
ဇန်နဝါရီလ ၃၁ ရက်နေ့သည် ပထမအကြိမ်လွှတ်တော်သက်တမ်းများ ကုန်ဆုံးပြီး၊ ဒုတိယ အကြိမ်လွတှ်တော်ကို အသစ်ရွေးချယ်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်း အဝေးများကျင်းပတော့မည်ဖြစ်ပါသည်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အစည်းအဝေး၌ လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ များရွေးချယ်ခြင်း၊ သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်ခြင်း၊ လွှတ်တော်ရေးရာကော်မတီ များဖွဲ့စည်းခြင်း၊ သမ္မတသစ်က အစိုးရသစ်ဖွဲ့စည်းခြင်း သမ္မတဟောင်းက သမ္မတ အသစ်ကို လုပ်ငန်း တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာများ လွှဲပြောင်းပေးခြင်း စသည်များ စဉ်ဆက်မပြတ် ပေါ်ပေါက် လာမည် ဖြစ်ပါသည်။
၂၀၁၆ ခုနှစ်သည် မြန်မာနိုင်ငံ၏ သမိုင်း၌ထူးခြားသောဖြစ်စဉ်အရ သမိုင်းမော်ကွန်းတင်ရမည့် နှစ်ဖြစ်ပါသည်။ တိုက်ဆိုင်မှုသည် အမေရိကန်နိုင်ငံ၌လည်း ၂၀၁၆ ခုနှစ်တွင် (၃၆) ဦးမြောက် သမ္မတ သစ်ကို ရွေးချယ်ပွဲကျင်းပမည်ဖြစ်ပါသည်။ တစ်ဆက်တည်းပင် သမ္မတလွှဲပြောင်းရေးဥပဒေအရ သမ္မတ သစ်နှင့် အစိုးရအဖွဲ့အား အာဏာလွှဲပြောင်းပေးအပ်ပွဲများ ပြုလုပ်မည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ၏ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်စလုံး၌ ၂၀၁၅ ဒီဇင်ဘာလ အတွင်းက ‘‘သမ္မတအာဏာလွှဲပြောင်းမှုလုပ်ငန်းပိုမိုအဆင်ပြေချောမွေ့စေရေး ဥပဒေ ၂၀၁၅’’ကို ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။ ယင်းဥပဒေအရ ၁၉၆၃ခုနှစ် သမ္မတလွှဲပြောင်းရေးဥပဒေပုဒ်မအချို့ကို အစားထိုး ပြင်ဆင်ခဲ့ပြီး ၂၀၁၆သမ္မတသစ်နှင့် အစိုးရသစ်အာဏာလွှဲပြောင်းရေး ရွေးကောက်ပွဲမတိုင်မီ လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။
သမ္မတလွှဲပြောင်းရေးလုပ်ငန်းအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်မည့် အထွေထွေအုပ်ချုပ်ရေးဌာန အကြီးအကဲကို အကြီးအကဲအဖြစ် တာဝန်ပေးခန့်အပ်ခြင်း၊ ရွေးချယ်ခံသမ္မတနှင့် ကိုယ်စားလှယ်များ၏ အရည်အချင်း၊ သမ္မတသစ်ရွေးကောက်ခြင်း၊ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်များကို လက်ရှိ သမ္မတက ရေးဆွဲခြင်း၊ ပိုမိုထိရောက်သောလွှဲပြောင်းမှုဖြစ်စေရန် ဗဟိုပြည်ထောင်စုဖက်ဒရယ်အစိုးရ၏ စီမံခန့်ခွဲမှုဌာန နှင့်ပူးပေါင်း၍ အစီအစဉ်များချမှတ်ခြင်း၊ သမ္မတအိမ်ဖြူတော်၏ လွှဲပြောင်းရေးပူးပေါင်းကော်မတီနှင့် သမ္မတ သစ်အား အာဏာလွှဲပြောင်းရေး အစီအစဉ်များရေးဆွဲခြင်း၊ အစိုးရ၏ဌာနကြီးများ၊ အစိုးရ၏လုပ်ငန်း အေဂျင်စီများ၏ အကြီးအကဲများနှင့် အစိုးရသစ်အားလွှဲ ပြောင်းရေးလုပ်ငန်းစဉ်များရေးဆွဲခြင်း၊ အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်လုပ်ကိုင်နိုင်ရေး၊ လုပ်ငန်းတာဝန်များ ဆက်လက်ဖော်ဆောင် နိုင်ရေးအတွက်၊ လွှဲပြောင်းရေးတာဝန်ခံ ကောင်စီဒါရိုက်တာများခန့်ထား၍ အစီအစဉ်များရေးဆွဲခြင်း၊ အဆင့်ဆင့်၌ လွှဲပြောင်းရေးပူးပေါင်းကော်မတီများကို (၆) လထက်မနည်းကြိုတင် ဖွဲ့စည်းခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်သမ္မတရုံး၊ အစိုးရဌာနကြီးများ၊ အစိုးရ၏ အေဂျင်စီများတွင် လွှဲပြောင်းရေး လုပ်ငန်းများကို ညှိနှိုင်းသတ်မှတ်ခြင်းများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ နိုင်ငံတော်သမ္မတရုံး၌ လုပ်ငန်းဌာနခွဲ(၆)ခုရှိပါသည်။ ပြည်ထောင်စု ဖယ်ဒရယ် အစိုးရ၌ ဌာနကြီး (၁၅) ခုရှိပါသည်။ အစိုးရ၏ လုပ်ငန်းအေဂျင်စီပေါင်း (၆၀) ရှိပါသည်။ ဤဌာနများဖြင့် အမေရိကန်နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိပါသည်။ ယခုအခါ အာဏာလွှဲပြောင်းရေး အတွက် လုပ်ငန်းအစီရင်ခံစာများ ပြင်ဆင်လျက်ရှိကြပါသည်။ သမ္မတသစ် ရွေးချယ် ပွဲမတိုင်မီ (၆)လနှင့် (၃) လကြိုတင်၍ အစီရင်ခံစာများ တင်သွင်းကြရမည်ဖြစ်ပါသည်။ အစီရင်ခံစာများ၌ နိုင်ငံရေးအရ ခန့်ထား သော ရာထူးနေရာများ၊ နိုင်ငံရေးတာဝန်မဟုတ်သော အမြဲတမ်းခန့်ထား သော ရာထူးနေရာများ ခွဲခြား ဖော်ပြပါသည်။ ယာယီခန့်ထားမည့် ရာထူးနေရာများ၊ နိုင်ငံရေးရာထူး နေရာများ၊ ယခင်အစိုးရဟောင်း တာဝန်ထမ်းဆောင်ခဲ့သူများ၏ ခံစားခွင့်များအသစ်ခန့်ထားမည့် ရာထူးနေရာ၏ လစာနှင့် ခံစားခွင့်များ ဖြစ်ပါသည်။
ပြည်တွင်း လုံခြုံရေးကောင်စီအတွင်းရေးမှူးက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်မတိုင်မီ ပြည် တွင်းလုံခြုံရေးဆိုင်ရာ အခြေအနေများ၊ ခြိမ်းခြောက်မှုများ၊ အားနည်းချက်ပျော့ကွက်၊ ခုခံနိုင်စွမ်းမရှိသော အချက်များကို အစီရင်ခံစာတင်သွင်းရန် ဥပဒေ၌ တိတိကျကျသတ်မှတ်ထားပါသည်။
သမ္မတနှင့် အစိုးရအဖွဲ့၏ လုပ်ငန်းနှင့် လုပ်ခွင့်အာဏာများလွှဲပြောင်းပေးမှုတွင် လုပ်ငန်းသက် သက်သာမကဘဲ လုပ်ငန်းတာဝန်ထမ်းဆောင်သူများလိုက်နာရမည့် ကိုယ်ကျင့်သိက္ခာနှင့်ကျင့်ဝတ်များကိုပါ တိတိကျကျ လွှဲပြောင်းမှုအစီရင်ခံစာများ၌ ဖော်ပြခဲ့ကြသည်ကို တွေ့ရပါသည်။
မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံ၏ပြည်နယ်တစ်ခုအရွယ်ထက် သေးငယ်သော အရွယ်အစားမျှသာရှိသဖြင့် လုပ်ငန်းအားဖြင့် မကြီးမားသော်လည်း အကြောင်းအရာအမျိုးအစား ခေါင်းစဉ်များသည် တူညီမည်ဖြစ်ပါသည်။ မိမိအထွာနှင့် မိမိဆိုသလို မြန်မာနိုင်ငံသည်လည်း အချုပ်အခြာအာဏာပိုင်ဆိုင်သော အမေရိကန် နိုင်ငံကဲ့သို့ နိုင်ငံတစ်ခုဖြစ်ပါသည်။ သို့ဖြစ်၍ ကောင်းမွန်သည့်အချက်များကို ရယူ၍ မိမိနိုင်ငံ အခြေအနေ၊ လူမျိုးယဉ်ကျေးမှုနှင့်ဆီလျော်အောင်ပြုပြင်ပြောင်းလဲကျင့်သုံးသင့်ပါကြောင်း.....။
ရှေ့နေ-မောင်ကံ










