ကြုံနေရတဲ့ ရေကြီးမှုကတော့ မြစ်ရေမကြီးပေမယ့် မြောင်းတွေ ရေမစီးလို့ မလွှမ်းသင့်ဘဲ လွှမ်းရတဲ့ ရေကြီးမှုပါ။ တနည်းအားဖြင့်ပြောရရင် သဘာဝရေဘေးဆိုတာထက် အုပ်ချုပ်သူတွေ စီမံပုံညံ့ဖျင်းလို့ ဖြစ်ရလာတဲ့ လူ့ပရောဂရေဘေးကို ပြောနေတာပါ။

မလွှမ်းခံနိုင်ရိုးလား၊ မန္တလေးမြို့တွင်းမှာ ရှိရှိသမျှမြောင်းကြီး၊ မြောင်းလတ်၊ မြောင်းငယ် အသွယ်ကို ကြည့်လိုက်ပါ။ မပိတ်မဆို့ဘဲ ကြည်ကြည်လင်လင်နဲ့ စီးဆင်းနေတဲ့မြောင်းဆိုတာ မရှိသလောက်ပါပဲ။ မြောင်းတိုင်းလိုလို ပိတ်ဆို့နေတာကိုး။ မပိတ်ခံနိုင်ရိုးလား၊ မြို့တော်တခုရဲ့ အရေးကြီးဆုံး အင်္ဂါရပ်တွေထဲမှာပါတဲ့ ရေဆိုးစွန့်ပစ်တဲ့စနစ်နဲ့ မညီညွတ်ဘဲ ဖောက်ချင်သလို ဖောက်ထားတာလေ။ ပြီးတော့ လုံလောက်တဲ့ အမှိုက်သိမ်းတဲ့ စနစ်ကလည်း မရှိတော့ မြို့သူမြို့သားတွေက ရေမြောင်းဆိုတာ အမှိုက်ပစ်တဲ့နေရာ၊ မစင်စွန့်တဲ့အရပ်လို့ သတ်မှတ်ကြတာ ဆန်းသလား။

မြန်မာဘုရင်တွေလက်ထက်က လှေတွေအသုံးပြုပြီး မတ္တရာနယ်နဲ့ ကုန်စည်တွေ သယ်ယူပို့ဆောင်နိုင်အောင် ရေစီးကောင်းပြီး သန့်ရှင်းခဲ့ဖူးတဲ့ ရွှေတချောင်းမြောင်းဆိုတာ ခုသွားကြည့်လိုက်ပါ။ ရေအရောင်ကိုက မည်းနက် အမြင်ကမကောင်း၊ ယင်နဲ့ခြင်တွေ တလောင်းလောင်း၊ အပုပ်နံ့ တထောင်းထောင်း ဖြစ်သွားတာ ဘယ်လောက် ရှက်စရာကောင်းသလဲ။

လှပသန့်ရှင်း အနံ့အသက်ကင်းပြီး ခေတ်မီတင့်တယ် နေချင်စဖွယ်မြို့တော် ဖြစ်ဖို့ဆိုတာ စနစ်ကျတဲ့ ရေဆိုးစွန့်ထုတ်မှု၊ ကောင်းမွန်ထိရောက်တဲ့ အမှိုက်သိမ်းစနစ်တွေ မဖြစ်မနေ ရှိဖို့လိုပါတယ်။ မြောင်းဆိုတာ ရေမစီးနိုင်ရင် မိုးရွာတာနဲ့ ချက်ချင်း ပြည့်လျှံပြီး ရေကြီးစေတော့တာ မဟုတ်လား။

