DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လူနေရပ်ကွက်များ မီးဘေးအကာအကွယ်လိုအပ်နေ
DVB
·
March 4, 2016
ရန်ကုန်လူနေရပ်ကွက်များ မီးဘေးအကာအကွယ်လိုအပ်နေ
Donate to DVB

ရန်ကုန်က ရပ်ကွက်တွေဟာ မီးဘေးအန္တရာယ် အကာအကွယ် သိပ်မရှိကြဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်လွယ်တဲ့ ရာသီကို ရောက်နေပေမယ့် ရန်ကုန်က ရပ်ကွက်တွေထဲမှာ မီးဘေးကာကွယ်ရေး မလုံလောက်သေးသလို မီးလောင်ခဲ့ရင်လည်း အလွယ်တကူ ငြှိမ်းသတ်ဖို့အတွက် လူထုက အဆင်သင့် မဖြစ်သေးဘူးလို့ တာဝန်ရှိသူတွေက ပြောတာပါ။

“တော်တော်များများက ပေါ့ပေါ့ဆဆပဲ နေကြတယ်။ အိမ်မှာသုံးထားတဲ့ ဝိုင်ယာကြိုးတွေ နှစ်ပေါင်းများစွာ သုံးလာရင် လဲရမယ်။ နောက် ဘရိတ်ကာတွေလည်း အမျိုးအစား ကောင်းတာကို လဲဖို့လိုမယ်။ တချို့တွေက ရှော့ခ်ဖြစ်ပေမယ့် ဘရိတ်ကာ မကျတာ ရှိတယ်။ တချို့အိမ်တွေက အလှအတွက် ၀ိုင်ယာကြိုးထုံးတွေကို မျက်နှာကျက်ပေါ်ကို တင်ထားကြတယ်။ အပြင်ကကြည့်ရင် ကောင်းပေမယ့် အပေါ်မှာ ကြွက်ကိုက်ထားရင်လည်း အန္တရာယ်ရှိတယ်” လို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှူး ရဲသူရ ဦးသော်ဒါက ပြောပါတယ်။

အိမ်တွေရဲ့တည်ဆောက်ပုံတွေ၊ လျှပ်စစ်သွယ်တန်းတာတွေဟာ မီးဘေးမှာ အန္တရာယ်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ရပ်ကွက်တွေမှာလည်း မီးသတ်ရေငုတ်တွေ၊ ရေကန်တွေ လုံလောက်အောင် မရှိပါဘူး။

ရပ်ကွက်တချို့မှာတော့ မီးဘေးကာကွယ်ရေးအတွက် လုပ်ဆောင်ထားတာတွေ ရှိပါတယ်။

“သာကေတ ၇ အရှေ့ ရပ်ကွက်မှာဆိုရင် ချမ်းသာတဲ့သူတွေနဲ့ ရပ်ကွက် အထောက်အကူပြု အဖွဲ့တွေကြောင့် အိမ်တိုင်းစေ့ မီးသတ်ဆေးဘူး ရှိကြတယ်။ ပြီးတော့ မင်္ဂလာဒုံမြို့နယ်က စံပြတိုးချဲ့ရပ်ကွက်မှာဆိုရင် ရပ်ကွက်အစီအစဉ်နဲ့ပဲ မီးသတ်ကား ဝယ်ထားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လမ်းတိုင်းကို မီးသတ်ကားနဲ့ဝင်ပြီး မလွတ်တဲ့ သစ်ကိုင်းတွေကို ခုတ်ထားတယ်။ နမူနာယူသင့်တဲ့ ရပ်ကွက်တွေပါ” လို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှူး ရဲသူရ ဦးသော်ဒါက ပြောပါတယ်။

ဒီကာလဟာ အပူချိန်မြင့်မားနေတဲ့အတွက် လူနေရပ်ကွက်တွေဟာ မီးအန္တရာယ် ပိုပြီး ရှိလာနေတာပါ။

“ကျနော်တို့ ရပ်ကွက်ရုံးမှာ မီးသတ်ဆေးဘူးတွေ ရှိပေမယ့် တကယ်ဖြစ်လာရင် မလုံလောက်ဘူးလို့ ပြောရမှာပဲ။ အိမ်တိုင်းမှာ ရှိဖို့သင့်ပါတယ်။ ပြီးတော့ လမ်းတွေပြင်တဲ့ အတွက် မီးသတ်ရေငုတ်တွေ မရှိတော့တာကိုလည်း တာဝန်ရှိသူတွေက လုပ်ပေးဖို့ လိုပါတယ်။ နောက် လမ်းတွေမှာ အဝီစိတွင်းတွေ ရှိသင့်ပါတယ်။ ကျနော်တို့မှာတော့ အဝီစိတွင်းနဲ့ ရေကန်တွေ လုပ်ထားပါတယ်”လို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းမှာ အခု ၂၀၁၆ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလက မီးအကြိမ်ပေါင်း ၄၆ ကြိမ် လောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013