Homeမြန်မာသတင်း ရန်ကုန်တွင် စစ်အာဏာရှင်အစိုးရကို ကြိုဆိုကြောင်း ဝါဒဖြန့်ရန် သင်္ကြန်ပွဲစည်ကားအောင် ပြင်ဆင်
ရန်ကုန်တွင် စစ်အာဏာရှင်အစိုးရကို ကြိုဆိုကြောင်း ဝါဒဖြန့်ရန် သင်္ကြန်ပွဲစည်ကားအောင် ပြင်ဆင်
ရန်ကုန်မြို့မှာ ပြည်သူတွေက အသွင်ပြောင်း စစ်အာဏာရှင် အစိုးရကို ကြိုဆိုတယ်ဆိုတယ်ဆိုပြီး ဝါဒဖြန့်ဖို့အတွက် သင်္ကြန်ပွဲလူစည်ကားအောင် အကွက်ချစီစဥ်နေတယ်လို့ ဌာနဆိုင်ရာသ တင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ပြည်သူတွေက အသွင်ပြောင်း စစ်အာဏရှင်အစိုးရကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ အစိုးအရအဖွဲ့ဝင်တွေနဲ့အတူ ပျော်ရွှင်စွာ ရေဆော့ကစားနေကြတယ်ဆိုပြီး ပုံမှားရိုက်ဝါဒဖြန့်သွားဖို့ ရှိနေတာလို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ထွေအုပ်ဝန်ထမ်းတယောက်က "အသစ်ခန့်လိုက်တဲ့သူတွေက စီစဥ်ထားတဲ့နေရာမှာ ရှိနေသူတွေနဲ့ ရေကစားမဲ့ အစီအစဥ်ရှိတယ်ဆိုတာတော့ သိရတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရ လုပ်မဲ့ သင်္ကြန်ပွဲ ကျင်းပမဲ့နေရာတွေမှာ လူစည်ကားဖို့အတွက် အရပ်သားပြည်သူတွေကို ဝါဒဖြန့်မီဒီယာတွေကတဆင့် စွဲဆောင်စည်းရုံးတာရှိသလို ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း သွားရောက်ရေဆော့ကစားခိုင်းတာတွေ ရှိတယ်လို့လည်း ခရိုင်အဆင့်စည်ပင်ဝန်ထမ်းတယောက်က ပြောပါတယ်။
“လူကြီးတွေက ဝန်ထမ်းတွေ ပျော်ရအောင်လို့ဆိုပြီး ပြောတာပဲ၊ တရားစခန်းဝင်မှာလို့တော့ အကြောင်းပြထားတယ်။”
စစ်အုပ်စုအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကစပြီး မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေ ပြန်ရောက်လို့ ပြည်သူတွေ လွတ်လပ်၊ ပျော်ရွှင်စွာ သင်္ကြန်ပွဲဆင်နွှဲနေတယ်ဆိုတဲ့ ဝါဒဖြန့်ခဲ့တာရှိပါတယ်။
အဲဒီလို ဝါဒဖြန့်နိုင်ဖို့အတွက် သင်္ကြန်ပွဲလုပ်တဲ့ဆီ လှည့်လည် ဆော့ကစားမဲ့သူတွေကို အခကြေးငွေပေးခေါ်တာ၊ ဌာနဆိုင်ဝန်ထမ်းတွေကို ဖိအားပေးသွားရောက်ခိုင်းတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
ပြည်သူအများစုက အာဏာသိမ်းကာလအတွင်း သင်္ကြန်ပွဲစီစဥ်ထားတဲ့ဆီ သွားရောက်တာမရှိဘဲ ရပ်ကွက်လမ်းတွေထဲမှာ ကလေးတွေ ရေဆော့ကစားတာလောက်ပဲရှိခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်သင်္ကြန်ပွဲကို မြို့တော်ခန်းမရှေ့မှာ မြို့တော်ဝန်မဏ္ဍပ်၊ ပြည်သူ့ရင်ပြင်ထဲမှာ ရေ ကစားမဏ္ဍပ်နဲ့ ဘားလမ်း၊ အင်းလျားလမ်းတို့မှာ လမ်းလျှောက်သင်္ကြန်တို့လုပ်သွားဖို့ စီစဥ်ထားတာ ဖြစ်ပါတယ်။
အဲဒီလမ်းလျှောက်သင်္ကြန်လုပ်မဲ့ အင်းလျားလမ်းကိုသင်္ကြန်ရက်မတိုင်ခင် ဧပြီ ၁၂ ရက်ကနေ ၁၆ ရက်အထိ လမ်းပိတ်ထားမှာဖြစ်လို့ ကားတွေကို အခြားလမ်းအသုံးပြုသွား၊လာဖို့ မြို့တော်စည်ပင်က အသိပေးထားပါတယ်။