နောက်ထပ်ပြောချင်တဲ့အချက်က မိုးရာသီမှာ မန္တလေးမြို့ကို မြစ်မင်းဧရာဝတီ ဒေါသူပုန်ထလာခဲ့ရင် ကာကွယ်ပေးနိုင်အောင် မြစ်ကမ်းပါးတလျှောက် ဖို့တည်ထားတဲ့ တာရိုးကြီးရဲ့ ကြံ့ခိုင်မှုပါပဲ။ မင်းတုန်းမင်းတရားကြီးဟာ အမရပူရ ရွှေနန်းကနေ ပြောင်းရွှေ့ဖို့ မန္တလေး ရတနာပုံမြို့သစ် တည်စတုန်းက ဧရာဝတီမြစ်ကမ်းဘေးက တာရိုးကြီးရဲ့ ထိပ်အကျယ်ကိုလည်း ချဲ့ခဲ့သလို တာရိုးအမြင့်ကိုလည်း မြှင့်တင်ခဲ့ပါတယ်။ မပြောကောင်း မဆိုကောင်း အဲ့ဒီတာရိုးကြီး ကျိုးခဲ့ရင် မန္တလေးတမြို့လုံးနဲ့ အနီးနားဒေသတွေ ရေအောက်ရောက်ရုံတင်မက ဧရာဝတီမြစ်လမ်းကြောင်း ပြောင်းသွားလောက်အောင် အန္တရာယ်ရှိပါတယ်။

လူလုပ်ကပ်ဘေးတွေကြောင့် လက်ရှိကမ္ဘာကြီးရဲ့ ရာသီဥတု အပြောင်းအလဲနဲ့ နောင်မှာ ပိုများလာမယ့် ရွာသွန်းမိုးရေချိန်လက်မ မြင့်တက်လာမှုတွေကို ကြိုတင်ထည့်သွင်း တွက်ချက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တာရိုးကြီးရဲ့ ဒဏ်ခံနိုင်မှု၊ သင့်တော်မှုရှိမရှိ ဆိုတာကို လေ့လာ ဆန်းစစ်သင့်ပါတယ်။ လိုအပ်လာရင် သံကူကွန်ကရစ်တွေနဲ့ တာရိုးအသစ် ဆောက်သင့်ရင်လည်း ဆောက်ရမှာပါ။

(၂) မီးဘေး

နွေရာသီရောက်ပြီဆိုရင် မြို့သူမြို့သားတွေ ပူပင်သောက အရောက်ရဆုံး ကိစ္စကတော့ မီးဘေးအန္တရာယ်ပါပဲ။ မန္တလေးဟာ နှစ်ကြိမ်တိုင်တိုင် (၁၉၈၁ နဲ့ ၁၉၈၄ ခုနှစ်) မြို့လုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့ဖူးပါတယ်။ အနည်းနဲ့အများသာကွာမယ် မီးမလောင်တဲ့နှစ်ဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့် တချို့က မန္တလေးမီးကိန်းသင့်တယ်လို့ ပြောကြတယ်။ တကယ်တော့ အရပ်ဒေသတခုမှာ မီးလောင်မှု မကြာခဏဖြစ်တယ်၊ ဖြစ်တိုင်းလည်း ဆုံးရှုံးမှုကြီးမားတယ်ဆိုတာ ဘာကိုညွှန်ပြနေသလဲဆိုရင် အဲ့ဒီအရပ်ဒေသဟာ မီးဘေးအန္တရာယ်ကို ထိရောက်မှန်ကန်စွာ ကြိုတင်ကာကွယ်မှု ပြင်ဆင်မှုမရှိဘူး၊ မီးဘေးအန္တရာယ်ကို ကောင်းစွာ မသိသေးဘူးဆိုတာကို ညွှန်ပြနေတာပါပဲ။

