DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုအစိုးရ၀န်ကြီး ၅ ပုံ ၃ ပုံကျော်ကို ပါတီပြင်ပမှ ခန့်မည်ဟု အန်အယ်လ်ဒီပြော
DVB
·
March 4, 2016
ပြည်ထောင်စုအစိုးရ၀န်ကြီး ၅ ပုံ ၃ ပုံကျော်ကို ပါတီပြင်ပမှ ခန့်မည်ဟု  အန်အယ်လ်ဒီပြော
Donate to DVB

မကြာခင်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ထဲမှာ ပြည်ထောင်စုဝန်ကြီးအရေအတွက်ရဲ့ ၅ ပုံ ၂ ပုံနီးပါးကိုသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရယူပြီး ကျန် ၅ ပုံ ၃ ပုံကျော်ကို အဖွဲ့ချုပ် ပြင်ပက ပုဂ်္ဂိုလ်တွေကို တာဝန်ပေးအပ်မယ်လို့  အဖွဲ့ချုပ်ပြောခွင့်ရ ဦးဝင်းထိန်က ပြောကြား ပါတယ်။

ဒီဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ပါတီတခုက ပါတီပြင်ပကပုဂ္ဂိုလ်တွေကို နေရာပေးခန့်အပ်မှုဖြစ်ပါတယ်။

ဦးဝင်းထိန်က “ပြည်ထောင်စုအဆင့်မှာ ပါမယ့်ဝန်ကြီးတွေရဲ့ ဖွဲ့စည်းပုံက အန်အယ်လ်ဒီက ပုဂ္ဂိုလ်တွေလည်း ပါမယ်၊ ပညာရှင်တွေလည်းပါမယ်။ တခြားပါတီတွေကလည်းပါမယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်ထောင်စုအဆင့်က လူတွေက လူနည်းစုတောင် ဖြစ်နိုင်တယ်။ ၃၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းကြားလောက်ပဲရှိမယ်။ ဒါပေမယ့် အဲဒီအရေအတွက်ကိုတော့ ၆ ရက်နေ့ကျမှ သတ်မှတ်ပြီး ကြေညာမယ်။” လို့ ပြောပါတယ်။

၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦးရခဲ့တာကြောင့် နိုင်ငံအကြီးအကဲသမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်ခွင့်ရှိသလို အစိုးရ အဖွဲ့ကိုလည်း သဘောကျ ခန့်အပ်ခွင့်ရှိပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ နယ်စပ်ရေး ရာဝန်ကြီးတွေကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုချက်ကို ခန့် အပ်ရမှာဖြစ်ပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုက အစိုးရအဖွဲ့တွေမှာလည်း ၀န်ကြီးရာထူး ခန့်အပ်ရာမှာပြည်သူလူထုအကျိုး အဂတိတရားကင်းစင်ပြီး အနစ်နာခံနိုင်တဲ့ သူတွေကို ရွေးချယ်မှာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

သူက “တိုင်းနဲ့ပြည်နယ်အစိုးရကို ၀န်ကြီးချုပ်ခန့်မှာတော့ ကျနော်တို့ခန့်မယ်။ အန်အယ်လ်ဒီ က ခန့်မယ်။ သို့သော်လည်းပဲ ရှမ်းလိုရခိုင်လို ကျနော်တို့ အားနည်းတဲ့နေရာတွေမှာ တခြား ပါတီတွေကလူတွေလည်း ၀န်ကြီးနေရာတွေ ပေးပြီးတော့ ခန့်မယ်။ နောက် ရှမ်းနဲ့ရခိုင်တင် မကဘူး တခြားပြည်နယ်တွေမှာလည်း ပြည်သူလူထုအကျိုးအတွက် သင့်တော်တယ်ဆိုရင် ၀န်ကြီးနေရာတွေမှာ စဉ်းစားဖို့လျာထားတယ်။ အခုလောလောဆယ် ကျနော်တို့က အစိုးရဖွဲ့တဲ့အခါမှာတော့ စေတနာရှိတဲ့သူတွေရယ် အရည်အချင်းရှိတဲ့သူတွေရယ်၊ နောက် အဂတိတရားလိုက်စားမှုအနည်းဆုံး ဖြစ်ရမယ့်လူရယ် ကျနော်တို့ ရွေးတယ်။ ဥပမာဆိုပါတော့ နေရာတခုအတွက် လူတယောက်တည်းကို ဘယ်တော့မှမစဉ်းစားဘူး။ သုံးယောက်၊ လေးယောက်၊ ငါးယောက်။ ပြီးမှ သူတို့ရဲ့အရည်အချင်း၊ သူတို့ရဲ့ နောက်ခံ သမိုင်းတွေ လေ့လာပြီးတော့မှ အသင့်တော်ဆုံးဆိုတဲ့သူတွေ ရွေးတဲ့အတွက်ကြောင့်မို့လို့ ရွေးချယ်မှုစနစ်ကို လျှို့ဝှက်ပြီးတော့ ထားတာ။” လို့ပြောပါတယ်။

“ခင်ဗျားတို့လည်း အားမလိုအာမရဖြစ်တယ်ဆိုတာ သိတယ်။ သို့သော်လည်း ကျနော်တို့ကလည်း ကျနော်တို့မူနဲ့ကျနော်တို့ ထိန်းသိမ်းနေတဲ့အတွက်ကြောင့်မို့လို့ အဲဒါကိုတော့ နားလည်ပေးပါလို့ ပြောချင်တယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။

ရွေးကောက်ပွဲအနိုင်ရ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက နိုင်ငံတော်အကြီးအကဲ သမ္မတရာထူးတာဝန်ထမ်းရွက်ဖို့ လိုလားပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အရ သမ္မတတာဝန်ထမ်းရွက်ဖို့ အဆီးအတားဖြစ်နေပါတယ်။ ခုချိန်ထိတော့ သမ္မတ ဘယ်သူ့ကို လျာထားတယ်ဆိုတာ  ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအုံကြွမှုအပြီး ပေါ်ပေါက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ် ၄၈၅ နေရာအနက် ၃၉၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့်မရယုံတင်မကဘဲ စစ်ကောင်စီက ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ပါတီကို ချိနဲအောင် ဖိနှိပ်တာခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013