
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို သြဂုတ် ၁၈ ရက် မနက် ၇ နာရီဝန်းကျင်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီးကြီး တယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက “ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းမှာ ရှိကြတဲ့ ညောင်ပင်ကြီးတောရွာထဲနဲ့ ကူကောင်းရွာတွေထဲကို စစ်တပ်ဘက်က တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂ စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်သွားပြီးတော့ အမျိုးသမီးတယောက် သေဆုံးသွားပါတယ်။ အဲဒီရွာတွေကို ဗုံးကြဲသွားတဲ့ ဖိုက်တာတွေကပဲ မတ္တရာမြို့နယ် အနောက်တောင်ခြမ်းမှာရှိတဲ့ ဒေါင်းကျွန်းရွာထဲကို ဗုံးထပ်ကြဲသွားပါသေးတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကူကောင်းကျေးရွာက အသက် ၆၃ နှစ်အရွယ် ဒေါ်မာရီ နေရာမှာတင် သေဆုံးခဲ့ရသလို အသက် ၃၀ ကျော် အမျိုးသမီးတယောက်လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး ညောင်ပင်ကြီးတော ကျေးရွာကတော့ ပြည်သူထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။
ရေဘေးအန္တရာယ် အပြင်းအထန်ခံစားနေရတဲ့ ဝက်လက်မြို့နယ်မှာ စစ်အာဏာရှင်တပ်ဘက်က အခုလို လေကြောင်းတိုက်ခိုက်နေတာလို့လည်း ဆိုပါတယ်။
ဝက်လက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ကိုအလင်းရောင်က “အခု လေကြောင်း တိုက်ခိုက်ခံရတဲ့ ရွာတွေဘက်မှာ စစ်တပ်ဘက်က အထိုင်ချထားတာလည်း မရှိဘူး။ စစ်ကြောင်းဝင်တာလည်း မရှိပါဘူး။ အကြောင်းမဲ့သက်သက် ပစ်သွားတာပါ။ ဝက်လက်မြို့နယ် အနောက်ခြမ်းက ပြည်သူတွေက ရေကြီးတဲ့ဒဏ်ကို အပြင်းအထန် ခံစားနေရချိန် ဝက်လက်အရှေ့ခြမ်းက ပြည်သူတွေကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကို အလူးအလဲ ခံစားနေကြရတယ်ဗျ” လို့ ပြောပါတယ်။
ရေဘေးသင့်နေတဲ့ ဝက်လက်မြို့နယ် အနောက်ခြမ်းက ပြည်သူတွေအတွက်လည်း အကူအညီတွေ လိုအပ်နေသလို မကြာခဏ လေကြောင်းတိုက်ခိုက်ခံနေရတဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းက ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို သတိနဲ့နေထိုင်ကြဖို့ တိုက်တွန်းပါတယ်။
ဇူလိုင် ၃၁ ရက်က ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာ ရှိကြတဲ့ ငါးပတ်ချောင်းကျေးရွာ အနောက်မြောက်ဘက်ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အသက် ၇၆ နှစ်အရွယ် ဦးသန်းလွင် ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဇူလိုင် ၃၁ ရက်နဲ့ သြဂုတ် ၂ ရက်နေ့တွေမှာ မင်းကုန်းကြီးကျေးရွာအနီးကိုလည်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်သွားခဲ့ကာ သြဂုတ် ၆ ရက် ညပိုင်းမှာလည်း ကမ်းဖြူကျေးရွာ စာသင်ကျောင်းအနီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာကြောင့် စာသင်ဆောင်အကြီး ၂ ဆောင်နဲ့ ပတ်ဝန်းကျင်က အိမ် ၃ လုံး ပျက်စီးကာ နွား ၁၃ ကောင် သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။