မီးလောင်မှုဖြစ်ပွားတယ်ဆိုတာ အောက်ပါအခြေအနေ အကြောင်းသုံးပါးပြည့်စုံမှ ဖြစ်တာပါ။  မီးလောင်တတ်တဲ့ပစ္စည်း လောင်စာ (Fuel)၊ အောက်ဆီဂျင် (Oxygen) နဲ့ အပူ (Heat) စတဲ့ အခြေအနေထဲက တခုခုမရှိရင် မီးမလောင်ပါဘူး။ အဲ့ဒီအထဲမှာ အောက်ဆီဂျင်ကို ဖယ်ရှား ထိန်းချုပ်ဖို့ဆိုတာ ခဲယဉ်းတာမို့ လောင်စာတွေဖြစ်တဲ့ ဓာတ်ဆီ၊ ဓာတ်ငွေ့၊ သစ်သား၊ စက္ကူ၊ ပလတ်စတစ် စတာတွေကို စနစ်တကျ သိုလှောင်ထားမယ်၊ အပူဖြစ်ပေါ်စေမယ့် ကိစ္စရပ်တွေ ဥပမာ- လျှပ်စစ်ကြိုးတွေ မနိုင်ဝန်သုံးလို့ အပူလွန်လျှော့ဖြစ်စေမှု မဖြစ်အောင် ပညာပေး အရေးယူ တားဆီးလို့ ရပါတယ်။

မြန်မာနိုင်ငံမှာက တရားဥပဒေ မစိုးမိုးတော့ ဟိုးအရင်တုန်းကလည်း ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းချမှုတွေကို ကောင်းကောင်းမထိန်းချုပ်ဘူး၊ အခုခေတ် ပိုဆိုးလာတယ်။ မန္တလေးမှာဆိုရင် လမ်းဘေးတွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းတဲ့ဆိုင်တွေ မှိုလိုပေါက်နေတာ မဟုတ်လား။ ဘာလိုင်စင်မှမလိုဘူး၊ ရောင်းချင်တဲ့သူက ကိုယ့်အိမ်ရှေ့မှာတင် စင်ကလေးထိုး၊ နေ့ခင်းဆို ဓာတ်ဆီပုလင်းတွေ ထုတ်ရောင်း၊ ညဆို အိမ်ထဲ ဖြစ်သလို သိမ်းထားကြတာပဲလေ။

ဒီတော့ မီးလောင်ပြီဆိုတာနဲ့ မီးက ချက်ချင်းကြီးမယ်၊ ကူးစက်တာ မြန်တော့တာပေါ့။ ဦးကျားကြီးဝင်းမီးကြောင့် မန္တလေးမြို့ ပြောင်သလင်းခါအောင် မီးလောင်ခံခဲ့ရတာ သိုလှောင်ထားတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကြောင့်လည်း ပါတယ်။

(၃) ခြင်ဘေး

ဒီနေ့ ကမ္ဘာကြီးမှာ လူသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ ကြောက်စရာ ကောင်းတဲ့ ဗိုင်းရပ်စ်ပိုး (၅) မျိုးထက်မနည်းကို သယ်ဆောင် ကူးစက်ပေးနေတာ ခြင်ကောင်တွေပါ။ ဇီကာ (Zika)၊ သွေးလွန်တုပ်ကွေး (Dengue)၊ ငှက်ဖျား (Malaria)၊ အာဖရိက အ၀ါရောင်အဖျား (Yellow fever)၊ နိုင်းအနောက်ပိုင်းအဖျား (West Nile) နဲ့ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်အမှေးရောင်အဖျား (Japanese encephalitis, chikungunya) တွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို လူ၊ တိရစ္ဆာန်တွေဆီ ကူးစက်စေနိုင်ပါတယ်။

မန္တလေးမှာရှိတဲ့ မြောင်းတိုင်းလိုလိုဟာ ခြင်တွေအတွက် ပေါက်ပွားမွေ့လျော်စရာ ဘုံဗိမာန်ကြီးတွေဖြစ်နေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီတော့ မန္တလေးကို အလည်ရောက်လာသူတိုင်း ကြုံတွေ့ညည်းညူ  မှတ်ချက်ပြုကြတာက ခြင်တွေပေါလိုက်တာ ဆိုတာပဲ မဟုတ်လား။ နှစ်စဉ်နှစ်တိုင်း ဒီခြင်တွေကြောင့် တုပ်ကွေးအဖျားတွေ ဖြစ်ပွားပြီး မလိုအပ်ဘဲ ငွေကြေးတွေ ကုန်ကျခံကုသရ၊ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးနေရတာ မဟုတ်လား။

