DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီ၏ ရပ်တည်ချက်ကို လက်မခံကြောင်းရှင်းလင်း
DVB
·
March 6, 2016
ရခိုင်အမျိုးသားပါတီ၏ ရပ်တည်ချက်ကို လက်မခံကြောင်းရှင်းလင်း
1 / 4
Donate to DVB

ရခိုင်အမျိုးသားပါတီအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သစ်နဲ့ မပူးပေါင်းဘဲ အတိုက်အခံလုပ်မယ်ဆိုတဲ့ ရပ်တည်ချက်ကို လက်မခံတဲ့အကြောင်း ပါတီဗဟိုကော်မတီဝင် တချို့က ဒီကနေ့ ရန်ကုန်မှာ ရှင်းလင်းပြောပါတယ်။

ပါတီက ထုတ်ပြန်ထားတဲ့ သဘောထားကြေညာချက်တွေနဲ့ ပတ်သက်ပြီး လက်မခံနိုင်တဲ့ အကြောင်း  ဦးကျော်မြင့် ခေါင်းဆောင်တဲ့ ပါတီ စီအီးစီ  ၆ ဦးက  ဒီကနေ့  မတ်လ ၆ ရက်က  ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့တာပါ။

ရှင်းလင်းရာမှာပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ စီအီးစီ ဦးမျိုးကျော်တော့ ဒီသဘောထား ရပ်တည်ချက်တွေဟာ တရားမ၀င်တဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့အကျိုးကို ဆန့်ကျင်တဲ့အတွက် ကန့်ကွက်ရတာလို့ ပြောပါတယ်။

“‘လူ ၇ ဦးနဲ့သာနေပြီးတော့ စပြီးတော့ ဆုံးဖြတ်ပြီးတော့ ထုတ်ထားတဲ့ ကြေညာချက်ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ဒီဟာကို တရားမ၀င်ဘူးလို့ ပြောခြင်းဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူလူထုက ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်တွေကို သူတို့ရဲ့ ကိုယ်စားနေပြီးတော့ အုပ်ချုပ်ဖို့ အာဏာတွေ ကို ပေးလိုက်တယ်။ မဲပေးလိုက်တယ်။ အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ဆိုတဲ့အခါမှာ ပါတီအနေနဲ့ အတိုက်အခံနဲ့ပဲနေမယ်၊ ၀န်ကြီးချုပ်မှ မရရင်  ဘယ်နေရာမှာမှ မပါဘူးဆိုပြီးတော့ အခါကျတော့၊  ကျနော်တို့ ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ရပိုင်ခွင့်ကို သုံးလို့မရတော့ဘူးပေါ့” လို့ပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းခဲ့တဲ့ ရခိုင်အမျိုးသားပါတီ စီအီးစီ ၆ ဦးဟာ ရခိုင်ပါတီ ၂ ပါတီ မပေါင်းစည်းခင်အချိန်က ရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)ပါတီဝင်တွေ လည်းဖြစ်ကြပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေကတော့ ပါတီတွင်းမှာ သဘောထားကွဲလွဲခွင့်ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“နိုင်ငံရေးဆိုတာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။ ဒီတခါ အန်တီတို့ ရခိုင်အမျိုးသားပါတီနဲ့ အေအယ်လ်ဒီ အုပ်စုတွေ နည်းနည်းစိတ်သဘောထားချင်းတွေ ကွဲလွဲနေတာတွေရှိပါတယ်။ ဒါပေမယ့် ကွဲလွဲပိုင်ခွင့်လည်းရှိပါတယ်။ အဲဒီအတွက် ဒီနေ့ သူတို့လုပ်သွားတဲ့အပေါ်ကို ထောက်ထားပြီးတော့ ရခိုင်အမျိုးသားပါတီကလည်း  ဒီနေ့ သတင်း စာရှင်းလင်းပွဲကို ကြည့်ပြီး အန်တီတို့ဘက်ကလည်း လုပ်သင့် ရင်လုပ်ပေး ရမှာပေါ့၊ ဒါမှ ပြည်သူတွေက တဖက်သတ်မမြင်အောင် အန်တီတို့ကတော့ ရခိုင်အမျိုးသားပါတီ တခုတည်းနဲ့ စုစုစည်းစည်းနဲ့ သွားချင်ပါတယ်။”

ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာအများစု အနိုင်ရထားတဲ့အတွက် အစိုးရအဖွဲ့ကို ဦး ဆောင်ဖွဲ့ခွင့်မရရင်  အတိုက်အခံအဖြစ်ရပ်တည်မယ်လို့ ရခိုင်အမျိုးသားပါတီက ဇန်န၀ါရီ ၁၉ ရက်မှာ ကြေညာချက် အမှတ် ၁/၂၀၁၆ ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာတော့  ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့  မဟာမိတ်အဖြစ်က ရပ်စဲပြီး ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)နဲ့ လက်တွဲမယ်လို့ ကြေညာချက် အမှတ် ၂/၂၀၁၆ကို ထုတ်ပြန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ်  ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ဦးညီပုကို ခန့်အပ်ဖို့ လျာထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားထားပါတယ်။

ဒီအခြေအနေအတိုင်းဖြစ်လာရင် ပြည်နယ်အစိုးရအဖွဲ့မှာ အေအန်ပီပါတီက ပါဝင်ဖို့မရှိဘူးလို့ လည်း ဒေါ်ခင်စောဝေကပြောပါတယ်။

“အန်တီတို့က မယူဘူးဆိုတာ၊  သူတို့ကို ရန်သူသဖွယ်လုပ်သွားမှာမဟုတ်ပါဘူး။ အစိုးရအဖွဲ့မှာမယူပဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီအစိုးရလုပ်တဲ့ဟာတွေကို ထိန်းကြောင်းသွားမှာပါ။ တူတာတွေကိုတော့ အန်တီတို့ ပူးပေါင်းလုပ်သွားပြီးတော့ မတူတာတွေ အန်တီတို့အတွက် သဟဇာတ မဖြစ်မယ့်ဟာတွေ ကိုထောက်ပြဆွေးနွေး ဆန့်ကျင်သွားမှာပါ”

ရခိုင်အမျိုးသားပါတီဟာ ၁၉၉၀ အနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ) တို့ ပူးပေါင်းထားတဲ့ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅  ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၃ နေရာ အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။

လက်ရှိ ရခိုင်အမျိုးသားပါတီမှာ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအ၀င် ပါတီထိပ်ပိုင်းခေါင်းဆောင် စီးအီးစီ ၃၂ ဦးနဲ့ အများစုဟာ အာအန်ဒီပီပါတီဟောင်းက ဖြစ်ပြီး အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်အပါအ၀င် စီအီးစီ ၇ ဦးဟာ အေအယ်လ်ဒီ ပါတီဟောင်းက ဖြစ်ပါတယ်။
ဓာတ်ပုံ - လေးလေးမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013