
မက္ကဆီကိုနိုင်ငံ ဆီနာလိုအာပြည်နယ်အုပ်ချုပ်ရေးမှူး ရူဘန်ရိုချာဟာ ဆီနာလိုအာ မူးယစ်ရာဇဝတ် ဂိုဏ်းနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အမေရိကန် တရားရေးဌာနရဲ့ စွပ်စွဲချက်တွေကို ဧပြီ ၂၉ ရက်မှာ ငြင်းဆို လိုက်ပါတယ်။
ဒီစွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာဖြစ်သလို အာဏာရ မိုရေနာပါတီကို တိုက်ခိုက်တာဖြစ်တယ်လို့ X လူမှုကွန်ရက်ကနေ တုံ့ပြန်ထားပါတယ်။
အမေရိကန် တရားရေးဌာနက ရိုချာနဲ့ အရာရှိတချို့ကို စီနာလိုအာကာတယ်အဖွဲ့နဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး တရားစွဲထားတယ်လို့ ဧပြီ ၂၉ ရက်မှာ ကြေညာပါတယ်။
ရိုချာနဲ့ တခြားသူတွေဟာ ဆီနာလိုအာ မူးယစ်ဂိုဏ်း ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေး ထောက်ခံမှုနဲ့ လာဘ်ပေးလာဘ်ယူတွေ အလဲအလှယ်အဖြစ် မူးယစ်ဆေးဝါး အများအပြားကို အမေရိကန်နိုင်ငံထဲ တင်သွင်းဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
တရားရေးဌာနအဆိုအရ ရိုချာဟာ ၂၀၂၁ ခုနှစ်မှာ ဆီနာလိုအာပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံခဲ့ရာမှာ ဟွာကင်း “အယ်လ်ချာပို ဂုဇ်မန်း”ရဲ့ သားတွေ ဦးဆောင်တဲ့ “လော့စ် ချာပီတိုစ်” အဖွဲ့ရဲ့ အကူအညီ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ဟာ ရိုချာရဲ့ ပြိုင်ဘက်တွေကို ပြန်ပေးဆွဲပြီး ခြိမ်းခြောက်ခဲ့သလို အပြန်အလှန်အဖြစ် ရိုချာဘက်က အဖွဲ့ကို အရေးယူမခံရဘဲ လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးပြီး အမေရိကန်ကို မူးယစ်ဆေး ဖြန့်ဖြူးခွင့်ပေးမယ်လို့ ကတိပြုခဲ့တယ်လို့ ဖော်ပြပါတယ်။
ရိုချာကတော့ ဒီစွပ်စွဲချက်တွေဟာ မှားယွင်းပြီး သက်သေပြနိုင်မယ်လို့ ပြောခဲ့သလို၊ သူ့ရုံးဘက်က လည်း တရားဝင် အသိပေးချက် မရသေးဘူးလို့ X ပို့စ်မှာ ဆိုထားပါတယ်။
မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဧပြီ ၂၈ ရက်က လူတချို့ကို လွှဲပြောင်းပေးဖို့ တောင်းဆိုချက်တွေ လက်ခံရရှိခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပေမဲ့ လျှို့ဝှက်ချက်ဖြစ်လို့ ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ထုတ်မပြောပါဘူး။
မက္ကဆီကို ရှေ့နေချုပ်ရုံးကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ မက္ကဆီကိုဥပဒေအရ ဖမ်းဝရမ်း ထုတ်ဖို့အထိ ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိ၊ မရှိ အချက်အလက်တွေကို အရင်ဆုံး စုံစမ်း စစ်ဆေးသွားမှာဖြစ်ပြီး အထောက်အထား ခိုင်လုံမှသာ လွှဲပြောင်းပေးမယ်လို့ ထုတ်ပြန် ထားပါတယ်။
အမေရိကန် သံရုံးကတော့ “ရာဇဝတ်ဂိုဏ်းတွေကို အားပေး အားမြှောက်လုပ်ပြီး ၂ နိုင်ငံလုံးကို ထိခိုက်စေတဲ့ အကျင့်ပျက်ခြစားမှုတွေကို အမေရိကန် ဥပဒေအာဏာ သက်ရောက်တဲ့ နေရာတိုင်းမှာ စုံစမ်းစစ်ဆေးပြီး တရားစွဲမယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီတရားစွဲမှုဟာ သမ္မတ ကလောက်ဒီယာ ရှိမ်းဘောင်းမ်အတွက်လည်း နိုင်ငံရေးဖိအားတခု ဖြစ်လာ ပါတယ်။
အထူးသဖြင့် သူနဲ့ ရိုချာ ၂ ယောက်စလုံးက အာဏာရ မိုရေနာပါတီက ဖြစ်နေသလို ရိုချာဟာ သမ္မတဟောင်း အန်ဒရက်စ် မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါရ်ရဲ့ နီးစပ်သူလည်း ဖြစ်ပါတယ်။
မူးယစ်ဆေးအကြမ်းဖက်မှုတွေ ပြင်းထန်နေတဲ့ ဆီနာလိုအာပြည်နယ်မြို့တော် ကူလီယာကန်မှာတော့ ဒေသခံတွေက ဒီသတင်းအပေါ် အားလျော့တဲ့ သဘောနဲ့ တုံ့ပြန်နေကြပြီး အာဏာရှိသူတွေ တာဝန်ယူဖို့ လိုအပ်တယ်လို့ ပြောဆိုနေကြပါတယ်။
Source:Reuters