ခြင်ဘေးကို ကာကွယ်တားဆီးလိုရင်တော့ အစိုးရနဲ့ပြည်သူ လက်တွဲကူမှ ဖြစ်နိုင်တာပါ။ ထိရောက်မှန်ကန်တဲ့ အမှိုက်သိမ်းစနစ် ရှိဖို့လိုတယ်။ ပြည်သူတွေကလည်း အမှိုက်သိမ်းတာ အစိုးရအလုပ်လို့ သဘောထားပြီး အမှိုက်ပစ်ချင်ရာပစ်တဲ့ စိတ်ဓာတ်တွေ ဖျောက်ဖို့လိုတယ်။ လူတဦးချင်းဆီက သန့်ရှင်းမှုကို အလေးထားပြီး စည်းကမ်းကောင်းမှ မြို့ရွာနိုင်ငံတွေဆိုတာ ထာဝစဉ် သန့်ရှင်းလှပနိုင်တာ ဖြစ်တယ်။

ခြင်တွေပေါက်ပွားစေနိုင်တဲ့ မစီးဆင်းတဲ့ရေတွင်း၊ ရေကန်တွေ၊ စီးဆင်းနေတဲ့ ရေမြောင်းတွေကို သန့်ရှင်းပြီး ခြင်မနေနိုင်အောင် အမြဲတမ်း လုပ်ကိုင်စစ်ဆေး ဆောင်ရွက်နေဖို့ လိုပါတယ်။ ဥပမာ ပိတ်ဆို့နေတဲ့ အမှိုက်တွေ ပုံမှန်ဆယ်ဖို့လိုသလို ခြင်သတ်ဆေးရေ၊ ဆေးပြားထည့်တာတို့ ခြင်ဆေးဖြန်း (Thermal Fogging) တာတွေ စနစ်တကျ လုပ်ဖို့လိုတယ်။

ဇီကာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ဘရာဇီးနိုင်ငံဟာ သူတို့ရဲ့ နိုင်ငံအဆင့် အရေးပေါ် ဇီကာဗိုင်းရပ်စ် အန္တရာယ်ကို တိုက်ဖျက်ဖို့ စစ်သည်အင်အား ၂ သိန်းကျော် အသုံးချပြီး သူ့လူထုကို ကျန်းမာရေးအသိ ဖြန့်ဖြူးရေး၊ ဇီကာဗိုင်းရပ်စ်အန္တရာယ် ကာကွယ်တားဆီးရေးအတွက် သတိပေး လုပ်ဆောင်နေရပြီ။

တို့နိုင်ငံလည်း ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ မကြာခင် ပေါ်ထွန်းလာတော့မယ်။ ပြုပြင်စရာ၊ ပြောင်းလဲစရာ ယိုယွင်းနေတဲ့ ကဏ္ဍပေါင်း သောင်းခြောက်ထောင်ထဲက ဘယ်ဟာတွေဟာ ဦးစားပေး ကိုင်တွယ်ရမယ်၊ ဘယ်လိုဆောင်ရွက်အပ်တယ် ဆိုတာ ဆုံးဖြတ်လုပ်ကိုင်ကြတဲ့အခါ လွှတ်တော်၊ အစိုးရအဖွဲ့တင်သာမက ပြည်သူတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြဖို့ လိုတယ်။ ပြည်သူမပါတဲ့ အပြောင်းအလဲမှန်သမျှ ဘယ်တော့မှ ရေရှည်မအောင်မြင်နိုင်ပါဘူး။

ကဲ အခုတော့ စာရှည်သွားပြီမို့ နောက်ဆောင်းပါးကျမှ ကျန်တဲ့ ဘေးလေးမျိုးအကြောင်း ရေးပါဦးမယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013